
စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် Oriental Family မုန့်လုပ်ငန်းသည် ကလေးများကြိုက်နှစ်သက်သည့် အာလူးချောင်း လေဖောင်းမုန့်ထုတ်လုပ်သည့် စက်ရုံအကြောင်းအရာလေးများအား တင်ပြလိုက်ရပါသည်။
Oriental Family မုန့်လုပ်ငန်းစက်ရုံကို ၂၀၂၂ခုနှစ် နိုဝင်ဘာလက စတင်လုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။ ကုန်ကြမ်းများအဖြစ် ဆန်၊ ဂျုံ၊ ပြောင်း တို့ကိုအသုံးပြုကာ ဆန်ကို ရွှေဘိုမြို့မှဝယ်ယူပြီး၊ ဂျုံနှင့် ပြောင်းကိုမန္တလေးမြို့တို့မှ ဝယ်ယူသည်။ ထုတ်လုပ်သည့် ခေတ်မီစက်ကိရိယာများကို တရုတ်နိုင်ငံက ဝယ်ယူတပ်ဆင်အသုံးပြုပြီး၊ တစ်လလျှင် ကုန်ချောမုန့်ထုပ် အရေအတွက် (၂၀၈၀၀၀) ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။
အာလူးချောင်းလေဖောင်းမုန့်ပြုလုပ်ပုံအဆင့်ဆင့်မှာ ကုန်ကြမ်းများဖြစ်သည့် အာလူး၊ ဆန်၊ ဂျုံ၊ ပြောင်းတို့ကို အမှုန့်ကြိတ်စက်တွင် အမှုန့်ကြိတ်ပြီး သတ်မှတ်ထားသော အချိုးအစားအတိုင်းရောစပ်၍ မွှေစက်(Mixer) အတွင်းသို့ထည့်၍ မွှေရပါသည်။ မွှေစက်မှတစ်ဆင့် အလိုအလျောက်စက်များဖြင့် မုန့်ပုံစံဖော်သည့်စက်သို့ မုန့်မှုန့်များကိုပို့ဆောင်ကာ လိုအပ်သောပုံစံအတိုင်း ပုံစံခွက်(Mold)တပ်ဆင်၍ ပုံစံတကျထုတ်လုပ်ပါသည်။ ပုံဖော်ပြီးသော မုန့်များကို အပူပေးစက် (Oven)သို့ ပို့၍ အပူပေးရသည်။ အပူပေးပြီးပါက သတ်မှတ်ထားသော နှုန်းထားအတိုင်းချိန်တွယ်၍ ဆီဖြန်းခြင်းနှင့် အရသာမှုန့်နှံ့စပ်အောင်ဖြူးခြင်းလုပ်ငန်းကို ပြုလုပ်ပါသည်။ မုန့်အရသာစံနှုန်း ကိုက်ညီပါက ထုပ်ပိုး(Packing)သည့်စက်သို့ပို့ဆောင်ကာ စက်သည်သတ်မှတ်ဂရမ်အတိုင်း ထုတ်ပိုးပြီသည့် မုန့်ထုပ်ကလေးများကို ထုတ်လုပ်ပေးပါသည်။ မုန့်ထုပ်ကလေးများကို ၁၀ထုပ် သို့မဟုတ် ၂၀ထုပ်ပါ အထုပ်များထပ်မံထုတ်ပြီး ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရပါသည်။
အာလူးချောင်းကလေးများကို ခရမ်းချဉ်သီးအရသာ(အချိုနှင့်အစပ်)နှင့် ချိစ် အရသာအဖြစ် သုံးမျိုးထုတ်လုပ်ပါသည်။ စက်ရုံဈေးမှာ တစ်ထုပ်လျှင် တစ်ရာနှစ်ဆယ်ကျပ်နှင့် နှစ်ရာနှစ်ဆယ်ကျပ်နှင့် နှစ်ရာလေးဆယ်ကျပ်နှုန်းများဖြင့် ဖောက်သည်များထံ လက်ကားဈေးနှုန်းဖြင့် ရောင်းချသည့် တန်ဖိုးများဖြင့် ရောင်းချသည့်အတွက် ကလေးများက ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးကြကြောင်း သိရပါသည်။ မုန့်ထုပ်လေးများကို အထုပ်၁၀ သို့မဟုတ် အထုပ်၂၀ပါ တစ်ဆွဲထုပ်များကို ၁၂ဆွဲပါ အထုပ်ကြီးများအဖြစ်ထုပ်ပြီး မုံရွာ၊ ကောလင်း၊ ပခုက္ကူ၊ မန္တလေး၊ တောင်ကြီး၊ ရန်ကုန်၊ တနင်္သာရီ စသည့် မြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
စက်ရုံ၌ လုပ်သားဝန်ထမ်း (၁၉)ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားပြီး၊ နေ့စားလုပ်သားများကိုလည်း အခါအားလျော်စွာ ခေါ်ယူလုပ်ကိုင်ကြောင်း၊ လစာလုပ်သားတစ်ဦး တစ်လ အနိမ့်ဆုံးလစာ ကျပ်နှစ်သိန်းမှ ကျပ်သုံးသိန်းငါးသောင်းထိ ရရှိကြောင်းသိရပါသည်။
အာလူးချောင်းလေဖောင်းမုန့်ထုပ်ကလေးများပေါ်တွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားရာ၌ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကိုလည်း ပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ကလေးများကြိုက်နှစ်သက်သည့် ဈေးနှုန်းချိုသာစွာစားသုံးသည့် လေဖောင်းမုန့်များကို ခေတ်မီနည်းစနစ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးမှုပုံစံလှလှလေးဖြင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ များစွာပေါ်ပေါက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)
