ကမ္ဘာကသိသည့်မြန်မာ့ဂုဏ်ဆောင်ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာ့သနပ်ခါး

Powered by Drupal
Tue, 05/12/2026 - 12:39 -- consumer_admin

          မြန်မာ့ယဉ်ကျေးမှု သမိုင်းစဉ်တစ်လျှောက်တွင် သနပ်ခါးသည် မြန်မာတို့၏ နေ့စဉ်ဘဝနှင့် ခွဲခြား၍မရအောင် ဒွန်တွဲနေသော အဖိုးတန်ရတနာတစ်ပါး ဖြစ်ပါသည်။ ရှေးဘုရင်များ လက်ထက်မှသည် ယနေ့ခေတ်ကာလအထိ လူတန်းစားမရွေး၊ ကျားမ မရွေး အသုံးပြုကြသည့် သနပ်ခါးသည် ရိုးရာအလှအပ ပစ္စည်းတစ်ခုထက်ပိုလွန်ကာ မြန်မာတို့၏ ဝိသေသလက္ခဏာ (National Identity) ကို ထင်ဟပ်စေသည့် ပြယုဂ်တစ်ခုဖြစ်ပါသည်။ စိမ်းစိုသော သနပ်ခါးတော များမှထွက်ရှိသည့် သနပ်ခါးနံ့သာသည် မြန်မာ့မြေဆီလွှာ၏ ရနံ့ဖြစ်သကဲ့သို့ ပါးပြင်ပေါ်ရှိ သနပ်ခါးကွက်များသည်လည်း မြန်မာတို့၏ ရိုးသားဖြူစင်မှုနှင့် ယဉ်ကျေးသိမ်မွေ့မှုကို ဖော်ညွှန်း နေပါသည်။ ယနေ့ကမ္ဘာ့ ဇာတ်ခုံပေါ်တွင် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် (Intangible Cultural Heritage) အဖြစ် အသိအမှတ်ပြုခံရခြင်းသည် မြန်မာ့သနပ်ခါးကို ကမ္ဘာကအလေးအနက် ထားလေးစားလာရသည့်သက်သေပင်ဖြစ်ပါသည်။ 

သနပ်ခါး၏ သမိုင်းမြစ်ဖျားနှင့် ရှေးဟောင်းအထောက်အထားများ

      မြန်မာ့သနပ်ခါး၏သမိုင်းသည် ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းက စတင်ခဲ့ကြောင်း ရှေးဟောင်း သုတေသန အထောက်အထားများက ဖော်ပြနေပါသည်။ သရေခေတ္တရာမြို့ဟောင်း တူးဖော်မှုများ တွင် သနပ်ခါးသွေးသည့် ကျောက်ပျဉ်ချပ်များကို တွေ့ရှိရခြင်းက မြန်မာတို့ သနပ်ခါးကိုအသုံးပြုခဲ့ သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း သက်သေပြနေပါသည်။

ရိုးရာယဉ်ကျေးမှုနှင့် သနပ်ခါး၏ အခန်းကဏ္ဍ

          သနပ်ခါးသည် မြန်မာ့လူနေမှုစနစ်တွင် မွေးဖွားချိန်မှ ကွယ်လွန်ချိန်အထိ ပါဝင်ပတ်သက် နေပါသည်။ ကလေးငယ်များကို ရေချိုးပေးပြီးနောက် သနပ်ခါးလူးပေးခြင်း၊ ပျိုမေတို့ အလှပြင် ခြင်းနှင့် ဘာသာရေးပွဲလမ်းသဘင်များတွင် သနပ်ခါးကို အသုံးပြုခြင်းသည် ခိုင်မာသည့် ရိုးရာဓလေ့ တစ်ခု ဖြစ်ပါသည်။

ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းခြင်း

         မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်တို့၏ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Repre-sentative List of the Intangible Cultural Heritage of Humanity) စာရင်းသို့ တင်သွင်းခြင်း သည် နိုင်ငံတကာမှ မြန်မာ့ရိုးရာကို အသိအမှတ်ပြု စေရန်လုပ်ဆောင်သည့် သမိုင်းဝင်ခြေလှမ်းတစ်ခု ဖြစ်ပါသည်။

ဒြပ်မဲ့အမွေအနှစ် (Intangible Heritage) ဟု သတ်မှတ်ရသည့် အကြောင်းရင်း

 

        ယူနက်စကိုအနေဖြင့် သနပ်ခါးပင်ကိုသာမက သနပ်ခါးကို စိုက်ပျိုးခြင်း၊ သွေးခြင်း၊ လိမ်းခြယ်ခြင်းနှင့် ယင်းနှင့်ဆက်နွှယ်နေသည့် လူမှုရေးယဉ်ကျေးမှု ဖြစ်စဉ်တစ်ခုလုံးကို အမွေအနှစ် အဖြစ် သတ်မှတ်ခြင်းဖြစ်ရာ ဤသည်မှာ လူသားတို့၏ ဖန်တီးနိုင်စွမ်းကို ဂုဏ်ပြုခြင်းပင်ဖြစ်ပါသည်။

