မုံရွာမြို့မှ လာလျှင် စစ်ကိုင်းမြို့အဝင် ကောင်းမှုတော်စေတီတော်ကြီးအလွန် မော်တော်ကား လမ်းဘေးတစ်ဘက်တစ်ချက်တွင် ဝယ်ချင့်စဖွယ်လက်ရာမျိုးစုံစွာ ကြိမ်ထည်ပစ္စည်းများကို ချိတ်ဆွဲခင်းကျင်းထားသည်ကို တွေ့ရသည်။ အနုပညာလက်ရာမြောက်လှသော ကြိမ်ချောထည်ပစ္စည်းများက ဝယ်သူများကို ဆွဲဆောင်လျက်ရှိပါသည်။ မန္တလေးမြို့က လာမည်ဆိုလျှင် ငွေထည်လက်မှု အနုပညာလုပ်ငန်းနှင့် နာမည်ကြီးသော ရွာထောင်ရပ်ကွက် ငွေထည်အနုလက်ရာ ပစ္စည်းအရောင်းဆိုင်ကြီးများကို ဖြတ်ကျော်ပြီးနောက် ကောင်းမှုတော်စေတီတော်ကြီး မရောက်မီတွင် အဆိုပါ ကြိမ်ထည်ပစ္စည်း အရောင်းဆိုင်များကို တွေ့ကြရမည်ဖြစ်ပါသည်။ စစ်ကိုင်းမြို့သည် မြန်မာ့အနုပညာလက်ရာ ကြိမ်ထည် ပစ္စည်းမျိုးမျိုးဖြင့် နာမည်ကျော်ကြားလှပါသည်။
ကြိမ်သမိုင်းကြောင်း တစ်စေ့တစ်စောင်း
ကြိမ်သည် သဘာဝပေါက်ပင်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာမှ (ခရစ်တော်ပေါ်ပြီး နှစ် ပေါင်းတစ်ရာကျော်) ကြိမ်၏စွမ်းရည်ကို သိလာကြကာ လူသုံးကုန်ပစ္စည်းအဖြစ် တရုတ်ပြည်နှင့် အိန္ဒိယပြည်တွင် စတင်သုံးစွဲလာကြသည်။ တရုတ်နှင့် အိန္ဒိယပြည်တွင် စတင်အသုံးပြုသော ကြိမ်ပရိဘောဂများကို ကမ္ဘာ့အနောက်ခြမ်းဒေသသို့ စတင်ရောင်းချသဖြင့် ကမ္ဘာ့အရပ်ရပ်သို့ ပျံ့နှံသွားခဲ့ပါသည်။
မြန်မာကြိမ်
ကြိမ်ဟူသော ဝေါဟာရသည် မြန်မာဝေါဟာရဖြစ်ပြီး အင်္ဂလိပ်အခေါ် CANE ဟုလည်းကောင်း၊ RATTAN ဟုလည်းကောင်း ခေါ်ဝေါ်ပါသည်။ ကမ္ဘာပေါ်တွင် ကြိမ်အမျိုးပေါင်း ၃၇၅ မျိုးရှိရာ မြန်မာနိုင်ငံ၌ ၃၄ မျိုးခန့်ရှိပြီး ကုန်းပေါ်တွင်ပေါက်သော ကုန်းကြိမ်နှင့် ရေစပ်တွင် ပေါက်သော ရေကြိမ်ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ကုန်းကြိမ်သည် ပင်စည်ကြီးပြီး ရေကြိမ်သည် နွယ်ဆန်သည့်အပင်မျိုးဖြစ်ကာ ပင်လုံးသေးပါသည်။ မြန်မာနိုင်ငံတွင် ကြိမ်ပေါက်ရောက်ရန် ရေမြေတောတောင်သဘာဝ ရာသီဥတုနှင့် ကိုက်ညီသော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးပေါက်ရောက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပေါက်ရောက်သော ကြိမ်အမျိုးအစားများ
