ဆေးစွမ်းတစ်လက်ဖြစ်ရပ်တည်နေသောသံပရာသီး

Powered by Drupal
Mon, 05/18/2026 - 11:10 -- consumer_admin

     မြန်မာ့အစားစာတွင် အသီးအရွက်အသုပ်တွေစားလေ့ရှိကြတဲ့အခါ သံပရာသီးနဲ့ မန်ကျီး သီးကို သုံးလေ့ရှိကြပါသည်။ သံပရာသီးကမွှေးသောကြောင့် အနံ့အသက်ကိုလည်း ထိန်းပါသည်။ အသားငါးများချက်ရာတွင် သံပရာရည်ညှစ်ပြီးနယ်ပါက အညှီနံ့သက်သာပြီး အသားများ နူးညံ့လွယ်၍ အရသာကောင်းမွန်စေပါသည်။ ထို့ပြင်အီတဲ့အစားစာတွေစားပြီး သောအခါ သံပရာရည်ကိုဖျော်သောက်လိုက်ပါက ကြည်လင်လန်းဆန်းနိုင်စွမ်းရှိပါသည်။ သံပရာသီးသည် ရှောက်၊ လိမ္မော်၊ ရှောက်ချိုစသည်တို့နှင့် အတူရူးတေးစီးအီးမျိုးရင်းတွင် ပါဝင်၍ ရုက္ခဗေဒအမည်မှာ စစ်ကြပ်အော်ရင်တီဖောလီးယား ဖြစ်သည်။ သံပရာပင်၏ မူလ ပေါက်ရောက်ရာဒေသမှာ အရှေ့အိန္ဒိယကျွန်းစုဖြစ်သည်ဟုယူဆကြ၍ ထိုမှတဆင့်မြန်မာ နိုင်ငံအပါအဝင် အာရှတိုက်အရှေ့တောင်ပိုင်း တိုင်းပြည်များသို့ ယူဆောင်စိုက်ပျိုးကြလေ သည်။ အာရှတိုက်မှ တဖန်အာဖရိကမြေက်ပိုင်းနှင့် ဥရောပတောင်ပိုင်းရှိ မြေထဲပင်လယ် ကမ်းခြေတလျှောက် တိုင်းပြည်များသို့ပျံ့နှံ့သွားလေသည်။ ၁၆ရာစု ခေတ်ဦးပိုင်းလောက်တွင် စပိန်နှင့် ပေါ်တူဂီလူမျိုးများသည် သံပရာပင်မျိုးကို အမေရိကတိုက်နှင့် အနောက်အိန္ဒိယ ကျွန်းစုများသို့ စတင်ယူဆောင်စိုက်ပျိုးခဲ့ကြသဖြင့် ယခုအချိန်၌ အမေရိကန်ပြည်ထောင်စု မက္ကဆီကိုပြည်နယ်နှင့် အနောက်အိန္ဒိယကျွန်းစုများတွင် သံပရာပင်ကိုအမြောက်အများ စိုက် ပျိုးထားကြသည်။

          သံပရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားစိုက်ပျိုးကြ၍ မြစ်ငယ်၊ ရွှေကျင်နှင့် တောင်ငူ နယ်များတွင် အမြောက်အများစိုက်ပျိုးထားကြသည်။ ထိုနယ်များမှ အခြားနယ်များသို့ တင်ပို့ ရောင်းချကြသည်။ မြန်မာနိုင်ငံတွင် သံပရာပင်ကို အစေ့စိုက်၍လည်းကောင်း၊ မြေထုပ်စည်း နည်းဖြင့်စိုက်ပျိုးပါက အပင်ကြီးထွားမြန်၍ အသီးလည်းသီးမြန်သော်လည်း ဤနည်းဖြင့် မစိုက်ပဲအစေ့မှ စိုက်ပျိုးကြသည်သာများကြသည်။ သံပရာပင်စိုက်ပျိုးသောအခါ အတန်း လိုက်တပင်နှင့် တပင်အနည်းဆုံး၁၅ပေခန့်ခွာ၍ စိုက်ပျိုးမှသာအသီးများစွာသီးနိုင်သည်။ သံပရာပင်သည် အပင်ပုမျိုးဖြစ်၍ အပင်အမြင့်၈ပေမှ၁၅ပေအထိသာရှိသည်။ အရွက်မှာငယ် ၍စိမ်းဖျော့ဖျော့အရောင်ရှိသည်။ ဆူးတက်ကလေးများပေါသောအပင်ဖြစ်သည်။ စ၍စိုက် သည်မှ လေးနှစ်မှငါးနှစ်အတွင် နေရာဒေသပေါ်မူတည်၍ အသီးသီးမှုကွဲပြားသည်။ ရေသွင်း စိုက်ပျိုးခြင်းမဟုတ်သည့် သဘာဝသံပရာပင်သည် မေလတွင် စတင်အသီးသီးပါသည်။

သံပရာပင်သည် တစ်ဆယ့်နှစ်ရာသီပတ်လုံး အသီးမပြတ်ဟုဆိုရသော်လည်း မိုးလများဖြစ် သည့် ဇွန်လမှအောက်တိုဘာလအထိသည် အပင်၌အသီးလှိုင်ဆုံးအချိန်ဖြစ်၍ အလုံးလည်း ကြီးသည်။ သံပရာသီးကို အချဉ်တည်ခြင်း၊ ယိုပြုလုပ်ခြင်း စသည့်ဖြင့်ပြုလုပ်ကြသည်။

သံပရာသီးသည် ကျန်းမာရေးအတွက်အကျိုးပြုသော်လည်း သွေးကျဆေးသောက်သုံး‌ များနှင့် အခြားကျန်းမာရေးများကြောင့် ဆေးစွဲ၍သောက်သုံးသူများအနေဖြင့် ဆရာဝန်များ နှင့်တိုင်ပင်သောက်သုံးသင့်ပါသည်။ လွိုင်ကော်ဈေးကွက်တွင် ဝင်ရောက်နေသော သံပရာသီး များသည် တောင်ငူ၊ နေပြည်တော်ဒေသတို့မှ မှာယူရောင်းချလျက်ရှိပြီးဒေသအတွင်းမှာလည် အနည်းငယ်ထွက်ရှိ၍ သံပရာသီးဈေးနှုန်းမှာ တစ်လုံးလျှင် ၅၀၀ ကျပ်၊၁၀၀၀ဖိုး သုံးလုံးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)