သနပ်ခါးနှင့် မြန်မာ့အနုသုခုမပညာရပ်များ

        မြန်မာ့ကဗျာ၊ သီချင်းနှင့် စာပေများတွင် သနပ်ခါးကို အမွှမ်းတင်ရေးဖွဲ့ခဲ့ကြပါသည်။ ‘‘ပါးပြင်ပေါ်က သနပ်ခါး” သည် မြန်မာ့အလှတရား၏ သင်္ကေတအဖြစ် ကမ္ဘာကျော်စာပေပညာရှင် များနှင့်ခရီးသွားများအကြားရေပန်းစားခဲ့ပါသည်။

သဘာဝဆေးဖက်ဝင် အကျိုးအာနိသင်များနှင့် ကျန်းမာရေး

      သနပ်ခါးသည် အလှအပအတွက်သာမက အရေပြားရောဂါများကို ကာကွယ်ပေးခြင်း၊ နေလောင်ဒဏ်မှ ကာကွယ်ပေးခြင်းနှင့် ကိုယ်ခန္ဓာကို အေးမြစေခြင်း စသည့်ဆေးဖက်ဝင်ဂုဏ်သတ္တိ များစွာပိုင်ဆိုင်ထားသောကြောင့် ‘‘သဘာဝဓာတ်ခွဲခန်းမှ ထွက်ရှိသော ဆေးရတနာ” ဟုခေါ်ဆို နိုင်ပါသည်။

သနပ်ခါးစိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေး

          မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် သနပ်ခါးစိုက်ပျိုးခြင်းသည် ဒေသခံပြည်သူတို့၏ အဓိက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ သနပ်ခါးကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြု နေခြင်းဖြစ်ပါသည်။

အညာမြေ၏သင်္ကေတနှင့် သနပ်ခါးပွဲတော်များ

           သနပ်ခါးသည် အညာဒေသ၏ ဝိသေသဖြစ်ပြီး ရွှေဘိုသနပ်ခါး၊ အရာတော်သနပ်ခါးစသည်ဖြင့် ဒေသအလိုက်ထွက်ရှိသော သနပ်ခါးများမှာ ထင်ပေါ်ကျော်ကြားလျက်ရှိပါသည်။ သနပ်ခါးနှင့် ပတ်သက်သည့်ပြိုင်ပွဲများ၊ ပွဲတော်များသည် မြန်မာ့ ခရီးသွားကဏ္ဍကို ဆွဲဆောင်သည့်အချက်များ ဖြစ်လာပါသည်။

International Trademark အဖြစ် ဖော်ဆောင်ခြင်း

            မြန်မာ့သနပ်ခါးကို ကမ္ဘာ့ဈေးကွက်တွင် အခြားနိုင်ငံများမှ အတုအပမပြုလုပ်နိုင်ရန်နှင့် မြန်မာ့မူပိုင်အဖြစ် တရားဝင်ရပ်တည်နိုင်ရန် နိုင်ငံတကာ ကုန်အမှတ်တံဆိပ် (International Trademark)အဖြစ်ခိုင်မာစွာတည်ဆောက်နိုင်ရန်လိုအပ်ပါသည်။

သနပ်ခါးတန်ဖိုးမြှင့် ထုတ်ကုန်များ 

 

        ရိုးရာအတိုင်းသွေးလိမ်းရုံသာမက သနပ်ခါးကို အခြေခံသည့် အလှကုန်ပစ္စည်းများ၊ လိုးရှင်း (Lotion) များ၊ ဆပ်ပြာများနှင့် ပေါင်ဒါများကိုခေတ်မီ နည်းပညာဖြင့် ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့ခြင်းဖြင့်နိုင်ငံခြားဝင်ငွေရှာဖွေနိုင်မည်ဖြစ်ပါသည်။

အရည်အသွေးထိန်းသိမ်းခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုများ

          နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ရာတွင် သနပ်ခါး၏သန့်စင်မှုနှင့် အရည်အသွေးကို စနစ်တကျ စစ်ဆေးရန် လိုအပ်ပါသည်။ သဘာဝစစ်စစ်ဖြစ်ကြောင်း အာမခံချက်ပေးနိုင်ခြင်းသည် ကမ္ဘာ့အဆင့်မီအမှတ်တံဆိပ်ဖြစ်လာစေမည့်သော့ချက်ပင်ဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သနပ်ခါး

