ယနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များတည်ထောင်ခြင်းကို မြှင့်တင်ဆောင်ရွက်နေသည်။ MSMEလုပ်ငန်းများသည် ကမ္ဘာ့စီးပွားရေး၏ မောင်းနှင်အားများအဖြစ် တည်ရှိနေပြီး စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးကိုလည်း အကူအညီပေးနေ ကြောင်းတွေ့ရှိရသည်။ MSMEလုပ်ငန်းများသည် ကမ္ဘာပေါ်ရှိလုပ်ငန်းများ၏ ၉၀ရာခိုင်နှုန်းကို လည်းကောင်း၊ ကမ္ဘာပေါ်ရှိအလုပ်အကိုင်နေရာ၅၀ရာခိုင်နှုန်းကိုလည်းကောင်း ကိုယ်စားပြုနေ ကြောင်းတွေ့ရှိရသည်။
လက်ရှိအချိန်တွင်ကမ္ဘာပေါ်၌MSMEလုပ်ငန်းများအောင်မြင်စွာလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်ရာတွင် ပေးဆောင်ရမည့်အခွန်ငွေများ လျော့ချပေးခြင်း အပြင် အခြားသောအကူအညီများကိုလည်း ပံ့ပိုးပေးလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများရှိ အစိုးရများ အနေဖြင့် MsMEလုပ်ငန်းများကိုအားပေးသည့်အနေဖြင့် လုပ်ငန်းဆိုင်ရာသင်တန်းများဖွင့်လှစ် ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံများတွင် MSMEလုပ်ငန်းများကို အောက်ပါ အတိုင်းမြှင့်တင်ဆောင်ရွက်နေကြောင်းတွေ့ရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံရှိ MSMEလုပ်ငန်း များသည် နိုင်ငံ့စီးပွားရေး၏ ကျောရိုးများအဖြစ်တည်ရှိနေပြီး နိုင်ငံရှိစီးပွားရေးလုပ်ငန်းများ၏ ၉၉ဒဿမ၈ရာခိုင်နှုန်းကို MSMEလုပ်ငန်းများကကိုယ်စားပြုကာ လုပ်သားအင်အား၏ ၇၀ရာခိုင် နှုန်းသည်လည်း MSMEလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြောင်းတွေ့ရှိရသည်။ ၂၀၂၂ခုနှစ် တွင် ထုတ်ပြန်သည့်အချက်အလက်များအရ MSMEလုပ်ငန်းများမှ ဝင်ငွေသည်ပြည်တွင်းအသား တင်ထုတ်လုပ်မှု တန်ဖိုး၏ ၆၃ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။
ကမ္ဘောဒီးယားအစိုးရသည် နိုင်ငံပိုင်MSMEဘဏ်ကိုတည်ထောင်ထားပြီး MSMEလုပ်ငန်းများ ချဲ့ထွင်နိုင်ရန်အတွက်တစ်နှစ်လျှင် ခုနှစ်ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ချေးငွေများထုတ်ချေးလျက်ရှိသည်။ နိုင်ငံအတွင်းရှိ MSMEလုပ်ငန်းများအားဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ငန်း ဆောင်ရွက်ရေးအတွက် SeT4SMEကဲ့သို့သောနယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ်ကုန်သွယ်ရေး စနစ်ကိုမြှင့်တင်ဆောင်ရွက်နေပြီး လုပ်ငန်းဆိုင်ရာအခွန်ကင်းလွတ်ခွင့်များကိုလည်းခွင့်ပြုပေး နေကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် MSMEလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေပြီး ၎င်းအစီအစဥ် အရ ကျေးလက်ဒေသရှိလုပ်ငန်းများကို နည်းပညာစင်္ကြန်များမှတဆင့် ကမ္ဘာ့စျေးကွက်သို့ရောက်ရှိ ရေးဆောင်ရွက်နေသည်။ စည်းမျဥ်းပိုင်းဆိုင်ရာ ပံ့ပိုးခြင်းအဖြစ်၂၀၁၈ခုနှစ်တွင် MSMEထောက်ပံ့ရေး ဥပဒေအရ တရားဝင်ကဏ္ဍရှိလုပ်ငန်းစတင်ဆောင်ရွက်သည့် MSMEလုပ်ငန်းများအား စတင် တည်ထောင်သည့် ပထမသုံးနှစ်အတွင်း ကော်ပိုရိတ်ဝင်ငွေခွန်၁၀၀ရာခိုင်နှုန်းအထိ ကင်းလွတ် ခွင့်ပြုသည်။ နိုင်ငံအတွင်း၂၀၃၀ပြည့်နှစ်အရောက်တွင် နည်းပညာစင်္ကြန်အသုံးပြုသည့် MSMEလုပ်ငန်းအရေအတွက်၃၀၀၀၀၀အထိရှိလာရန် ရည်မှန်းချက်ထားရှိဆောင်ရွက်နေသည်။ MSMEလုပ်ငန်းများအောင်မြင်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကူအညီ ပေးသည့် MSMEလုပ်ငန်းများအားအခွန်ငွေနှစ်ရာခိုင်နှုန်းလျှော့ပေးသည့်အစီအစဥ်ကို ဆောင်ရွက်နေ သည်။ အခွန်ငွေလျော့ပေးသည့် လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သယ်ယူပိူ့ ဆောင်ရေး၊ နည်းပညာမြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်သည်။ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အတွက် နည်းပညာမြင့်သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များဆိုင်ရာ စီမံကိန်းများနှင့် ကုန်ပစ္စည်းထုတ်လုပ်ရေးထုပ်ငန်းများအား တိုက်ရိုက်ချေးငွေပေးအပ်ပြီး သုတေသနစင်တာများတည်ထောင်ခြင်းအတွက် ကနဦးရင်းနှီးမြှပ်နှံမှုဆိုင်ရာ ကုန်ကျစရိတ်၏ ငါးဆယ်ရာခိုင်နှုန်းကို ပံ့ပိုးပေးနေသည်။
မလေးရှားနိုင်ငံသည် နိုင်ငံအတွင်းရှိအမျိုးသမီးများဦးဆောင်သည့် MSME လုပ်ငန်း၊ လူငယ်များဦးဆောင်သည့် MSMEလုပ်ငန်းနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဆောင်ရွက်နေသည့် MSMEလုပ်ငန်းများအတွက် အစိုးရကချေးငွေရင်းဂစ်လေးဆယ်ဘီလီယံကို သတ်မှတ်ပေးခဲ့သည်။ MSMEလုပ်ငန်းများစီမံခန့်ခွဲရေးအတွက်Central Coordinating Agencyကိုဝန်ကြီးဌာန ၁၄ခုဖြင့် ဖွဲ့စည်းထားပြီး ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းများပူးပေါင်းဆောင်ရွက်စေခြင်းဖြင့်လုပ်ငန်းများနှောင့်နှေးမှုကိုမဖြစ်စေဘဲ လုပ်ငန်းများအောင်မြင်နေကြောင်းတွေ့ရှိရသည်။ အမျိုးသမီးများဦးဆောင်နေသည့် MSMEလုပ်ငန်းများအား ပံ့ပိုးရန်အတွက်ချေးငွေပမာဏ ရင်းဂစ် သန်း၄၇၀အထိသတ်မှတ်ထားပြီး ၎င်းချေးငွေကို လုပ်ငန်းဆောင်ရွက်မည့် ကိရိယာများဝယ်ယူခြင်းနှင့် လုပ်ငန်းချဲ့ထွင်ခြင်းတို့အတွက် ချေးငွေပေးမည်ဖြစ်သည်။ ၎င်းအပြင် တီထွင်ဆန်းသစ်သည့်စိတ်ကူးများရှိသော်လည်း အရင်းအနှီးမရှိသည့်လူငယ်များစီးပွားရေးလုပ်ငန်းရှင်များအားချေးငွေများပေးအပ်မည့်အစီအစဥ်အရ SME ဘဏ်များက အသက်၁၈နှစ်မှ၃၀နှစ်အတွင်းရှိလူငယ်စီးပွားရေးလုပ်ငန်းရှင်များအား ချေးငွေရင်း ဂစ်၁၀၀၀၀၀ကိုအတိုးနှုန်းလျော့နည်းစွာဖြင့် ထုတ်ချေးလျက်ရှိကြောင်းတွေ့ရှိရသည်။ ထို့ပြင် နိုင်ငံ အတွင်းရှိ MSMEလုပ်ငန်းများတွင် သာမန်လုပ်ငန်းမှဒစ်ဂျစ်တယ်စနစ်သုံး MSMEလုပ်ငန်းအဖြစ် မြှင့်တင်ရေးအတွက်ချေးငွေ၃ဒဿမ၈ဘီလီယံကို Bank Negara Malaysia(BNM)က ချေးငွေ ထုတ်ချေးပေးခဲ့သည်။
အထက်ပါနိုင်ငံများကို လေ့လာပါက MSMEလုပ်ငန်းများဖွံ့ဖြိုးခြင်းဖြင့် နိုင်ငံများရှိနိုင်ငံသား များ၏လူမှုစီးပွားဘဝများအဆင်ပြေလာသည်ကို တွေ့ရှိရသည်။ ပြည်ပမှမှာယူရမည့် ပစ္စည်းများကို နိုင်ငံအတွင်းထုတ်လုပ်နိုင်ခြင်းနှင့် နိုင်ငံသားများအတွက် အလုပ်အကိုင်များရရှိခြင်းမှာလည်း အားသာချက်များပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် MSME လုပ်ငန်းများမြှင့်တင်ရေးကို အထူးအလေးထားဆောင်ရွက်နေရာ နိုင်ငံအသီးသီးရှိစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည်။ သို့ဖြစ်ရာ အနာဂတ်ကာလတွင် MSMEလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့နိုင်ငံများတွင် အောင်မြင်မှုရရှိစေရေးအတွက် ယခုဆောင်းပါး အားရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)
