
တရုတ်ပြည်တွင်း၌ စားနပ်ရိက္ခာ ထောက်ပံ့ပေးသွင်းမှုမှာ ဆက်လက်တည်ငြိမ်မှုရှိနေသော် လည်း အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံရေးတင်းမာမှုများ အရှိန်မြင့်တက်လျက်ရှိခြင်းက ကမ္ဘာ့ စွမ်းအင်နှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများကို မြင့်တက်စေပြီး တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် စရိတ်စကများ မြင့်တက်မှုကို ဖြစ်ပေါ်စေနိုင်သည်ဟု တရုတ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူမှုရေး အကယ်ဒမီသိပ္ပံ (Chinese Academy of Social Sciences' Institute of Rural Development) မှ စိုက်ပျိုးရေးသုတေသီ Li Guoxiang က ပြောဆိုခဲ့သည်။
၎င်း၏ အဆိုအရ ထိုကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုမှ လယ်ယာကဏ္ဍအပေါ် သက်ရောက်မှုသည် အထူးသဖြင့် ဓာတ်မြေဩဇာထုတ်လုပ်မှု၊ စွမ်းအင်ကုန်စည် သယ်ယူပို့ဆောင်မှုနှင့် ကမ္ဘာလုံးဆိုင် ရာ ကုန်စည်ဈေးနှုန်းများကို အနှောင့်အယှက်ပြုမည်ဟု ခန့်မှန်းရကြောင်း၊ ကမ္ဘာ့ ဓာတ်မြေဩဇာ သုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပါရှန်ပင်လယ်ကွေ့ဒေသမှ ထုတ်လုပ်ပေးလျက်ရှိပြီး ယေဘုယျအား ဖြင့် ကမ္ဘာ့ ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်မှု၏ ၄၆ ရာခိုင်နှုန်းခန့်ကို အဆိုပါဒေသမှ ထုတ်လုပ် ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်း၍ သင်္ဘောတင်ပို့မှုသည် အနှောင့်အယှက်ပြုခံရပြီး ရေနံဈေးနှုန်းများ မြင့်တက်လာပါက သဘာဝဓာတ်ငွေ့အပေါ် အမှီပြုလျက် လုပ်ကိုင်နေကြရ သော ဓာတ်မြေဩဇာစက်ရုံများသည် လုပ်ငန်းရပ်ဆိုင်းခြင်း သို့မဟုတ် ထုတ်လုပ်မှုလျှော့ချခြင်းကို ကြု့တွေ့လာရနိုင်သည်။
ဓာတ်မြေဩဇာ ရောင်းလိုအားကျဆင်းမှုသည် ဈေးနှုန်းများမြင့်တက်မှုကို ဖြစ်ပေါ်စေပြီး လယ်ယာလုပ်ငန်းခွင်၌ စရိတ်စကများမြင့်တက်မှု သို့မဟုတ် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲမှုကို ပေါ်ပေါက်စေလျက် သီးနှံအထွက်ပမာဏနှင့် စားသောက်ကုန် ဈေးနှုန်းများအပေါ် သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ၌ ပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် ပြည်တွင်း ကောက်ပဲသီးနှံဈေးနှုန်းများ အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရကြောင်း၊ ဓာတ်မြေဩဇာ များနှင့် ဒီဇယ်ဆီတို့၏ ဈေးနှုန်းများသည်လည်း မြင့်တက်ခဲ့ကြောင်းဖြင့် Mr. Li က ပြောဆိုခဲ့သည်။
သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း၌ ဓာတ်မြေဩဇာလုပ်ငန်း ခိုင်မာအားကောင်းမှု ရှိပြီး ကိုယ်ပိုင်ထုတ်လုပ်စွမ်းအားဖြင့် ဖူလုံစေခြင်းကို မြင့်မားသောအဆင့်တစ်ရပ်၌ ဆက်လက် ထိန်းသိမ်းထားနိုင်မှုရှိသည်။ ယင်းအနေအထားက အစိုးရ၏ ကြပ်မတ်မှုအောက်တွင် ဈေးနှုန်းများ တည်ငြိမ်စေရေးကို အထောက်အကူပြုလျက်ရှိသည်။
