ပြည်ပပို့ကုန်တိုးမြှင့်ဖို့  ပဲတီစိမ်းသီးနှံ တိုးချဲ့စိုက်ပျိုးစို့

Powered by Drupal
Fri, 05/29/2026 - 14:53 -- consumer_admin

 

ပဲတီစိမ်းကို အင်္ဂလိပ်ဘာသာဖြင့် (Mung bean / Green gram) ဟုခေါ်တွင်ပြီး ရုက္ခဗေဒ သိပ္ပံအမည်မှာ Vigna radiata (L) Wilczek ဖြစ်ပါသည်။ ပဲတီစိမ်းစိုက်ပျိုးရာဒေသများမှာ မြန်မာနိုင်ငံ အတွင်းရှိ လယ်ယာမြေကျယ်ဝန်းသော ဧရာဝတီတိုင်းဒေသကြီး၊ အပူချိန်မြင့်ပြီး မိုးရေချိန် လုံလောက် သော စစ်ကိုင်းတိုင်းဒေသကြီး၊ ရာသီဥတုပူပြင်းခြောက်သွေ့ပြီး မိုးနည်းဒေသဖြစ်သော မကွေးတိုင်း ဒေသကြီး၊ ရေရှားဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီးတို့တွင် အဓိကအများဆုံး စိုက်ပျိုးကြပါ သည်။

ရာသီဥတု နှင့် မြေအမျိုးအစား

ပဲတီစိမ်းစိုက်ပျိုးရန်သင့်တော်သည့် ရာသီဥတုမှာ အပူချိန် (၂၅ - ၃၅)စင်တီဂရိတ် ဖြစ်ပြီး မြေ အမျိုးအစားမှာ သဲမြေ၊ သဲလွန်မြေတို့ဖြစ်ပါသည်။ ၎င်းမြေအမျိုးအစားများသည် ရေစိမ့်ဝင်မှု မြန်၍ လေဝင်လေထွက်ကောင်းပါသည်။ သဲပါဝင်မှုများပြီး မြေမှုန်နည်းသည့်အတွက် မကျစ်လစ်ဘဲ လွယ်လင့်တကူ ပြိုလဲသွားနိုင်သည့် အမျိုးအစားဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရလွယ်ကူ၍ ရေမတည်သောကြောင့် အမြစ်ကြီးထွားရန် အဆင်ပြေသော မြေအမျိုးအစားဖြစ်သည်။

စိုက်ပျိုးချိန်

ပဲတီစိမ်းကို မိုးရာသီအစဖြစ်သည့် မေလ နှင့် ဇွန်လ တို့တွင် စိုက်ပျိုးပြီး ဇူလိုင် နှင့် ဩဂုတ်လ များတွင် ရိတ်သိမ်းကြသည်။  မိုးအပြီး စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် အများဆုံး စိုက်ပျိုးကြပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ရိတ်သိမ်းကြသည်။ နွေရာသီ ဖေဖေါ်ဝါရီနှင့် မတ်လများတွင်လည်း ရေသွင်းစနစ်ဖြင့် စိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ မိုးနည်းဒေသ များ၌ မိုးကျပြီး မြေစိုဓာတ်ရှိနေသေးသောအချိန်တွင် စိုက်ပျိုးလျှင် ရောဂါနည်းပြီး အထွက်နှုန်း ကောင်းနိုင်ပါသည်။

အမျိုးအစားများ

မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ပဲတီစိမ်းအမျိုးအစားများမှာ ရေဆင်းမျိုး၊ ဒေသခံမျိုးနှင့် ထွက်နှုန်းမြင့်မျိုး ဟူ၍ ()မျိုးအုပ်စုခွဲပြီး စိုက်ပျိုးကြသည်။ ရေဆင်းမျိုးများသည် အထွက်နှုန်း မြင့်သောကြောင့် လယ်သမားများ အများဆုံး ရွေးချယ်စိုက်ပျိုးသောမျိုးဖြစ်သည်။

