နည်းပညာများထွန်းကားလာသည့်ခေတ်နှင့်အညီ အွန်လိုင်းရှော့ပင်းသည် ကျွန်ုပ်တို့၏ နေ့စဉ် ဘဝတွင် ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်လာပါသည်။ ဖုန်းမျက်နှာပြင်ကို တစ်ချက်နှိပ်ရုံဖြင့် လိုချင်သည်များကို မှာယူနိုင်သည့် အဆင်ပြေမှုနောက်ကွယ်တွင် စားသုံးသူများအတွက် ပုန်းကွယ် နေသော ဘေးအန္တရာယ်များနှင့် နစ်နာဆုံးရှုံးမှုများမှာလည်း ဒွန်တွဲလျက်ရှိပါသည်။ ထို့ကြောင့် စားသုံး သူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို သိရှိနားလည်ရန်နှင့် လုပ်ငန်းရှင်များက တာဝန်ယူမှုရှိရန်မှာ ခေတ်သစ် စီးပွားရေး လောကတွင် အလွန်အရေးကြီးသော အချက်ဖြစ်လာပါသည်။
အွန်လိုင်းဈေးကွက်၏ အကြီးမားဆုံးသောစိန်ခေါ်မှုမှာ မြင်တွေ့ရသည့်ပုံစံနှင့် လက်ခံရရှိသည့် အရည်အသွေး မတူညီခြင်းပင်ဖြစ်သည်။ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ စားသုံးသူများသည် ကုန်စည်နှင့်ပတ်သက်သော အချက်အလက်များကို မှန်ကန်စွာသိရှိခွင့်ရှိပြီး ရောင်းချသူဘက်ကလည်း မိမိ ကုန်စည်၏အရည်အသွေး၊ အရွယ်အစားနှင့် အမျိုးအမည်ကို အစစ်အမှန်အတိုင်း ဖော်ပြရန် တာဝန် ရှိသည်။ အလှပြုပြင်ထားသော ပုံကိုသာပြသခြင်း (သို့) အချက်အလက်လိမ်လည်ဖော်ပြခြင်းသည် စားသုံးသူ၏ မှန်ကန်သော သတင်းအချက်အလက်သိရှိခွင့်ကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။
အွန်လိုင်းပေ့ချ် အတော်များများတွင် ကြုံတွေ့ရလေ့ရှိသော ဝယ်ပြီးပစ္စည်းပြန်မလဲပေးခြင်း (သို့) ငွေပြန်မအမ်းခြင်း (သို့) ငွေကြိုလွှဲ(Pre Order)တင်၍ဝယ်ယူရခြင်းဟူသည့်အချက်များသည် စားသုံးသူ ကာကွယ်ရေး ရှု့ထောင့်အနေဖြင့်ကြည့်လျှင် မမျှတသောစည်းကမ်းချက်များပင်ဖြစ်သည်။ ဥပမာ- ကျင့်ဝတ် နှင့်ညီသော လုပ်ငန်းရှင်တိုင်းသည် ဝယ်ပြီးပစ္စည်းပြန်မလဲပေးပါဟူသော စကားရပ်နေရာတွင် ပစ္စည်း ချို့ယွင်းပါက တာဝန်ယူပေးပါသည်ဟူသော စကားရပ်ထပ်ပေါင်းခြင်းဖြင့် လုပ်ငန်းရှင်နှင့် စားသုံးသူကြား မျှတမှုရှိသော စည်းကမ်းချက်တစ်ရပ်ကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။ ကုန်စည်သည် မှာယူထားသည် နှင့်မကိုက်ညီခြင်း၊ ချို့ယွင်းချက်ပါရှိခြင်း၊ ဘေးအန္တရာယ်ရှိခြင်းများကြုံတွေ့ရပါက စားသုံးသူသည် နစ်နာမှုအတွက် တိုင်ကြားခွင့်၊ ကုစားခွင့်ရရှိခြင်းဟူသည့် စားသုံးသူအခွင့်အရေးကို အပြည့်အဝရရှိ ရမည်ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် ခိုင်လုံသော အကြောင်းပြချက် များရှိပါက ပစ္စည်းအား လဲလှယ်ပေးခြင်း (သို့) ငွေပြန်အမ်းခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုအပ် ပါသည်။
