
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြကြောင်း၊ ခရမ်းသီးနှံကို ကျောက်ဆည်မြို့နယ် ငယ်တိုး၊ရန်ပုံနှစ်နှင့်ကြက်ဆင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် ခရမ်းသီး အလုံးသေးမျိုးနှင့်(၅၅၅)မျိုးများကို စိုက်ပျိုးကြကြောင်းသိရှိရပါသည် ။ ခရမ်းပင် စိုက်ပျိုးမည်ဆိုပါက ပထမဦးဆုံး ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရ ကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး(၂-၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊(၄)ရက် ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းပိုလာ ကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် ပိဿာ (၁၀၀-၁၅၀)အထိ ထွက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအတွင် (၁၅၀၀၀၀၀/-)ကျပ် ကုန်ကျ ကြောင်း၊ စတင်ခူးဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ ခရမ်းသီးထွက်ရှိမှု စုစုပေါင်း (၁၅၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီး တစ်ပိဿာလျှင် ဖောက်သည်ဈေးအနေဖြင့်(၁၂၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ကုန်စိမ်းပွဲစား များမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၂၀၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် ခရမ်းသီးကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