စိုက်ပျိုးနည်း

ပဲတီစိမ်းစိုက်ပျိုးနည်းများမှာ မျိုးစေ့ကို ပက်ဖြန်းစိုက်နည်း၊ တန်းစိုက်နည်းနှင့် အလှည့်ကျ စိုက်နည်း၊ တွဲစိုက်နည်း၊ မိုးအခြေပြု/ရေသွင်းစနစ်စိုက်ပျိုးနည်း ဟူ၍ အဓိကစိုက်နည်း ()မျိုး ရှိပါသည်။ပက်ဖြန်းစိုက်နည်းမှာ အချိန်ကုန်သက်သာပြီး လုပ်ရကိုင်ရလွယ်ကူသောကြောင့် တောင်သူ အများစုအသုံးပြုကြသည်။ အပင်တန်းမညီမှု၊ အထွက်နှုန်းလျော့နည်းမှုများ ဖြစ်နိုင်သည်။ တန်းကြား စိုက်နည်းမှာ အပင်အကွာအဝေးညီညာပြီး မြေဆီ၊ ရေ စိမ့်ဝင်မှုအားကောင်း၍ အထွက်နှုန်းမြင့်ပါသည်။

အလှည့်ကျစိုက်နည်းမှာ စပါးရိတ်သိမ်းပြီးချိန်တွင် ပဲတီစိမ်းကို ဆက်လက်စိုက်ပျိုးခြင်း ဖြစ်သည်။ မြေကို မလွတ်အောင်စိုက်ပျိုးနိုင်ပြီး မိသားစု ဝင်ငွေတိုးစေနိုင်ပါသည်။ တွဲစိုက်နည်းမှာ နှမ်း၊ ပြောင်းတို့နှင့်တွဲ၍ သီးညှပ်စိုက်ပျိုးခြင်းဖြစ်သည်။ မြေဆီဓာတ်အားကောင်းပြီး ပိုးမွှားအန္တရာယ် လျော့ပါးစေနိုင်သည်။ မိုးအခြေပြုနည်းမှာ မိုးရေကိုသာ အဓိက အားထားစိုက်ပျိုးရသောကြောင့် မိုးနည်းဒေသများတွင် အမျိုးဆုံးစိုက်ပျိုးကြပါသည်။ ရေသွင်းစိုက်နည်းမှာ ချောင်းရေ၊ မြစ်ရေ၊ အင်းအိုင်များနှင့် အနီးပတ်ဝန်းကျင်တွင် စိုက်ကြပြီး နွေရာသီတွင် အများဆုံး စိုက်ပျိုးကြပါသည်။

အပင်ပြုစုနည်း

          ပဲတီစိမ်းကို အထွက်နှုန်းကောင်းစေရန်အတွက် စိုက်ပျိုးပြီး(-)ပတ်အတွင်း ပေါင်းမြက်များ ဖယ်ရှားရသည်။  လေဝင်/လေထွက်နှင့် ရေစီးဆင်းမှုကောင်းအောင် ပြင်ဆင်ခြင်း၊ ရေလောင်းခြင်းကို စိုက်ပြီးချိန်၊ ပန်းပွင့်ချိန်နှင့် သီးဖွဲ့ချိန်များတွင် ရေသွင်းပေးရသည်။ ရေများလွန်းရင် အမြစ်ပုပ် တတ်သဖြင့် ရေကို ဂရုစိုက်သွင်းပေးရသည်။ မြေဆီ နှင့် အာဟာရများ အချိုးညီစွာ အသုံးပြုလျှင် မျိုး၊ မြေ၊ ရေ နှင့်  ပိုးမွှားကာကွယ်မှုများမှန်ကန်လျှင်  အထွက်နှုန်းကောင်းပြီး အရည်သွေးမြင့်သော ပဲတီစိမ်းများထွက်ရှိနိုင်မည်ဖြစ်သည်။  ‌

