လိုင်ချီးပင်ကို အင်္ဂလိပ်အမည် Litchi သို့မဟုတ် Lychee ဟုခေါ်သည်။ ရုက္ခဗေဒအခေါ် Litchi Chinensis ဖြစ်၍ Sapindaceae မျိုးရင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ လိုင်ချီးသီး၊ လိုက်ချီးသီး ဟုခေါ်ကြသည်။ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နယ်နှင့် သီပေါ မြို့နယ်တို့၌ အများဆုံးစိုက်ပျိုးကြသည်။ လိုင်ချီးသီးကို လတ်လတ်ဆတ်ဆတ် အဆာပြေ သစ်သီးအဖြစ် စားသုံးကြသကဲ့သို့ ရေခဲမုန့်၊ ကျောက်ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုင်ချီးသီးသံဘူး၊ လိုင်ချီးသီးခြောက် စသည်ဖြင့် စားသုံးကြသည်။ လတ်ဆတ်သော လိုင်ချီးသီးများကို အခန်းအပူချိန်တွင်ထားပါက ငါးရက်ခန့်ခံသည်။ လိုင်ချီးသီးကို ကြာကြာခံစေရန် ရေခဲသေတ္တာထဲထည့်သိမ်းပါက နှစ်ရက်ခန့် အကြာတွင် အညိုရောင် ပြောင်းသွားတတ်သည်။ အရောင်ပြောင်းသော်လည်း အနံ့၊ အရသာ ပျက်စီးမှုမရှိသဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည်။ ပြည်ပ နိုင်ငံများ၌ ခေတ်မီတိုးတက်သော နည်းပညာများဖြင့် လိုင်ချီးသီးမှ ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်လ်၊ လိုးရှင်း၊ ပေါင်ဒါ စသည့် အလှကုန်ပစ္စည်း အမျိုးမျိုးတို့ကို ထုတ်လုပ်ကြသည်။
လိုင်ချီးသီးတွင် လူသားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ် မြောက်မြားစွာရှိပါသည်။ ၁၉၀ ဂရမ် အလေးချိန်ရှိသော လိုင်ချီးသီးတစ်ခွက်စာ ပမာဏထဲတွင် Methionine သုည ဒသမ ၀၁၇ ဂရမ်၊ လိုင်ဆင်း သုည ဒသမ ၀၇၈ ဂရမ်၊ Tryptophan သုည ဒသမ ၀၁၃ ဂရမ်၊ Polyunsaturated ဖက်တီးအက်စစ် သုည ဒသမ ၂၅၁ ဂရမ်၊ Monounsaturated ဖက်တီးအက်စစ် သုည ဒသမ ၂၂၈ ဂရမ်၊ ဗီတာမင် K သုည ဒသမ ၈ မိုက်ခရိုဂရမ်၊ ဗီတာမင် E သုည ဒသမ ၁၃ မီလီဂရမ်၊ ဗီတာမင် B ၆၀ ဒသမ ၁၉ မီလီဂရမ်၊ နီအာစင်း ၁ ဒသမ ၁၄၆ မီလီဂရမ်၊ ခွန်အား ၁၂၅ ကယ်လိုရီ၊ ရေဓာတ် ၁၅၅ ဒသမ ၃၄ ဂရမ်၊ ပရိုတင်း ၁ ဒသမ ၅၈ ဂရမ်၊ ကစီဓာတ် ၃၁ ဒသမ ၄၁ ဂရမ်၊ သကြားဓာတ် ၂၈ ဒသမ ၄၉ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၂ ဒသမ ၅ ဂရမ်၊ ကယ်လ်စီရမ် ၁၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၉ မီလီ ဂရမ်၊ သံဓာတ် သုည ဒသမ ၅၉ မီလီဂရမ်၊ ဗီတာမင်စီ၊ စီလီနီယမ်၊ ဇင့်၊ ကော့ပါး၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ဖော့စဖရပ်စ် နှင့် မဂ္ဂနီစီယမ် အသီးသီး