မြန်မာနိုင်ငံတွင် ပေါက်ရောက်သော ကြိမ်အမျိုးအစားများမှာ သိုင်းကြိမ်၊ နွံကြိမ်၊ ကြိမ်ခါး၊ လက်ပံကြိမ်၊ ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူလေးခေါ် ထားဝယ်ကြိမ်၊ ရမထာကြိမ်၊ ကပေါင်းကြိမ်၊ သာပေါင်းကြိမ်၊ လက်မဲကြိမ်၊ ကြိမ်ပုတ်၊ ဂရေလီကြိမ်၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်၊ အူပွ ကြိမ်၊ ဆင်ကြိမ်၊ ဝါးအူကြိမ်၊ ကြာနှာမောင်း၊ ကြိမ်နီကြီး၊ တိုက်ကြိမ်၊ ကလာကြိမ်၊ သောင်ကြိမ်၊ စန်းသော် ကြိမ်၊ ကြက်ဥကြိမ်၊ ကြိမ်မဲ၊ မျောက်ချေးကြိမ်၊ ကြိမ်တက်၊ ကြိမ်စိမ်း၊ ကြိမ်ဖြူ၊ခါးဆက်ကြိမ်၊ နောက်ကြော ကြိမ်၊ လက်ဝါးကြိမ်များဖြစ်ကြသည်။ ရေကြိမ်၊ ကြိမ်နီနှင့် ကြက်ဥကြိမ်တို့ကို လက်မှုအနုပညာပစ္စည်းများ ထုတ်လုပ်ရာတွင် အများဆုံးအသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် အသုံးများသော ကြိမ်များ
မြန်မာနိုင်ငံတွင် အသုံးအများဆုံးကြိမ်မှာ သိုင်းကြိမ်၊ ရေကြိမ်၊ ကြိမ်နီ၊ ကြိမ်ဖြူကလေး၊ ရမထာကြိမ်၊ ကပေါင်းကြိမ်၊ သာပေါင်းကြိမ်၊ လက်မဲကြိမ်၊ ကြိမ်ပုတ်၊ ဂရေလီကြိမ်၊ ကြိမ်ခါး၊ ဝါးပိုးကြိမ်၊ ကြိမ်ဖန်နှင့် ကြက်ဥကြိမ်တို့ဖြစ်သည်။ ကြိမ်ထည်ပရိဘောဂလုပ်ငန်းတွင် အသုံးပြုသည့် ကြိမ်အမျိုးအစားများမှာ ကြိမ်ပေါင်းခေါ် ကြိမ်နှာမောင်း၊ ရမထာကြိမ်၊ ကြက်ဥကြိမ်နှင့် ရေကြိမ်တို့ ဖြစ်သည်။ ပရိဘောဂပြုလုပ်ရန် လိုအပ်သော စက်ကိရိယာများမှာ ကြိမ်ဖြောင့်စက်၊ နန်းဆွဲစက်နှင့် အခွံချွတ်စက်တို့ ဖြစ်သည်။
ထုတ်လုပ်ပုံအဆင့်ဆင့်
ကြိမ်ထည်ပစ္စည်းများ မပြုလုပ်မီ အသုံးပြုမည့် ကြိမ်ချောင်း၊ ကြိမ်လုံးများကို အညစ်အကြေးကင်းစင်ရန်အတွက် ဓားဖြင့် ဦးစွာခြစ်၍ အဆစ်သတ်ရသည်။ ကြိမ်လုံးပတ် အကြီး/ အသေးပေါ်မူတည်၍ ဓားခုံတွင် လေးပင်မှ ခြောက်ပင်အထိ စိတ်ယူရသည်။ ကြိမ်လုံးများကို အစိတ်သေးသေးလေး ရအောင်ခွဲစိတ်ပြီးနောက် နန်းခံနှင့် သုံးကြိမ်ခန့် နမ်းစွဲရသည်။ သို့မှသာ ကြိမ်အစိတ်ကလေးများ အရွယ်ညီသွားမည်ဖြစ်သည်။ နန်းဆွဲထားသည့်ကြိမ်များ အရွယ်ချင်းတူရန် နန်းတိုက်သည်ဟုခေါ်သည်။ ခွဲစိတ်ပြီး ကြိမ်များ၏ အလယ်အူကို ဆွဲထုတ်၍ အကြောသာ ကျန်အောင် ထပ်မံပြုလုပ်ရသည်။ ထို့သို့ ပြုလုပ်ခြင်းဖြင့် ကြိမ်ပင်များ ပျော့ပျောင်းပြီး ကွေးညွှတ်၍ လိုအပ်သလို ပုံဖော်နိုင်ရန်ဖြစ်ပါသည်။
တန်ဖိုးမြှင့် ကြိမ်ထည်ပရိဘောဂများ