ရိတ်သိမ်းနည်း

          ပဲတီစိမ်းစိုက်ပျိုးပြီး ရက်ပေါင်း(၆၀-၉၀)အကြာတွင် ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းရာတွင် အနည်းငယ်စိုက်ပျိုးသော တောင်သူများအတွက် လက်ဖြင့် ရိတ်သိမ်းပြီး တောင်သူကြီးများနှင့် အလုပ်သမားအခက်အခဲရှိသော နေရာများတွင်  စက်ဖြင့်ရိတ်သိမ်းပါသည်။ အစိုဓာတ် လျော့နည်း ရန်နှင့် သိုလှောင်ရလွယ်ကူစေရန် ရိတ်သိမ်းပြီး(-)ရက်ကြာအောင် နေပူထဲ လှန်းထားရသည်။ ခြောက်သွားလျှင် ပဲစေ့ကို  လက်ဖြင့် ပုတ်ခြင်း၊ စက်ဖြင့် ခွဲထုတ်ခြင်းပြုလုပ်ပါသည်။ မိုးရာသီတွင် မိုးမကျခင်ရိတ်သိမ်းရန်လိုပြီး အလွန်ခြောက်သွားလျှင် ပဲစေ့များမာ၍ အရောင်မည်းသွားနိုင်သည်။ ပဲစေ့အိတ်များ မပြည့်စုံသေးလျှင်()ကြိမ်ခွဲ၍လည်း ရိတ်သိမ်းနိုင်ပါသည်။

ဈေးနှုန်း/ဈေးကွက်

          ယခုနှစ်တွင် ပဲတီစိမ်းစိုက်ပျိုးချိန်၌ မိုးရွာသွန်းနေသောကြောင့် စိုက်ပျိုးချိန် နောက်ကျ၍ အထွက်နှုန်းလျော့ပြီး  ဈေးကောင်းနိုင်တယ်ဟု ပဲစိုက်တောင်သူများမှ သုံးသပ်ကြပါသည်။ ပြည်တွင်း စိုက် ပဲတီစိမ်းကို ပြည်ပပို့ကုန်အဖြစ် အိန္ဒိယ၊ တရုတ်၊  ဥရောပ နှင့် အာရှနိုင်ငံအချို့သို့ တင်ပို့နေကြောင်း သိရှိရပါသည်။ လက်ရှိအချိန် ၂၀၂၆ခုနှစ်၊ မေလ(စတုတ္ထပတ်)တွင် တောင်သူဈေးကွက်မှာ ပဲတီစိမ်း တစ်တင်း လျှင်(၁၀၀၀၀ဝ မှ ၁၀၃၀၀ဝ) ကျပ်ဝန်းကျင်ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရ ပါသည်။

 

အကြံပြုချက်

          ပြည်ပပို့ကုန် ပဲတီစိမ်းကို အထွက်နှုန်းကောင်းပြီး အရည်အသွေးမြင့်မားစေရန် မြေရွေးချယ် ခြင်း၊ စိုက်ချိန် ရွေးချယ်ခြင်း၊  မျိုးစေ့ရွေးချယ်ခြင်း၊  စိုက်ပျိုးနည်း၊ ရေသွင်းစနစ်၊ ဓာတ်မြေ ဩဇာ အသုံးပြုပုံ၊ ပိုးမွှားနှင့်ရောဂါကာကွယ်ခြင်း၊ ရိတ်သိမ်းစီမံခန့်ခွဲမှုစနစ်များကို နည်းလမ်း မှန်မှန် ဖြင့် လိုက်နာလျှင် တောင်သူများအတွက် အကျိုးအမြတ်များစွာ ရရှိမှာဖြစ်ပါသည်။ ပြည်ပဝင်ငွေ ရရှိရေးအတွက် ဈေးကွက်အလားအလာကောင်းသော ပဲတီစိမ်းသီးနှံကို နှစ်စဉ်မပြတ်တိုးချဲ့ စိုက်ပျိုး သင့်ပါကြောင်း အကြံပြု ရေးသားတင်ပြလိုက်ပါသည်။

DOCA(မကွေး)