လွှမ်းခြုံသုံးသပ်ရပါလျှင် ကောက်ပဲသီးနှံနှင့် ဓာတ်မြေဩဇာ ဈေးကွက်များသည် တဖြည်း ဖြည်းချင်း ပြန်လည်တည်ငြိမ်မှု ရရှိလာကြောင်း၊ ၎င်းက ယခုနှစ်တွင် နောက်ထပ်တစ်ကြိမ် သီးနှံ ရိတ်သိမ်းထွက်ရှိမှု ကောင်းမွန်လိမ့်မည်ဟု မျှော်မှန်းရကြောင်း Mr. Li က ပြောကြားထားသည်။
သို့သော် စွမ်းအင်ဆိုင်ရာဈေးနှုန်းများ ဆက်လက်မြင့်တက်နေမှုက တရုတ်နိုင်ငံအတွင်း လယ်ယာထွက်ကုန်များ ထုတ်လုပ်မှုနှင့် ထောက်ပံ့ပို့ဆောင်မှု စရိတ်များကို သွယ်ဝိုက်၍ မြင့်တက် လာစေနိုင်သည်။ တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံ ထုတ်လုပ်မှုကဏ္ဍ၌ စက်မှုစွမ်းအားကို မြင့်မားစွာ တပ်ဆင်သုံးစွဲလျက်ရှိပြီး ကုန်ထုတ်လုပ်ရာ နယ်မြေများနှင့် စားသုံးမှုပြုသည့် အဓိကနေရာများ အကြား ကောက်ပဲသီးနှံ ပမာဏအမြောက်အမြားကို သယ်ယူပို့ဆောင်ရန် လိုအပ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းမြင့်မားမှုသည် လယ်ယာလုပ်ငန်းနှင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ ကုန်ကျစရိတ် များကို မြင့်တက်လာစေနိုင်ပြီး ယခုနှစ်အတွင်း သီးနှံထောက်ပံ့ပေးသွင်းမှု စရိတ်အပေါ် နောက် ပိုင်း၌ သက်ရောက်မှုရှိလာနိုင်သည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ၏ ပြင်းထန်မှုအတိုင်းအတာနှင့် အချိန်ကြာမြင့်မှုတို့မှာ
မသေချာမရေရာသည့် အခြေအနေ ဆက်လက်ဖြစ်ပေါ်နေပြီး ပိုမိုတင်းကျပ်သော စောင့်ကြည့် လေ့လာမှုနှင့် ဆောလျင်စွာ သတိပေးသည့်စနစ်များ လိုအပ်လျက်ရှိသည်ကို ညွှန်ပြနေကြောင်း၊ မလိုလားအပ်သော ထိတ်လန့်တကြားဖြစ်ပေါ်မှုများကို ရှောင်ရှားနိုင်ရေးအတွက် ဈေးကွက်စောင့် ကြည့်မှု တိုးတက်ကောင်းမွန်စေရန်နှင့် ပြည်သူလူထု မျှော်မှန်းချက်များကို လမ်းညွှန်ထိန်းကျောင်း ရန် အရေးကြီးကြောင်း၊ ထို့အပြင် အာဏာပိုင်များအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် စပ်လျဉ်း၍ မှားယွင်းသော သတင်းအချက်အလက်များ သို့မဟုတ် ချဲ့ကားပြောဆိုမှုများ မရှိစေရေး စောင့်ကြပ်လုပ်ကိုင်သင့်ကြောင်း၊ စိုက်ပျိုးရေးသွင်းအားစုများ၏ ဈေးနှုန်းများ သိသာစွာ မြင့်တက် လာပါက စိုက်ပျိုး ထုတ်လုပ်မှုစရိတ်များ မြင်မားလာနိုင်မှုကို ချေဖျက်နိုင်ရန်နှင့် လယ်သမားများ၏ စိုက်ပျိုးလုပ်ကိုင်လိုမှုကို ဆွဲဆောင်နိုင်ရန် အစိုးရအနေဖြင့် ဒီဇယ်ဆီအသုံးစရိတ် သို့မဟုတ် ဓာတ် မြေဩဇာအတွက် တစ်ကြိမ်တည်း ထောက်ပံ့ပေးအပ်မှု ကဲ့သို့သော ယာယီထောက်ပံ့ကြေးပေး ခြင်းကို စဉ်းစားဆောင်ရွက်နိုင်ကြောင်း Mr. Li က ပြောဆိုခဲ့သည်။
Source: China Daily, 20 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