ပါရှိပါသည်။ လိုင်ချီးသီး၏ ကောင်းကျိုးများမှာ လိုင်ချီးသီးသည် ခန္ဓာကိုယ်အတွက် ခွန်အားများကို တိုးပွားစေနိုင်ပြီး ကိုယ်ခံအား တိုးတက်မြင့်မားစေသည်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်နေသော ရေဓာတ် ကိုလည်း ဖြည့်တင်းပေးနိုင်သည်။
လိုင်ချီးသီးထဲတွင် Citrus အက်စစ်ကဲ့သို့သော ဗီတာမင်စီ ၄၀ ရာခိုင်နှုန်းခန့် ပါရှိရာ လိမ္မော်သီးထဲတွင် ပါဝင်မှု ပမာဏ ထက်ပိုများသည်။ ထို့ကြောင့် ခန္ဓာကိုယ်တွင် ကောင်းကျိုး မပြုသော Free Radical များကို တိုက်ထုတ်ပေးနိုင်သည်။ အကျိုးဆက်အနေဖြင့် ကုသရန် ခက်ခဲသော ကင်ဆာများအတွက် လိုင်ချီးသီးက ကောင်းကျိုးပြုသည်။ အမေရိကန် ပြည်ထောင်စုရှိ National Institutes of Health(NIH) ၏သုတေသနပြုချက်အရ လိုင်ချီးသီးက ကင်ဆာဆဲလ်များ ကြီးထွားလာမှုကို ဟန့်တားပေးနိုင်ကြောင်း၊ အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း လေ့လာသိရှိရသည်။ လိုက်ချီးသီးထဲတွင်ပါဝင်သော ဘီတာကယ်ရိုတင်း ပမာဏသည် မုန်လာဥနီထက် ပိုများသည်။ လိုင်ချီးသီးသည် အစာကျေစေပြီး ဆီးရွှင်စေသည်။ လိုင်ချီးသီး တစ်ခွက်စာ ပမာဏထဲတွင် ပါရှိသော ပိုတက်ဆီယမ်သည် လိမ္မော်သီး အသေး တစ်လုံးထဲတွင် ပါရှိမှုထက်ပိုသည်။ လိုင်ချီးသီးတွင် ကော့ပါး ဓာတ်များ အလုံအလောက် ပါရှိခြင်းကြောင့် သွေးနီဥများကို ထုတ်လုပ်ပေးနိုင်သဖြင့် သွေးအားကောင်းစေသည့် အပြင် ခွန်အား တိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့် သက်ကြီးရွယ်အိုများ စားသုံးသင့်သည်။
လိုင်ချီးသီးသည် လူသားတို့ ကျန်းမာရေးအတွက် ညီညွတ်မျှတစွာ စားသုံးပါက ဘေးထွက် ဆိုးကျိုးမရှိပေ။သို့သော် အမှည့်လွန်အသီးများတွင် အချဉ်ဓာတ်ပေါက်သည့် အရသာရှိ၍ လတ်ဆတ် သောအသီးများကိုသာ စားသုံးသင့်သည်။ အစာမရှိပဲ လိုင်ချီးသီးစားသုံးခြင်းကို ရှောင်ကြဉ်သင့် သည်။ အချုပ်အားဖြင့်ဆိုသော် နိုင်ငံတကာ သိပ္ပံပညာရှင်များက လိုင်ချီးသီး၏ ဆေးဖက်ဝင်ပုံများကို ရှုထောင့်အမျိုးမျိုးမှ လေ့လာစမ်းသပ်ကာအသေးစိတ် ဖော်ထုတ်နိုင်ခဲ့ကြသည်။ ထို့ကြောင့်ယခု ကဲ့သို့ မိုးရာသီတွင် ပေါ်သည့် လိုင်ချီးသီးကို လတ်လတ်ဆတ်ဆတ် ရွေးချယ်၍ အစာလည်း ဆေး၊ ဆေးလည်း အစာအဖြစ် စားသုံးနိုင်ကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ကယား)
