ရွှေဘိုပေါ်ဆန်း စိုက်ပျိုးမှုနှင့် နောင်အလားအလာအခြေအနေ

Powered by Drupal
Thu, 05/21/2026 - 12:17 -- consumer_admin

       မြန်မာနိုင်ငံ၏ တောတောင်ရေမြေ ရာသီဥတုအနေအထားကောင်းမွန်ပြီး စိုက်ပျိုးမြေ ပေါကြွယ်ဝသည့်အလျောက် ဆန်စပါးကို အဓိကစီးပွားရေးကဏ္ဍအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက(၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်း စပါးကို ဧက(၃)သိန်းခန့်အထိ တိုးတက်စိုက်ပျိုးလာပါသည်။ ရွှေဘိုပေါ်ဆန်းစပါးသည် ရွှေဘိုဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်ထုတ်လုပ် ဖြန့်ဖြူးလာခြင်းတို့ကြောင့် တင်ပို့ရောင်းချသူများက ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့ တိုးဖောက်ချဲထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

ရွှေဘိုပေါ်ဆန်းစပါး စတင်စိုက်ပျိုးခဲ့သည့် နောက်ခံသမိုင်း

          ရွှေဘို‌ပေါ်ဆန်းကို ၁၉၉၇-၁၉၉၈ခုနှစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ တောင်သူ ဦးထွန်းရီ၊ ဒေါ်ကြည်ညွန့်တို့က ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တန်းမြို့နယ်၊ ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုး(၄)ပြည် ယူဆောင်ခဲ့ပြီး ၎င်း၏ လယ်မြေတွင် စတင်စမ်းသပ်စိုက်ပျိုးခဲ့ပါသည်။ စားသုံးသည့်ဓလေ့မတူ၍ အစပိုင်းတွင် တောင်သူ ကြိုက်နှစ်သက်မှု နည်းပါးသော်လည်း နှစ်အနည်းငယ်ကြာမှသာ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိ၍ စိုက်ပျိုးဖြစ်ထွန်းခြင်း၊ အထွက်နှုန်းသင့်တင့်ခြင်း၊ ဆန်ထွက်ကောင်းခြင်း၊ စားသုံးမှု အရသာကောင်းခြင်း၊ ဒေသတွင်းဘာသာရေး၊ လူမှုရေးပွဲများတွင် ပေါ်ဆန်းဘေးကြားဆန်ဖြင့် ကျွေးမွေးဧည့်ခံရာ၌ လူကြိုက်များလာခြင်းတို့ကြောင့် ဒေသခံတောင်သူများ စိတ်ဝင်စားမှုရှိလာကာ တောင်သူချင်း မျိုးဖလှယ်၍ စိုက်ပျိုးမှု တစ်စတစ်စများလာကြောင်း သိရှိရပါသည်။

          ပေါ်ဆန်းဘေးကြားဆန်ကို ၂၀၀၂-၂၀၀၃ခုနှစ်တွင် မိုးကုတ်ဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဈေးကွက်စတင်ဖြစ်ထွန်းခဲ့ပြီး ရွှေဘိုမြို့၊ ဆန်ကုန်သည်များ စတင်ဝယ်ယူခဲ့ကြပါသည်။ ထိုအချိန်က စိုက်ပျိုးနေသော ပေါ်ဆန်းဘေးကြား စပါးမျိုးများမှာ မျိုးကောင်းမျိုးသန့် မဟုတ်သဖြင့် ဆန်အရည်အသွေးနိမ့်ကျခြင်း၊ ဆန်နီများပါဝင်ခြင်း၊ ဆန်စက်များမှာလည်း အဆင့်မမီသောကြောင့် ဆန်ဈေးကွက်တွင် ဈေးကောင်းမရရှိခဲ့ပါ။ ၂၀၀၄-၂၀၀၅ခုနှစ် မိုးစပါးရာသီတွင် ရွှေဘိုမြို့နယ်၊ ချီပါ မျိုးသန့်ခြံက ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနမှ ပေါ်ဆန်းဘေးကြားအဆင့်တစ် တင်း(၆၀) သယ်ယူ၍မျိုးပွားခြင်း၊ သီးလုံးကျေးရွာရှိ အကျိုးဆောင် တောင်သူများနှင့် မျိုးပွားဆောင်ရွက်ခြင်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ ထွက်ရှိလာသော မျိုးစပါးပမာဏသည် ဒေသတွင်း လုံလောက်မှုမရှိသဖြင့် ၂၀၀၅-၂၀၀၆ခုနှစ် မိုးစပါးရာသီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သရောင်းချောင်းမျိုးသန့်ခြံမှ ပေါ်ဆန်းဘေးကြား (၁၅၀)တင်း၊ ဖျာပုံမြို့နယ်၊ အောက်ကွင်းကြီး စိုက်ကွင်းမှ ပေါ်ဆန်းရင်မျိုးသန့် အဆင့်တစ်(၁၅)တင်း  စပါးမျိုးများကိုသယ်ယူ၍ အကျိုးဆောင် တောင်သူများနှင့် မျိုးစပါးထုတ်လုပ်မှု ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၆-၂၀၀၇ခုနှစ် နောက်ပိုင်းကာလများတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနမှ မျိုးများမှာယူပြီး ရွှေဘိုမြို့ရှိ ချီပါ မျိုးသန့်ခြံတွင် နှစ်စဉ် ပေါ်ဆန်းဘေးကြား မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးခဲ့ကြောင်း သိရှိရပါသည်။