ပြည်တွင်းကြိမ်များကိုအသုံးပြုပြီး ဆန်းသစ်လှပသည့် ဒီဇိုင်းဖြင့် ကြိမ်ပရိဘောဂပစ္စည်းများ၊ ဈေးကွက်အတွင်း အရောင်းသွက်ကြောင်း သိရသည်။ ကြိမ်အချောထည်ပရိဘောဂပစ္စည်းများကို ယခင်က ထိုင်း၊ စင်ကာပူ၊ သြစတြေလျနှင့် ဆွစ်ဇာလန်နိုင်ငံများသို့ တင်ပို့နိုင်ကြောင်း သိရသည်။ လက်ရှိအရောင်းသွက်နေသော တန်ဖိုးမြှင့်ကြိမ်အချောထည် ပရိဘောဂပစ္စည်းများမှာ ဈေးအသီးသီးရှိပြီး မိမိကြိုက်နှစ်သက်ရာဒီဇိုင်းဖြင့် အပ်နှံပါက လက်ခံဆောင်ရွက်ပေးကြောင်း သိရသည်။
ထုတ်ကုန်များနှင့် ဈေးကွက်ကွင်းဆက်
ကြိမ်ထုတ်ကုန်များကို ထုတ်လုပ်သည့် နည်းလမ်းမှာ နှစ်နည်းရှိသည်။ ပထမနည်းမှာ အိမ်တွင်းမှု့လုပ်ငန်းအနေဖြင့် ထုတ်လုပ်သည့် နည်းစနစ်ဖြစ်သည်။ ဤနည်းတွင် ထုတ်လုပ်သူများသည် ထုတ်ကုန်ပစ္စည်းများကို ၎င်းတို့၏ မိသားစုဝင်လုပ်အား၊ လုပ်သားများဖြင့် ထုတ်လုပ်ပြီး ထုတ်ကုန်ပစ္စည်းများကို ဒေသတွင်းရှိ ဈေးကွက်/ပွဲစားများ သို့မဟုတ် ပြည်ပပို့ကုန်လုပ်ငန်း ကုမ္ပဏီများသို့ ရောင်းချကြသည်။ ဒုတိယနည်းမှာ ကုမ္ပဏီထုတ်လုပ်သည့်စနစ် သို့မဟုတ် ကုမ္ပဏီ ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်သည့်နည်းတို့ဖြစ်သည်။ ထုတ်လုပ်သူအများစုနှင့် ကုမ္ပဏီများတွင် ကြိမ်ပစ္စည်းများ ထုတ်လုပ်ရန်၎င်းတို့၏ ကိုယ်ပိုင်အလုပ်သမားများနှင့် စက်ရုံများရှိသည်။ လတ်တလောဝယ်လိုအားနှင့် ဈေးနှုန်းများပေါ်မူတည်၍ ကြိမ်ထုတ်ကုန်များကို ပြည်တွင်းဈေးကွက် သို့မဟုတ် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချကြသည်။ ကြိမ်ကိုအသုံးပြု၍ မြန်မာ့ရိုးရာ လက်မှုပညာများအဖြစ် လူ့အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ ဟိုတယ်အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို ပြုလုပ်ကြသည်။
စစ်ကိုင်းမြို့မှ မြန်မာ့ကြိမ်ထည်များ မျက်နှာပန်းလှလာ
မြန်မာ့လက်မှုပညာဖြင့် ကြိမ်ထည်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချသော စစ်ကိုင်းမြို့နယ် မကျည်းစဉ်ကျေးရွာတွင် ကြိမ်လုပ်ငန်းလုပ်ကိုင်သူ ၆၀ ဦးခန့်ရှိပြီး၊ မန္တလေး-စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်ရှိ ကားလမ်းဘေး တစ်ဖက်တစ်ခက်တွင် ဝယ်ချင့်စဖွယ်လက်ရာမျိုးစုံ ကြိမ်ထည် ပစ္စည်းများကို ချိတ်ဆွဲ၊ ခင်းကျင်းထားသည့် ကြိမ်အချောထည်ပစ္စည်းအရောင်းဆိုင် (၇) ဆိုင် ရောင်းချလျက်ရှိသည်။ အနုပညာလက်ရာမြောက်လှသော ကြိမ်ချောထည်ပစ္စည်းများက ဝယ်သူများကို ဆွဲဆောင်လျက်ရှိနေသည်။ စစ်ကိုင်းမြို့သည် မြန်မာ့အနုပညာလက်ရာ ကြိမ်ထည်ပစ္စည်း အမျိုးမျိုးဖြင့် နာမည်ကျော်ကြားလှသည်။