အွန်လိုင်းဈေးကွက်အဆင်ပြေချောမွေ့စေရန် နှစ်ဦးနှစ်ဖက်စလုံးတွင် တာဝန်ရှိသည်။ ရောင်းချ သူများအနေဖြင့် အွန်လိုင်းမှ ကုန်စည်ရောင်းချခြင်းသည် ယုံကြည်မှုကိုရောင်းချခြင်းသာ ဖြစ်သော ကြောင့် ကုန်စည်၏ဈေးနှုန်း၊ အရည်အသွေး၊ အရွယ်အစားတို့ကို ပွင့်လင်းမြင်သာစွာ အသိပေးခြင်းဖြင့် မိမိလုပ်ငန်း၏ ဂုဏ်သိက္ခာကို တည်ဆောက်သင့်ပါသည်။ စားသုံးသူများအနေဖြင့် ကုန်စည်ဝယ်ယူခြင်းမပြုလုပ်မီ ရောင်းချသူ၏ Page (သို့) Website သည် ယုံကြည်စိတ်ချရမှုရှိ/ မရှိ (Review & Rating များ၊ Blue Mark နှင့် ဆက်သွယ်ရန်လိပ်စာ)ကို စစ်ဆေးရန်လိုအပ်သည်။ မှာယူထားသည့် အထောက် အထား (Screenshot) ငွေလွှဲထားသည့်ချလန်၊ ရောင်းချသူနှင့် ပြောဆိုထားသောစာတိုများကို ကုန်စည် လက်ဝယ်ရောက်ရှိသည် အထိ စနစ်တကျသိမ်းဆည်းထားရမည်ဖြစ်သည်။ ပုံမှန်ဈေးနှုန်းထက် အလွန် အမင်း သက်သာလွန်းသော (Scam ဖြစ်နိုင်ခြေရှိသော) ကမ်းလှမ်းမှုများကို အယုံမလွယ်စေရန်နှင့် လူကိုယ်တိုင်၊ လုပ်ငန်းလိပ်စာ အတည်မပြုနိုင်သော ပေ့ချ်များတွင် ငွေကြိုလွှဲ၍ ဝယ်ယူခြင်းများကို ရှောင်ကြဉ်ရမည်ဖြစ်သည်။
စားသုံးသူရေးရာဦးစီးဌာနသည် အွန်လိုင်းဈေးကွက်အတွင်း စားသုံးသူများနစ်နာမှုမရှိစေရန်နှင့် စနစ်ကျသော အွန်လိုင်းရောင်းချခြင်း လုပ်ငန်းများဖြစ်ပေါ်စေရန် အွန်လိုင်းမှတ်ပုံတင်ခြင်းစနစ်ဖြင့် ထိန်းကျောင်းနိုင်ရေး ကြိုးပမ်းလျက်ရှိပါသည်။ စားသုံးသူများအနေဖြင့် အွန်လိုင်းမှဝယ်ယူရာတွင် လိမ်လည်ခံရခြင်း (သို့) ဆုံးရှုံးနစ်နာမှုများရှိပါက(Consumer Call Center 1535 ၊ DOCA Mobile app ၊ www.doca.gov.mm(Website)၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (CICC) များသို့ ခိုင်လုံသော အထောက်အထားဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပါသည်။
အွန်လိုင်းဈေးကွက်သည် ရောင်းသူနှင့်ဝယ်သူကြား တာဝန်ယူမှုနှင့် ယုံကြည်မှုပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ စားသုံးသူများက မိမိတို့၏ အခွင့်အရေးကိုသိရှိပြီး စနစ်တကျရွေးချယ် ဝယ်ယူခြင်း၊ လုပ်ငန်းရှင်များက ဥပဒေနှင့်အညီ မှန်ကန်စွာရောင်းချခြင်းနှင့် စားသုံးသူရေးရာဦးစီး ဌာန၏ ကြီးကြပ်ကွပ်ကဲမှုတို့ ပေါင်းစပ်လိုက်ခြင်းဖြင့် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသော ခေတ်သစ်အွန်လိုင်း ဈေးကွက်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ရေးသားတိုက်တွန်းလိုက်ရပါသည်။
DOCA(မကွေး)