          ‌ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ စတင်စမ်းသပ်စိုက်ပျိုးခဲ့သော ပေါ်ဆန်းဘေးကြား စပါးသည် ဒေသတွင်း တောင်သူချင်း မျိုးဖလှယ်သည့် စနစ်အရလည်းကောင်း၊ ရွှေဘိုမြို့၊ ချီပါမျိုးသန့်ခြံမှ မျိုးပွားဖြန့်ဖြူးအရလည်းကောင်း၊ ရွှေဘိုမြို့နယ်သာမက ခရိုင်အတွင်းရှိ ဝက်လက်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းစသည့် မြို့နယ်များအထိ စိုက်ပျိုးမှု မြေဧရိယာတိုးတက်လာပြီး ပေါ်ဆန်းဘေးကြားစပါးမျိုးသည် ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်အဖြစ် ထင်ရှားလာပြီး ၂၀၀၆-၂၀၀၇ခုနှစ်ခန့်က မန္တလေးဈေးကွက်၌ “ရွှေဘိုပေါ်ဆန်း”အဖြစ် ဈေးကွက်ရရှိ နေရာယူလာခဲ့ပါသည်။ ယခုအခါတွင် ရွှေဘိုပေါ်ဆန်းဆန်သည် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

ရွှေဘိုပေါ်ဆန်းဆန်တင်ပို့သည့် ဈေးကွက်

          ရွှေဘိုပေါ်ဆန်းအဖြစ် လူသိများလာသော ၎င်းစပါးသည် ဒေသမျိုးများထဲမှ အရည်အသွေးကောင်း စပါးမျိုးဖြစ်ပါသည်။ ယခုအချိန်တွင် ရွှေဘိုပေါ်ဆန်းဆန် ဈေးကွက်သည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး ရန်ကုန်၊ နေပြည်တော်နှင့် တောင်ပေါ်ဒေသဖြစ်သော ရှမ်း၊ ကယား၊ ကရင်၊ ကချင်စသော  ပြည်နယ်မြို့ကြီးများအထိ ဈေးကွက်ရရှိလာကာ ဝယ်လိုအားကောင်းသော ဆန်ဖြစ်ပါသည်။ အဆင့်မြင့်ဆန်စက်ကြီးများဖြင့်ကြိတ်ခွဲပြီး ကာလာဆိုတာစက်ဖြင့် ၁၀၀% ဆန်သန့်စင်၍ ပထမတန်းစားဆန်အဖြစ် ရန်ကုန်ဈေးကွက်တွင် တစ်ပြည်လုံး ဆန်ဈေးအမြင့် ဆုံးဖြင့် တင်ပို့ရောင်းချကြပါသည်။