           သနပ်ခါးပင်များကို စနစ်တကျစိုက်ပျိုးခြင်းဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးကို အထောက်အကူပြုနိုင်သကဲ့သို့ ဂေဟစနစ် ထိန်းသိမ်းရေးတွင်လည်း အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပါသည်။

လူငယ်မျိုးဆက်သစ်နှင့် သနပ်ခါးယဉ်ကျေးမှု

        ခေတ်ပေါ် အလှကုန်ပစ္စည်းများအကြားတွင် မြန်မာလူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာသနပ်ခါး ကိုဂုဏ်ယူစွာဆက်လက်အသုံးပြုကြရန် တိုက်တွန်းနှိုးဆော်ခြင်းသည် အမွေအနှစ် မပျောက်ပျက်စေရန်ထိန်းသိမ်းခြင်းပင်ဖြစ်ပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနှင့် သနပ်ခါးပြတိုက်များ

         မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ သနပ်ခါးအကြောင်းလေ့လာနိုင်ရန် သနပ်ခါးပြတိုက်များ၊ သနပ်ခါးစိုက်ခင်းများကို ခရီးသွားနေရာများအဖြစ် ဖော်ဆောင်ခြင်းဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု

      သနပ်ခါးကို ယူနက်စကိုစာရင်းဝင်ဖြစ်ရေးနှင့် ကမ္ဘာ့ဈေးကွက်ထိုးဖောက်ရေးတို့တွင် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုတို့ ဟန်ချက်ညီရန် လိုအပ်ပါသည်။

အာဆီယံနှင့် ဒေသတွင်း ယဉ်ကျေးမှုဖလှယ်ခြင်း

       အာဆီယံနိုင်ငံများကြားတွင်လည်း မြန်မာ့သနပ်ခါးကို ယဉ်ကျေးမှုသင်္ကေတတစ်ခုအဖြစ် မိတ်ဆက်ခြင်းဖြင့် ဒေသတွင်း ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေပြီး မြန်မာ့ပုံရိပ်ကို မြှင့်တင်နိုင် မည်ဖြစ်ပါသည်။
 

 

မျိုးရိုးဗီဇထိန်းသိမ်းခြင်း 

     အရည်အသွေးကောင်းမွန်သော သနပ်ခါးမျိုးစေ့များကို ထိန်းသိမ်းခြင်းနှင့် မျိုးပွားခြင်း နည်းပညာများကို အသုံးပြုကာ မြန်မာ့မြေတွင်သာ ရရှိနိုင်သော ထူးခြားသည့် မျိုးစိတ်များ မပျောက်ပျက်အောင်ကာကွယ်ရမည်ဖြစ်ပါသည်။ 

ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကမ္ဘာသို့ ချပြခြင်း

    Social Media နှင့် Digital Marketing နည်းလမ်းများကို အသုံးပြုကာ မြန်မာ့သနပ်ခါး၏ အလှတရားနှင့် အသုံးဝင်ပုံများကို ကမ္ဘာအနှံ့ သိရှိအောင်ဝါဒဖြန့်ချိခြင်းသည် နိုင်ငံတကာ Trademarkဖြစ်စေရန်အရေးကြီးသောလုပ်ဆောင်ချက်ဖြစ်ပါသည်။ 

နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် သနပ်ခါး

            သနပ်ခါးသည် မြန်မာ့မြေမှ ပေါက်ပွားသော မြန်မာ့ရတနာဖြစ်သည့်အတွက် ယင်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မိမိတို့၏အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းလည်းဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရပါလျှင် မြန်မာ့သနပ်ခါးသည် သာမန်သစ်သားတုံးလေးတစ်တုံးမဟုတ်ဘဲ မြန်မာတို့၏ နှစ်ပေါင်းထောင်ချီသော သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် စိတ်ဓာတ်ခွန်အားများ ကိန်းအောင်းနေသည့် အရာဖြစ်ပါသည်။ ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရခြင်းသည် အဆုံးသတ်မဟုတ်ဘဲ မြန်မာ့သနပ်ခါးကို ကမ္ဘာ့အဆင့်မီအမှတ်တံဆိပ်တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်စေရန် စတင်သည့် ခြေလှမ်းသစ်သာ ဖြစ်ပါသည်။ မြန်မာလူမျိုးအားလုံးသည် မိမိတို့၏ အဖိုးတန်ရတနာဖြစ်သော သနပ်ခါးယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားလျက်၊ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းကာ ကမ္ဘာ့အလယ်တွင် ‘‘ မြန်မာဆိုလျှင် သနပ်ခါး၊ သနပ်ခါးဆိုလျှင် မြန်မာ” ဟူသည့် ဂုဏ်ရည်ကို ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်းလေးနက်စွာ တိုက်တွန်းရေးသား အပ်ပါသည်။

DOCA(ပဲခူး)