
မလေးရှားနိုင်ငံသည် ဒီဇယ်ဆီကုန်ကျစရိတ်များ ကျယ်ပြန့်စွာလျှော့ချရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ဇီဝလောင်စာဆီထုတ်လုပ်မှုကို တိုးချဲ့ရန်ကြိုးပမ်းလျက်ရှိပြီး ယခုအခါ ဇီဝဒီဇယ်စက်ရုံ ၁၉ ရုံမှ တစ်လလျှင် လီတာ ၁.၅ သန်းခန့် ထုတ်လုပ်နိုင်နေပြီဖြစ်သည်ဟု ဒုတိယ ဝန်ကြီးချုပ် Datuk Seri Dr Ahmad Zahid Hamidi က ဧပြီ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမျိုးသားစီးပွားရေးဆောင်ရွက်မှုကောင်စီ (MTEN) တွင် တင်ပြထားခဲ့သည့် အဆိုပါ အစီ အစဉ်ကို အစိုးရဌာနများနှင့် ပုဂ္ဂလိက လယ်ယာစိုက်ပျိုးရေးကုမ္ပဏီများအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိကာလ၌ ဇီဝဒီဇယ်ထုတ်လုပ် သည့် စက်ရုံ ၁၉ ရုံတွင် ဇီဝလောင်စာဆီ ပါဝင်မှု ၁၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း (B15 to B50) အထိရှိသော ဇီဝဒီဇယ်ဆီများ ရောစပ်ထုတ်လုပ်လျက်ရှိကြောင်း၊ စားအုန်းဆီကြမ်း ထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာသည့် အနည်အနှစ်များကို အသုံးချခြင်းဖြင့် ဇီဝဒီဇယ် အထွက် ပမာဏကို ထပ်မံတိုးမြှင့်ရန် အစီအစဉ်များပါရှိကြောင်း၊ ၎င်းဆီကြမ်းအနည်အနှစ်များ၏ ၃၅ ရာခိုင်နှုန်းခန့်ကို ဇီဝလောင်စာဆီအပြင် Jet A1 လေယာဉ်ဆီ ထုတ်လုပ်ရာတွင် အပြည့်အဝ အသုံး ချနိုင်ကြောင်း၊ ထို့အပြင် အဆိုပါ အစီအစဉ်ကို လက်ရှိတွင် စတင်အကောင်အထည်ဖော်နေပြီး MTEN ကောင်စီကလည်း အဆိုပြုချက်ကို မူအားဖြင့် လက်ခံထားပြီးဖြစ်ကြောင်း Mr. Ahmad Zahid က ပြောကြားခဲ့သည်။
ထုတ်လုပ်ရေးစက်ရုံများအကြား ပိုမိုကောင်းမွန်သော ပေါင်းစည်းမှုများ ပြုလုပ်ခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို ထိန်းသိမ်းထားနိုင်ရေးအတွက် အစိုးရအနေဖြင့် အေဂျင်စီများ နှင့် ဇီဝလောင်စာဆီလုပ်ငန်းနယ်ပယ်၌ ပါဝင်ဆောင်ရွက်နေသူများအကြား ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဇီဝဒီဇယ်ထုတ်လုပ်မှုမှာ လစဉ် လီတာ ၁.၅ သန်းခန့်ရှိသည်။ အမြောက်အမြား ထုတ်လုပ်နိုင်လာသည်နှင့်အမျှ ကုန်ကျစရိတ်များ လျော့နည်းလျက် စျေးနှုန်းများ လည်း ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် PETRONAS နှင့် မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် ပူးပေါင်းလုပ်ဆောင်သော ရှေ့ပြေးပရောဂျက်များအပါအဝင် ဇီဝလောင်စာဆီ၏ အသုံးချနိုင်စွမ်းကို စမ်းသပ်မှုအမျိုးမျိုးဖြင့် သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ ဤဇီဝလောင်စာဆီ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး သံသယဖြစ် စရာ မရှိကြောင်း ဒုတိယဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့သည်။
Source: The Star, 20 April 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