ရွှေဘိုပေါ်ဆန်း စိုက်ပျိုးဖြစ်ထွန်းမှုဆိုင်ရာ အချက်များ

          ရွှေဘိုပေါ်ဆန်းစပါးမျိုးသည် ရာသီစပါးမျိုးဖြစ်ပြီး ပုံမှန်အားဖြင့် ဇူလိုင်(တတိယပတ်) ပျိုးထောင်စိုက်ပျိုးပါက အောက်တိုဘာ(တတိယပတ်) သန္ဓေကပ်ပြီး နိုဝင်ဘာ(တတိယပတ်)တွင် ပန်းပွင့်၍ ဒီဇင်ဘာ(တတိယပတ်)တွင် ရိတ်သိမ်းနိုင်သဖြင့် သက်တမ်း(၁၅၀)ရက်ရှိပါသည်။ အပင် အရပ်မြင့်ပြီး အရွက်ပျော့၍နွဲ့သဖြင့် အထွက်ကောင်း စပါးမျိုးကဲ့သို့ စိပ်စိပ်စိုက်ပျိုးပါက အပင်ဟုန်ပြီး ယိုင်လဲတတ်ပါသည်။ ပုံမှန်ထက်စော၍ စိုက်ပျိုးပါက သက်တမ်းရှည်ပြီး အပင်အရပ် မြင့်သဖြင့် သီးပွင့်ရင့်မှည့်ချိန်တွင် လေဒဏ်၊ မိုးဒဏ်၊ ဆီးနှင်းဒဏ် မခံနိုင်သောကြောင့် အပင်ယိုင်လဲ ထိခိုက်ပျက်စီးတတ်သည်။ ပျိုးထောင်ချိန် ပုံမှန်ထက် အလွန်နောက်ကျပါက ပန်းပွင့်ချိန် နောက်ကျပြီး ရာသီဥတုဖောက်ပြန်မှုနှင့် ကြုံတွေ့နိုင်၍ ဝတ်မှုန်ကူးမှုကို ထိခိုက်သောကြောင့် အဖျင်းများပြီး အထွက်နှုန်းနှင့် အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ ပျိုးထောင်စိုက်ပျိုးချိန်ကို မှန်ကန်စွာ ရွေးချယ်ဆောင်ရွက်မှသာ အထွက်နှုန်းတိုးတက်ပြီး အရည်အသွေး ကောင်းမွန်မည် ဖြစ်ပါသည်။

 

ရွှေဘိုပေါ်ဆန်းစပါးမျိုး၏ ထူးခြားကောင်းမွန်သော လက္ခဏာများ

          ဒေသ၊ ရေမြေ၊ ရာသီဥတု ကိုက်ညီသောကြောင့် စပါးအထွက်ကောင်းခြင်း၊ စပါးအလေးချိန်စီး၍ အနှစ်ပြည့်ဝခြင်း၊ ဆန်ထွက်ကောင်း၍ ဆန်ရည်ဆန်သား ကောင်းမွန်ခြင်း၊ ဒေသတွင်း စိုက်ပျိုးသော အခြားမျိုးစပါးများထက်ဆန်ထွက်ရာခိုင်နှုန်းပိုခြင်း၊ မျိုးကွဲပါဝင်မှု မရှိသလောက်နည်းပြီး ဆန်နီပါဝင်မှု ကင်းစင်သဖြင့် ဆန်အရည်အသွေးကောင်းခြင်း၊ စပါးရိတ်သိမ်းရာတွင် အစေ့ကြွေကျမှု နည်းသဖြင့် လေလွင့်မှုသက်သာခြင်း၊ စပါးတင်း(၁၀၀)ကြိတ်ခွဲရာတွင် အခြားစပါးမျိုးများထက် ကြိတ်ခွဲချိန်ကာလ လျော့ကျခြင်း၊ ဆန်ကိုချက်ပြုတ်ရာတွင်လည်း  အမြင်လှပြီး ထမင်း အလျားရှည်သွယ်ခြင်း၊ အိုးတက်ခြင်း၊ စားသုံးရာတွင် နူးညံ့‌ပျော့ပြောင်းသဖြင့် စားသုံး၍ ကောင်းခြင်း၊ အနံ့မွှေးခြင်းနှင့် ကျန်သည့်ထမင်းကြမ်းသည် အစိုမပြန်၊ အရည်မထွက်၊ အစေးမပေါက် ကွဲအက်မှုမဖြစ်ခြင်း၊ စပါးစပေါ်ချိန်မှ သိုလှောင်ချိန်ကာလ၊ ကြိတ်ခွဲ‌ရောင်းချသောကာလထိ ဈေးကွက်ခိုင်မာပြီး  ဈေးကောင်းရရှိခြင်းတို့ဖြစ်ပါသည်။ ရွှေဘိုပေါ်ဆန်းစပါး၏ အရည်အချင်းလက္ခဏာများလည်း များစွာရှိပါသည်။