ကုန်ကြမ်းရရှိမှုအခြေအနေ
ကြိမ်ကုန်ကြမ်းကို ယခင်က ကချင်ပြည်နယ်သို့ ကိုယ်တိုင်ကိုယ်ကျသွား၍ သွားရောက်ဝယ်ယူစဉ်က ကြိမ်တစ်လုံးလျှင် ၅၀၀ ကျပ်ပေးရပြီး ကြိမ်တစ်စီးလျှင် ကြိမ်လုံးရေ (၂၀၀)ပါရှိကာ (၁၀၀၀၀၀)သိန်းဖြင့် ဝယ်ယူရပါကြောင့် ယခုတွင် ကချင်ပြည်နယ်မှကြိမ်သည် ကြိမ်တစ်လုံး လျှင် (၁၂၀၀) ကျပ် ၊ကြိမ်တစ်စီးလျှင် ကြိမ်လုံးရေ (၂၀၀)ပါရှိပြီး (၂၄၀၀၀၀) ကျပ်ပေးရပါကြောင်း၊ ယခုလက်ရှိတွင် ပုသိမ်မှထွက်ရှိသည့် ကြိမ်နီ၊ ရေကြိမ်များကိုသာ အသုံးပြုပါကြောင်း၊ ကြိမ်နီသေး တစ်လုံးလျှင် ၅၀၀ /၇၀၀ ကျပ်ပေးဝယ်ရပြီး ကုန်ချောပစ္စည်းများကို မြန်မာပြည်အနှံ့ တင်ပို့ရောင်းချသည်။ မကျည်း စဉ်ကျေးရွာ သူ/ရွာသားများသည် ကြိမ်ထည်လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသူများဖြစ်ပြီး ပုံခွေ၊ ပုံရိုက်၊ ကြိမ်တုပ်၊ နန်းဆွဲ၊ အရောင်တင်ခြင်း လုပ်ငန်းများကို အမျိုးသားများက ဦးဆောင်လုပ်ကိုင်ကြပြီး၊ ကြိမ်ထိုးခြင်းလုပ်ငန်းကို အမျိုးသမီးများက လုပ်ကိုင်ကြကြောင်း သိရသည်။
ခေတ်မီပြီး ခိုင်ခံ့သော စစ်ကိုင်းကြိမ်ထည်များ
စစ်ကိုင်းကြိမ်ထည်တွေသည် ရှေးရိုးရာပုံစံကနေ ယနေ့ခေတ် Modern ဒီဇိုင်းတွေအထိ အဆင့်မြင့်လာတာကို တွေ့ရပါသည်။ အိမ်သုံးပရိဘောဂ ဆိုဖာဆက်တီ၊ ကုတင်၊ ထမင်းစားစားပွဲနှင့် ထိုင်ခံများ၊ အလှဆင်ပစ္စည်းများ ပန်းအိုးတင်စင်၊ မီးဆိုင်း၊ ဓာတ်ပုံဘောင်များ၊ လူသုံးကုန်ပစ္စည်းဈေးခြင်းတောင်း၊ လက်ကိုင်အိတ်၊ ဖိနပ်နှင့် ဦးထုပ်များ ထုတ်လုပ်လာကြပြီး စစ်ကိုင်းကြိမ်ထည်ရဲ့ ထူးခြားချက်က အချောကိုင်စနစ် ကောင်းမွန်းခြင်း၊ ပေါ့ပါးခြင်းနှင့် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်းတို့ကြောင့် လူနေအိမ်တွေမှာသာမက ဟိုတယ်နှင့် အပန်းဖြေစခန်းတွေမှာပါ အသုံးပြုနေကြသည်ကို တွေ့ရသည်။
ဈေးကွက်နှင့် စီးပွားရေးအခြေအနေ
