စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မြေအိုးလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိပါသည်။လက်မှုပညာတစ်ခုအဖြစ် မြေအိုးမီးဖုတ်ခြင်းလုပ်ငန်းကို ယဉ်ကျေးမှု လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ကြပြီး လူသုံးကုန်အမျိုးမျိုးကိုလည်း ဖန်တီးခဲ့ကြပါသည်။ ရှေးဦးလူသားတို့ လက်ထက်ကစ၍ မြေစေးကို ပုံစံအမျိုးမျိုးထုတ်လုပ်ပြီး လူသုံးကုန်ပစ္စည်းအဖြစ် ယနေ့အချိန်ထိ ကောင်းမွန်စွာ အသုံးပြုကြပါသည်။ အရှေ့တောင် အာရှတွင် မြေအိုးကို လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀၀ စတင်သုံးစွဲခဲ့ကြသည်ဟု ပညာရှင်များက ယူဆကြပါသည်။
မြေစေ၏ သဘောတရားအနေဖြင့် ရေနှင့်ထိက စေးကပ်ပျော်ဝင်ပြီး အပူဒဏ် နေရောင်နှင့် ထိတွေ့ပါက မာချောခက်ထန်ပါသည်။ ထို့ကြောင့် မြေစေးကို မြေကြီးနှင့်ရောစပ်၍ ခွက်ပုံသဏ္ဍာန် ပြုလုပ်မီးဖုတ်၍ အသုံးပြုက သုံးစွဲရာတွင် အဆင်ပြေနိုင်ကြောင်းကို သိရှိလာကြာကာ လက်မှု ပညာ ယဉ်ကျေးမှုတစ်ရပ်အဖြစ် မြေအိုး၊ ရေအိုး၊ မြေကရားအိုး၊ ဘုရားအိုးအဖြစ် ပုံစံအမျိုးမျိုးထုတ်လုပ်၍ တီထွင်ကြံဆမှုနည်းပညာအသစ်များဖြင့် ယနေ့အချိန်ထိ လူသုံးကုန်ပစ္စည်း သုံးစွဲရာတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးလျက်ရှိပါသည်။
မြေစေး၏ သဘောသဘာဝကို သိရှိမှုနှင့် မီးကို တွေ့ရှိမှုသည် အိုးပြုလုပ်သုံးစွဲရန် အလွန်ခိုင်မာ သော အခြေခံအကြောင်းတရားများဖြစ်သည်။ မြေစေးကို အိုးခွက်ပန်းကန်သဏ္ဌာန်ပြုလုပ်၍ အသုံး ပြုရာတွင် ကွဲလွယ်ခြင်း၊ ရေထည့်၍ မရခြင်းတို့ရှိရာမှ မြေကြီးကို ခွက်သဏ္ဌာန် အိုးသဏ္ဌာန်ပြုလုပ် ၍ မီးဖုတ်ပါက တာရှည်ခံခြင်း၊ ရေထည့်၍ရခြင်း၊ အသုံးဝင်ခြင်းတို့ကြောင့် လူတို့သည် အိုးကို စတင် တီထွှင်လုပ်ကိုင်ခဲ့ကြသည်။ အရှေ့တောင်အာရှတွင် အိုးကို လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝဝ၀ လောက် က စတင်သုံးစွဲခဲ့ကြသည်ဟု ပညာရှင်များကယူဆကြသည်။
လူသားတို့အတွက် မြေအိုးသည် အမှန်တကယ် ယနေ့ထိအသုံးဝင်လျက်ရှိသည်။ ကမ္ဘာပေါ် တွင် ကြေးအိုး၊ သတ္တုအိုး၊ ရွှေအိုး၊ ဒန်အိုး၊ စတီးအိုးများ ပေါ်လျက်ရှိသည်တိုင် မြေမီးဖုတ် အိုးများသည် ကျယ်ကျယ်ပြန့်ပြန့် အသုံးဝင်လျက်ပင်ရှိသည်။ ယနေ့ထက်တိုင် လူတို့သည် မြေမီး ဖုတ်အိုးမျိုးစုံကို ဘာသာရေး၊ လူမှုရေးကိစ္စ၊ နေ့စဉ်စားသုံးမှုကိစ္စတို့နှင့် ယုံကြည်မှုအခမ်းအနားများ တွင် မွေးသည်မှ သေသည်အထိ အသုံးပြုလျက်ရှိသည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ တန်ခူးလ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သောက်ရေအိုး ၊အတာအိုးအသစ်များဖြင့် ဗုဒ္ဓဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ သောက်ရေအိုး အသစ်များ လဲလှယ်ခြင်း၊ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်သည့်နေရာတွင် ၂၄ပစ္စည်းပဌာန်းကို