ခုနှစ်အလိုက် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထွက်ရှိမှုအခြေအနေ

          ရွှေဘိုခရိုင်တွင် ခုနှစ်အလိုက် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထွက်ရှိမှု အခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

စဉ်

ခုနှစ်

စိုက်ဧက

အထွက်နှုံး

အထွက်တင်း

မှတ်ချက်

2008-2009

13977

75

1048275

 

2009-2010

58283

80

4662640

 

2010-2011

73416

80

5873280

 

2011-2012

124541

80

9963280

 

2012-2013

294202

90

26478180

 

2013-2014

276764

83

22971412

 

2014-2015

282217

85

23988445

 

2015-2016

316698

87

27552726

 

2016-2017

314986

80

25198880

 

၁၀

2017-2018

295542

65

19210230

 

၁၁

2018-2019

367212

86

31580232

 

၁၂

2019-2020

382632

82

31375824

 

၁၃

2020-2021

352147

82

28876054

 

၁၄

2021-2022

354785

83

29447155

 

၁၅

၂၀၂၂-၂၀၂၃

349318

၈၀

27945440

 

၁၆

၂၀၂၃-၂၀၂၄

၃၂၆၅၉၈

၈၀

၂၆၁၂၇၈၄၀

 

၁၇

၂၀၂၄-၂၀၂၅

၃၁၈၉၅၀

၈၁

၂၅၈၃၄၉၅၀

 

၁၈

၂၀၂၅-၂၀၂၆

၃၁၃၄၅၇

၈၂

၂၅၇၀၃၄၇၄

 

 

ခုနှစ်အလိုက် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ

၁၃။    ရွှေဘိုခရိုင်တွင် ခုနှစ်အလိုက် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်

ခုနှစ်

စပါးတင်း(၁၀၀)ဈေး

၅၀ကီလိုဝင် ဆန်(၁)အိတ်ပေါက်ဈေး

မှတ်ချက်

နိမ့်

မြင့်

နိမ့်

မြင့်

1

2011-2012

650000

970000

20000

32000

 

2

2012-2013

600000

950000

23500

32500

 

3

2013-2014

700000

1000000

24000

34500

 

4

2014-2015

800000

1350000

28000

45000

 

5

2015-2016

900000

1400000

30000

45500

 

6

2016-2017

900000

1500000

36000

55000

 

7

2017-2018

1200000

1500000

42000

54000

 

8

2018-2019

1200000

1600000

42000

52000

 

9

2019-2020

1400000

1500000

51000

53000

 

10

2020-2021

14၀0000

1550000

53000

54000

 

11

2021-2022

1၄၅0000

2၆00000

52000

8၈000

 

၁၂

၂၀၂၂-၂၀၂၃

၁၆၅၀၀၀၀

၂၁၅၀၀၀၀

၅၈၀၀၀

၈၀၀၀၀

 

၁၃

၂၀၂၃-၂၀၂၄

၁၆၀၀၀၀၀

၃၈၀၀၀၀၀

၅၈၀၀၀

၁၄၅၀၀၀

 

၁၄

၂၀၂၄-၂၀၂၅

၃၂၀၀၀၀၀

၅၂၀၀၀၀၀

၁၂၀၀၀၀

၁၉၀၀၀၀

 

၁၅

၂၀၂၅-၂၀၂၆

၃၇၀၀၀၀၀

၅၅၀၀၀၀၀

၁၅၀၀၀၀

၂၂၀၀၀၀

 

 

 

 

အခြားတိုင်းဒေသကြီးများသို့ ရွှေဘိုပေါ်ဆန်းဆန် တင်ပို့မှုစာရင်း

စဉ်

လအမည်

အမျိုးအစား

တင်ပို့သည့်(အိတ်)

မှတ်ချက်

၂၀၂၅-ဧပြီလ

ရွှေဘိုပေါ်ဆန်း

၄၁၈၉၄၈

 

၂၀၂၅-မေလ

ရွှေဘိုပေါ်ဆန်း

၄၇၀၉၇၈

 

၂၀၂၅-ဇွန်လ

ရွှေဘိုပေါ်ဆန်း

၃၄၆၄၂၂

 

၂၀၂၅-ဇူလိုင်လ

ရွှေဘိုပေါ်ဆန်း

၄၂၆၉၇၂

 

၂၀၂၅-ဩဂုတ်လ

ရွှေဘိုပေါ်ဆန်း

၄၁၉၂၅၉

 

