
ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ပူပြင်းသောနွေရာသီတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားစွာရှိနေသည့်အချိန်များတွင် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့် နေလောင်ခြင်းကြောင့် အသားရောင်ညိုမဲလာခြင်းတို့ကို ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော် ခြင်း၊ ခုခံအားကျဆင်းလာခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေ နိုင်ပါသည်။ အပူဒဏ်ကာကွယ်ရန်လိုက်နာဆောင်ရွက်ရမည့်အချက်များမှာ အရိပ်ရ၍ အေးမြ သောနေရာများ တွင်သာနေရန် အကောင်းဆုံးဖြစ်ပါသည်။မိမိအသားရည်ကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ စေရန် လက်၊ လည်ပင်းနှင့် ပုခုံးတို့ကိုလုံခြုံသောအရောင်ဖျော့သည့် ပွပွ ချောင်ချောင်ချည်ထည် များကို ဝတ်ဆင်ပါ။ နေ့ခင်းနေ့လည်အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းခြင်း၊ ရေများများသောက် ပါရန်နှင့် ရှောင်ကြဉ်ရမည့်အချက်များမှာ နံနက်(၁၀)နာရီမှ ညနေ(၄) နာရီအတွင်း နေရောင်ခြည် နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို တက်နိုင်သမျှရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ ပူပြင်းသည့် နေရောင်ခြည် အောက်တွင်အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြု လုပ်ခြင်းကို တက်နိုင်သမျှ ရှောင်ကြဉ် ရမည်ဖြစ်သည်။ နေပူထဲကပြန်လာပြီး ချက်ချင်းရေချိုး ခြင်းကို ရှောင်ကြဉ်ပါ။ ပူပြင်းသော နေရောင်ခြည်အောက်မှ အလွန်အေးသောအခန်းနှင့် ကား အတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသော နေရောင်ထဲသို့ ချက်ချင်းထွက်ခြင်းတို့ကို ရှောင်ကြဉ်ပါဟူ၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
DOCA(မန္တလေး)