စစ်ကိုင်းကြိမ်ထည် ဈေးကွက်ဟာ ပြည်တွင်းသာမက ထိုင်း၊ တရုတ်နဲ့ ဥရောပနိုင်ငံအချို့အထိပါ တင်ပို့ရတဲ့ အလားအလာရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ လက်ရှိမှာတော့ ကုန်ကြမ်းကြိမ်ရှားပါးမှုနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲအချို့ရှိနေသောက ဝယ်လိုအားကတော့ ကျဆင်းသွားခြင်း မရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့၊ ရွာထောင်နယ်မြေ လမ်းတလျှောက်မှာ ကြိမ်ထည်အရောင်းဆိုင်ကြီးတွေ အများအပြားရှိပြီး ခရီးသွားဧည့်သည်တွေရဲ့ အဓိက အမှတ်တရလက်ဆောင်ဝယ်ယူရာ နေရာလည်းဖြစ်ပါတယ်။
ကြိမ်ကုန်ချောဈေးနှုန်းများအခြေအနေ
ဈေးနှုန်းတွေကတော့ ဒီဇိုင်းအနုစိတ်မှုနဲ့ ကြိမ်အမျိုးအစားပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်၊ ကြိမ်အမှီပါကုလားထိုင် ကြီး/လတ်/ငယ်တစ်လုံးလျှင် ၅၀၀၀၀-၉၀၀၀၀ မှ ၁၀၀၀၀၀ ကျပ်၊ ကြိမ်ဆက်တီတစ်စုံလျှင် ကျပ် ၁၀ သိန်းမှ ၃၀ သိန်းအထိ ရှိပါကြောင်း၊ စားပွဲဝိုင်းကြီး/ လတ်/ ငယ် (၃ ပေ၄ပေ)တစ်လုံးလျှင် ကျပ် ၁၅၀၀၀၀မှ ၁၈၀၀၀၀ ကျပ်၊ စာအုပ်စင်တစ်ခုလျှင် ကျပ် ၁၂၀၀၀၀ ကျပ်၊ ကြိမ်ခြင်းတောင်း ဈေးခြင်းလက်ဆွဲ ကျပ် ၁၅၀၀၀-၃၅၀၀၀ ကျပ်၊ ကြိမ် တစ်ရှူးဘောက် ဝိုင်းတစ်ခုလျှင် ၁၅၀၀၀ ကျပ်၊ ခေါင်းအုံးတစ်ခုလျှင် ၅၀၀၀-၆၀၀၀ ကျပ်၊ ကြိမ်ဖျာ (အချောပတ်) ကျပ် ၄၀၀၀၀- ၉၀၀၀၀ ကျပ်၊ ကန့်တော့ခြင်း တစ်လုံးလျှင် ၇၀၀၀-၉၀၀၀ ကျပ် ဒီဇိုင်းအလိုက်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပြီး မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ မြင်းခြံ၊ လာရှိုးမြို့များသို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အလုပ်အကိုင်အခွင့်အလမ်းဖန်တီပေးနိုင်မှု
စစ်ကိုင်းကြိမ်ထည်လုပ်ငန်းများသည် မြန်မာရိုးရာလက်မှုအနုပညာကို ဖော်ပြနေရုံတင်မကဘဲ ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးဖန်တီပေးထားတဲ့ လုပ်ငန်းဖြစ်ပါသည်။ စက်ရုံအလုပ်ရုံတွင် အလုပ်မလုပ်ဘဲ အိမ်တွင်းမှုလုပ်ငန်းအဖြစ် အိုးမကွာအိမ်မကွာ လုပ်ကိုင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ရိုးရာလက်မှုလုပ်ငန်းများ ပျောက်ပျက်မသွားစေဖို့ ကုန်ကြမ်းတင်ပို့မှုထက် ကုန်ချောတင်ပို့မှုသာ ဦးစားပေးလုပ်ကိုင် ဆောင်ရွက်နေသည့်အတွက် ရွှေလရောင်ကြိမ်ထည်လုပ်ငန်းမှ လုပ်သားအင်အား (၂၅) ဦးကို လုပ်သားရဲ့ကျွမ်းကျင်မှုအဆင့်နဲ့ လုပ်အားခပေးချေသည့်စနစ်၊ ပုတ်ပြတ်စနစ်၊ နေ့စားစနစ်ဖြင့် ကျွမ်းကျင်မှုအပေါ်မူတည်၍ အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