၂၀၂၅-စက်တင်ဘာလ

ရွှေဘိုပေါ်ဆန်း

၃၀၆၇၁၇

 

၂၀၂၅-အောက်တိုဘာလ

ရွှေဘိုပေါ်ဆန်း

၃၇၄၄၈၈

 

၂၀၂၅-နိုဝင်ဘာလ

ရွှေဘိုပေါ်ဆန်း

၂၂၉၄၄၄

 

၂၀၂၅-ဒီဇင်ဘာလ

ရွှေဘိုပေါ်ဆန်း

၃၄၇၇၂၄

 

၁၀

၂၀၂၆-ဇန်နဝါရီလ

ရွှေဘိုပေါ်ဆန်း

၈၃၂၆၅၆

 

၁၁

၂၀၂၆-ဖေဖော်ဝါရီလ

ရွှေဘိုပေါ်ဆန်း

၂၆၄၅၁၀

 

၁၂

၂၀၂၆-မတ်လ

ရွှေဘိုပေါ်ဆန်း

၃၄၇၄၇၁

 

ရွှေဘိုပေါ်ဆန်းဒေသဆိုင်ရာအညွှန်း(Geographical Indication) GIရရှိရေး ဆောင်ရွက်မှုအခြေ အနေ

          ကုန်ပစ္စည်းထွက်ရှိရာ ဒေသအမည်နှင့်တွဲပြီး လူသိများထင်ရှားသော အရည်အသွေးကောင်း ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာအညွှန်း (GI) ကုန်ပစ္စည်းများအဖြစ် အကာအကွယ်ရရှိနိုင်ရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးမြှင့်တင်ရေး စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ဒေသဆိုင်ရာအညွှန်း (Geographical Indication,GI ) ကုန်ပစ္စည်းများအဖြစ် သတ်မှတ်နိုင်ရေးနှင့် (GI)အဖြစ် အကာအကွယ်ရနိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

        ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်းစပါး စိုက်ပျိုးထုတ်လုပ်မှုများသည်နှင့်အညီ ရွှေဘိုပေါ်ဆန်း (Geographical Indication) (G.I)ရရှိရေးအတွက် မူပိုင်ခွင့်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ShweBo Paw San Farming, Milling & Trading Association တို့မှ ပြင်သစ်နိုင်ငံ GRET Myanmar ထောက်ပံ့ကူညီမှုဖြင့် ၂၀၂၀ခုနှစ်မှစ၍ ()နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ပါသည်။ (G.I)ဧရိယာမှာ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်()မြို့နယ်ဖြစ်သော ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

 

 

ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း

          ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ၂၀၁၈ခုနှစ် တွင်ပြင်ဆင်ဖွဲ့စည်း၍ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း(ဗဟို)အား (၂၅.၅.၂၀၁၈)ရက်နေ့တွင် အလုပ်အမှုဆောင်(၂၁)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(ဗဟို)ကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် အသင်း မှတ်ပုံတင်လက်မှတ်နှင့် လိုင်စင်အမှတ် ၁၂၄၈၃၈၄၇၉ ဖြင့် တရားဝင်မှတ်ပုံတင်ပြီး အသင်း၏ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေဘိုပေါ်ဆန်းစပါး မျိုးကောင်း၊ မျိုးသန့်ရရှိရေး ဆောင်ရွက်မှုအခြေအနေ