ရည်ရွယ်၍ အိုးများတွင် ပဌာန်း အကျဥ်းရေး၍ ရေအိုး၂၄လုံးလှူဒါန်းခြင်း၊ ဗုဒ္ဓဘုရားရှင်အမှီပြု ပွင့်တော်မူသည့် ဗောဓိညောင်ပင်အား ကဆုန်လပြည့်နေ့တွင် အိုးသစ်များဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခြင်း တို့ကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့က နှစ်စဥ်အမြဲ ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာအိုးလုပ်ငန်းကို မိရိုးဖလာအိမ်တွင်းမှုလုပ်ငန်းအဖြစ် အစဉ်အဆက် ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသအလိုက် နာမည်ကျော်ကြားသော အိုးလုပ် ငန်းများမှာ နဘက်အိုး (မြောင်မြို့နယ်)၊ မြင်းမူမြို့နယ် အလ္လကပ္ပအိုး၊ တန့်ဆည်အိုး၊ မင်းကင်းအိုး၊ မြင်းဒေါင်းအိုး (ခင်ဦးမြို့နယ်)၊ ရှိန်းမကာအိုး (ဝက်လက်မြို့နယ်)၊ စစ်ကိုင်းအိုးတို့သည် အရည် အသွေးမီ ဈေးကွက်ရရှိပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချအောင်မြင်မှုကို ရရှိပါသည်။ ယခုအချိန်ထိ မိမိတို့၏ဒေသအလိုက် နှစ်စဉ်ဈေးကွက် ဝင်၍ ရောင်းချလျက်ရှိသော တစ်ပိုင်တစ်နိုင်စီးပွား ရေးလုပ်ငန်းများ (ကျေးရွာ တစ်ရွာ၊ ထုတ်ကုန် တစ်မျိုး) ဖြစ်ပါသည်။ ယင်းတို့အနက် စစ်ကိုင်းမြို့၏ အိုးလုပ်ငန်းကို တင်ပြလိုပါသည်။
စစ်ကိုင်းမြို့ အိုးလုပ်ငန်း
စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်၌ အိုးလုပ်ငန်းလုပ်ကိုင်သူများသည် အိုးဘိုလမ်းနှင့် မန္တလေး-မုံရွာလမ်း တစ်ဖက်တစ်ချက်စီတွင် အိုးရောင်းဝယ်ရေးဆိုင်(၂၀)ကျော်ရှိပြီး ကလေးကစားစရာ အိုးဖုတ်၊ ဂျိုးရုပ်များမှ အစ သောက်ရေအိုး၊ ပန်းအိုး၊ ဟင်းချက်မြေအိုး အမျိုးမျိုးရောင်းချလျက်ရှိပါ သည်။ ပြာသိုလတွင် ပြုလုပ်သောအိုးများသည် အခြားလများတွင် ပြုလုပ်သောအိုးများထက် ပို၍အေးမြသောကြောင့် စစ်ကိုင်းပြာသိုအိုးသည် နံမည်ကျော်ကြားပါသည်။ စစ်ကိုင်းမြို့တွင်လက်ရှိ အရောင်းအဝယ်ပြုလုပ်သည့် အိုး တစ်လုံးဈေးနှုန်းများမှာ သောက်ရေအိုး ၆၀ဝဝိ/-မှ ၇ဝဝဝိ/-၊ ဂေါက်ပါ သောက်ရေအိုး ၁၇၀၀ဝိ/-၂၀ဝဝဝိ/ ဘုရားပန်းအိုး မှ၃ဝဝဝိ/- ၄၀၀ဝိ/နှင့် သစ်ပင်စိုက် ပန်းအိုးသည် ၃ဝဝဝိ/-မှ၇ဝဝဝိ/- စသည့်ဈေးနှုန်းအသီးသီးဖြင့် လက်လီ/ လက်ကား ရောင်းချလျက် ရှိပါသည်။ စစ်ကိုင်းမြို့ကထွက်ရှိသော သောက်ရေအိုးများကို မန္တလေး၊ မုံရွာ၊ လားရှိုး၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း စသည့်မြို့များမှ ကုန်သည်များက လာရောက်ဝယ်ယူပြီး ရောင်းဝယ်ပြုလုပ် လျက်ရှိကြောင်း သိရှိရပါသည်။
ဒေါင်ဒေါင်မြည်မှ အိုး၊ သုံးလွန်းတင်မှ ကြိုး၊ တောင်ကလာမှ မိုး ဟု မြန်မာ့ဆိုရိုးစကားရှိပါ သည်။ စစ်ကိုင်းမြို့မှထွက်သည့် အိုးများကတော့ ဒေါင်ဒေါင်မြည်ဆဲ၊ ဒေသအသီးသီးတို့တွင်ဈေးကွက် ဝင်ဆဲဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
DOCA(စစ်ကိုင်း)