နိဂုံး
စစ်ကိုင်းကြိမ်ထည်များသည် ခိုင်ခံ့မှု၊ လှပမှုနှင့် သဘာဝဆန်မှုတို့ကို မြတ်နိုးသူတွေအတွက်တော့ လက်မှုအနုပညာ လက်ရာများသည် သေသပ်လှပသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဝယ်ယူအားပေးရသည် လက်ရာမွန်ပစ္စည်းများအဖြစ် ထင်ရှားကျော်ကြားနေသည်။ နေအိမ်၊ တိုက်ခန်းများသာမက ဟိုတယ်များတွင်အလှဆင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည့် အသုံးအဆောင် ပစ္စည်းများအဖြစ် စိတ်ကြိုက်ရွေးချယ် သုံးစွဲနေကြသည်။ နိုင်ငံတော်အစိုးရဖြင့် ကြိမ်လုပ်ငန်းရှင်များပူးပေါင်း၍ ကြိမ်လုပ်ငန်းများ တိုးတက်ရေးနှင့် ပြည်ပသို့ ကြိမ်ထည်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး နည်းလမ်းများ ချိတ်ဆက်ဆောင်ရွက်သွားပါက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရှာဖွေပေးနိုင်ပြီး ကြိမ်လုပ်ငန်းရှင်နှင့် လုပ်သားတို့ဘဝ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး စစ်ကိုင်းမြို့ကထွက်တဲ့ ကြိမ်ထည်ပစ္စည်းတွေဟာ အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်နေအုံးမှာ အသေအချာပင်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
စစ်ကိုင်းမြို့မှ အောင်မြင်ကျော်ကြား ကြိမ်လက်ရာများ(P)
မုံရွာမြို့မှ လာလျှင် စစ်ကိုင်းမြို့အဝင် ကောင်းမှုတော်စေတီတော်ကြီးအလွန် မော်တော်ကား လမ်းဘေးတစ်ဘက်တစ်ချက်တွင် ဝယ်ချင့်စဖွယ်လက်ရာမျိုးစုံစွာ ကြိမ်ထည်ပစ္စည်းများကို ချိတ်ဆွဲ ခင်းကျင်းထားသည်ကို တွေ့ရသည်။ အနုပညာလက်ရာမြောက်လှသော ကြိမ်ချောထည်ပစ္စည်းများက ဝယ်သူများကို ဆွဲဆောင်လျက်ရှိပါသည်။ မန္တလေးမြို့က လာမည်ဆိုလျှင် ငွေထည်လက်မှု အနုပညာ လုပ်ငန်းနှင့် နာမည်ကြီးသော ရွာထောင်ရပ်ကွက် ငွေထည်အနုလက်ရာ ပစ္စည်းအရောင်းဆိုင်ကြီးများကို ဖြတ်ကျော်ပြီးနောက် ကောင်းမှုတော်စေတီတော်ကြီး မရောက်မီတွင် အဆိုပါ ကြိမ်ထည်ပစ္စည်း အရောင်းဆိုင်များကို တွေ့ကြရမည်ဖြစ်ပါသည်။ စစ်ကိုင်းမြို့သည် မြန်မာ့အနု ပညာလက်ရာ ကြိမ်ထည် ပစ္စည်းမျိုးမျိုးဖြင့် နာမည်ကျော်ကြားလှပါသည်။
DOCA(စစ်ကိုင်း)