           ရွှေဘိုပေါ်ဆန်း (G.I)ရရှိရေးဆောင်ရွက်ရာ၌လည်းကောင်း၊ အရည်အသွေးထိန်းသိမ်းရန် အတွက်လည်းကောင်း မျိုးကောင်း၊ မျိုးသန့်ရရှိရေးကဏ္ဍသည် လွန်စွာအရေးကြီးလှသည့် ကဏ္ဍတစ်ရပ်ဖြစ်သည့်အားလျော်စွာ မျိုးစေ့ထုတ်တောင်သူများမှ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်ကြသည့်အပြင် JICA Project ဖြင့် JAPAN SATAKE Company၏ စက်ပစ္စည်းများဖြင့် Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံနှင့် မျိုးစေ့ အအေးခန်းသိုလှောင်ရုံ)ကို ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာအုပ်စု၊ စိုင်နိုင်ကွေ့တွင် ၂၀၂၀ခုနှစ်၌ ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ Seed Center Type-A (မျိုးစေ့သန့်စင်စက်ရုံနှင့် မျိုးစေ့အအေးခန်းသိုလှောင်ရုံ)၌ ၂၀၂၁-၂၀၂၂ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်း၊ မျိုးသန့် ရရှိရေးအတွက် ရွှေဘိုပေါ်ဆန်းမျိုးစပါး သန့်စင်ခြင်းနှင့် အခြောက်ခံခြင်းလုပ်ငန်းများကို ရွှေဘို ပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဦးဆောင်၍ (၂၂.၁၂.၂၀၂၁)ရက်နေ့မှ စ၍ Test Run ပြုလုပ်ပြီး ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ ရွှေဘိုပေါ်ဆန်းမျိုးစပါး အခြောက်ခံခြင်းနှင့်သန့်စင်ခြင်းလုပ်ငန်းများကို Seed Center Type-A တည်ရှိရာ ဝက်လက်မြို့နယ်နှင့်ရွှေဘိုမြို့နယ်တို့ရှိ အကျိုးဆောင်မျိုးစေ့ထုတ်တောင်သူများမှ သွားရောက်ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။

ရွှေဘိုပေါ်ဆန်းဆန်၏ လက်ရှိနှင့်နောင်အလားအလာ

စိုက်ပျိုးရေးကဏ္ဍ

          စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ရွှေဘိုပေါ်ဆန်းဆန်သည် အနံ့မွှေးပြီး နူးညံ့ပျော့ပြောင်း၍ စားသုံးရန် အရည်အသွေးကောင်းမွန်ခြင်း၊ အစိုမပြန်အစေးမပေါက်ခြင်း၊ အိုးတက်ခြင်းတို့ကြောင့် စားသုံးသူများ ကြိက်နှစ်သက်သဖြင့် ရွှေဘိုပေါ်ဆန်းဆန်အမည်ဖြင့် ဈေးကွက်ခိုင်မာလျက်ရှိပါသည်။ စိုက်ပျိုးဧရိယာ များပြားလာသည့်အပြင် ရွှေဘိုပေါ်ဆန်းစပါးသည် အမွှေးနံ့ရှိသောကြောင့် ဆစ်ပိုးနှင့် ဖြုတ်ပိုးကျရောက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်ရန်လိုအပ်ပါသည်။ ရွှေဘိုခရိုင်တွင် နွေစပါးနှင့်မိုးစပါး နှစ်စဉ်ဆက်တိုက် စိုက်ပျိုးသောကြောင့် မြေဆီလွှာ စစ်ဆေးစမ်းသပ်ပြီး အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်ရရှိရန် လုံလောက်မှုမရှိသော အခက်အခဲကြုံတွေ့နေရသဖြင့် ဒေသအလိုက်မျိုးစေ့ထုတ် တောင်သူများ၊ မျိုးစေ့ကုမ္ပဏီများ၊ မျိုးစေ့ထုတ်အသင်းများဖြင့် အရည်အသွေးကောင်းမျိုးစေ့များ တိုးမြှင့်ဖြန့်ဖြူး ရန်လိုအပ်၍ စိုက်ပျိုးထုတ်လုပ်မှု အဆင့်အားလုံး နည်းစနစ်မှန်ကန်ရေး ရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုနှင့် အရည်အသွေးကျဆင်းမှုမရှိစေရေး ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါသည်။ မျိုးကောင်းမျိုးသန့်များ အသုံးပြုလျက် မှန်ကန်သောစိုက်ပျိုးနည်းစနစ်များ၊ မှန်ကန်သောသွင်းအားစုများ  စနစ်တကျအသုံးပြုခြင်းဖြင့် အထွက်နှုန်းကောင်းသည့်အပြင် အရည်အသွေးပါကောင်းမွန်သည့် စပါးများရရှိရန်အတွက်  GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှုကို ဦးတည်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

ဆန်စက်လုပ်ငန်းရှင်များ၏အခန်းကဏ္ဍ

          ရွှေဘိုခရိုင်တွင် အကြီးစား၊ အလတ်စား၊ အငယ်စား ဆန်စက်လုပ်ငန်း (၂၄၇)စက်ဖြင့် တစ်နှစ်လျှင် ပျမ်းမျှဆန်တန် (၃၀၃၀၀၀)တန် ထုတ်လုပ်လျက်ရှိပြီး၊ ဆန်စက်လုပ်ငန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ကျား(၂၄၅၁)ဦး၊ မ(၂၅၉၉)ဦး၊ စုစုပေါင်း(၅၀၅၀)ဦးအား အလုပ်အကိုင် အခွင့်အလမ်းများရရှိပါသည်။ ပေါ်ဆန်းစပါးသည် စားသုံးမှုအရည်အသွေး ကောင်းမွန်သည့်အပြင် ဆန်ထွက်ရာခိုင်နှုန်း ပိုမိုကောင်းမွန်၍  ဈေးကွက်ခိုင်မာခြင်း၊ တောင်သူများထံမှ စပါးဝယ်ယူရာတွင် ဈေးပိုပေး၍ ဝယ်ယူရသော်လည်း ဆန်စက်လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ပိုမိုရရှိသဖြင့် ရွှေဘိုပေါ်ဆန်းစပါးမျိုးကို အဓိကထား၍ ကြိတ်ခွဲလျက်ရှိကြောင်း သိရသည်။

ဆန်ကုန်သည်များ၏ အခန်းကဏ္ဍ

            ရွှေဘိုပေါ်ဆန်း ဆန်ဈေးကွက်သည် ရွှေဘိုခရိုင်ဆန်ဈေးကွက်၏ (၉၀)ရာခိုင်နှုန်း နေရာယူစိုးမိုးပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် ရွှေဘိုပေါ်ဆန်းဆန်သည် စားသုံးသူပြည်သူများ အထူးကြိုက်နှစ်သက်သောဆန်ဖြစ်သဖြင့် လက်ရှိအခြေအနေတွင် တစ်နိုင်ငံလုံးဈေးကွက်၌ ဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေသောကြောင့် ဈေးကွက်တွင် အရည်အသွေးနိမ့်သော ပေါ်ဆန်း ဆန်များနှင့် ရောနှောရောင်းချပါက အရည်အသွေးထိခိုက်ကျဆင်းနိုင်ပြီး ရေရှည်တွင် ဈေးကွက်ခိုင်မာမှုကို ထိခိုက်လာနိုင်သဖြင့် ရောနှောရောင်းချခြင်းများ ဆောင်ရွက်မှုမရှိစေရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါသည်။

       ရွှေဘိုပေါ်ဆန်းစပါးနှင့် ဆန်လုပ်ငန်းသည် စီးပွားရေးတွက်ခြေကိုက်သဖြင့် ဆန်စက်များ တိုးချဲ့များပြားလာခြင်း၊ စပါးနှင့် ဆန် ဝယ်လိုအားကောင်းနေခြင်း၊ ဈေးကွက်ခိုင်မားပြီး ဈေးနှုန်းသည့် အမြဲအတက်ဘက်သို့ ဦးတည်နေသဖြင့် စပါး/ဆန်ဈေးကွက်တည်ငြိမ်ရေးနှင့် ရွှေဘိုပေါ်ဆန်းစပါး/ဆန်၏ အရည်အသွေးထိန်းသိမ်းရန်အတွက်  သက်ဆိုင်ရာ ဌာနများနှင့် အသင်းအဖွဲ့များမှ ဟန်ချက်ညီညီ အသိပညာပေး ထိန်းညှိဆောင်ရွက်ရန် လိုအပ်ပါသည်။

         ရွှေဘိုပေါ်ဆန်းစပါးနှင့် ဆန်လုပ်ငန်းသည် စီးပွားရေးတွက်ခြေကိုက်သဖြင့် ဆန်စက်များ တိုးချဲ့များပြားလာခြင်း၊ စပါးနှင့်ဆန်ဝယ်လိုအားကောင်းနေခြင်း၊ ဈေးကွက်ခိုင်ခိုင်မာမာရှိနေခြင်း၊ ဆန်ဈေးကွက်သည်ဈေးနှုန်းအတက်ဘက်သို့ အမြဲဦးတည်နေသဖြင့် စပါး/ဆန်ဈေးကွက်သည် ဈေးနှုန်းအတက်ဘက်သို့ အမြဲဦးတည်နေသဖြင့် စပါး/ဆန်ဈေးကွက်တည်ငြိမ်ရေးနှင့် ရွှေဘို ပေါ်ဆန်းဆန်၏ အရည်အသွေးထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာအသင်းအဖွဲ့များမှ အသိပညာပေးထိန်းညှိခြင်းများ ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)