Eco Printing
Eco Printing ဆိုသည်မှာ သစ်ပင်၊ သစ်ကိုင်း၊ အရွက်နှင့် အပွင့်များမှ ရရှိသော သဘာဝ အရောင်ခြယ်ပစ္စည်းများကို အသုံးပြု၍ အထည်များပေါ်တွင် သဘာဝဒီဇိုင်းနှင့် ပုံရိပ်များကို ရိုက်နှိပ် ဖော်ဆောင်ထားသည့် နည်းပညာတစ်ခုဖြစ်သည်။ တိုးတက်မှုမရှိသေးသော ရှေးယခင်ခေတ်များက ချည်ထည်များကို သဘာဝဆိုးဆေးများဆိုးပြီး ဝတ်ဆင်ခဲ့ကြပါသည်။ ယနေ့ခေတ် ခေတ်ရေစီးကြောင်း ပြန်လည်တကျော့လည် နိုးထလာသည့်အချိန်တွင် သဘာဝဆိုးဆေးများဖြင့် မွမ်းမံထားသော Eco Printing အထည်များကို အမြတ်တနိုး ပြန်လည်ဝတ်ဆင်လာကြသည်ကို တွေ့ရှိရပါသည်။
မတိုးတက်သေးတဲ့ ယခင်ခေတ်များစွာက သဘာဝမှ ရရှိသည့် ချဉ်ထည်များကို သဘာဝ ဆိုးဆေးများဆိုးပြီး အမြတ်တနိုးဝတ်ဆင်ခဲ့ကြပါသည်။ ယနေ့ခေတ် ခေတ်ရေစီးကြောင်း တစ်ကြော့ ပြန်လည် နိုးထလာသည့်အချိန်တွင် eco print အထည်များကို ဒီဇိုင်းစုံချုပ်လုပ်ပြီး အမြတ်တနိုး ပြန်လည်ဝတ်ဆင်လာကြတာကို တွေ့ရှိရပါသည်။ Eco printing အထည်များကို အဝတ်အစားများ သာမက မာဖလာများ၊ ခန်းဆီးလိုက်ကာများအနေဖြင့် အသုံးပြုကြပါသည်။
Eco Printing ဖြင့် ထုတ်လုပ်ခြင်း
Eco printing ဖြင့်ထုတ်လုပ်သည့်နည်းလမ်းများအနက် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းမှာ အရွက်များကို ချည်ထည်စများပေါ်သို့ တင်၍ တူဖြင့်ထုကာ ပုံဖော်ခြင်းပင်ဖြစ်ပါသည်။ အပွင့်များထက် အရွက်များကိုအသုံးပြုပါက အထည်ပေါ်တွင် ပိုမိုစွဲမြဲမှုရှိသဖြင့် ပွင့်ဖတ်များထက် အရွက်များကိုအသုံးပြုပါက ပိုမိုစွဲထင်နိုင်ပါသည်။ ဩဇာရွက်၊ ဧကရာဇ်ရွက်၊ တမာရွက်၊ ပေါက်ပန်း ဖြူရွက်၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ သပြေရွက်၊ စွယ်တော်ရွက်၊ ဂန္ဓမာရွက်၊ မေမြို့ပန်းရွက် စသည့်အရွက်များအပြင် မိုးရာသီတွင် အုတ်နံရံပေါ်ပေါက်သသည့် ကျောက်ခက်ပန်းခိုင်များ၊ အလှဆင် ရာတွင်သုံးသော ငါးမြီးရိုးခိုင်များကို အသုံးပြု၍ ရိုက်နှိပ်နိုင်ပါသည်။ ထိုသို့ရိုက်နှိပ်ရာတွင် သရက်ရွက်ကဲ့သို့ မာသောအရွက်များမှာ အရည်ထွက်မှုနည်းပါသည်။ အပွင့်များမှာ အောင်မဲညိုပွင့်၊ နှင်းဆီပွင့်၊ ဂန္ဓမာပွင့်ဖတ်၊ တရုတ်စကားပွင့်အနီများ၊ ကုလားပန်းပွင့်များကို အသုံးပြုကြပါသည်။ အပွင့်လိုက် ရိုးတံဖြုတ်၍ဖြစ်စေ၊ ပွင့်ချပ်များတစ်ခုချင်းဖြုတ်၍ဖြစ်စေ သုံးနိုင်ပါသည်။ အရွက်နုကို မသုံးရဘဲ အရွက်ရင့်သုံးမှသာ အရည်ထွက်မည်ဖြစ်ပြီး အရွက်များကိုလည်း မိမိနှစ်သက်သလိုပုံစံညှပ်၍
အသုံးပြုနိုင်ပါသည်။ ဓာတုဆိုးဆေးများကို အသုံးမပြုဘဲ သဘာဝ အရင်းအမြစ်များဖြင့်သာ အသုံးပြု ထားသဖြင့် ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် ရေရှည်တည်တံ့သော အဝတ်အထည် ထုတ်လုပ်မှု နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါသည်။
Eco Printing ပြုလုပ်နည်းအဆင့်ဆင့်
ရှေးဦးစွာ မိမိရိုက်နှိပ်လိုသော ချည်စကို ပဲနို့တစ်ဆ ရေလေးဆရောထားသော အရောတွင် တစ်ညစိမ်ပြီးနောက် ရေညှစ်ကာလှန်းရပါသည်။ ချည်စခြောက်သွေ့သည့်အခါ အထက်ပါနည်းလမ်း အတိုင်း သုံးကြိမ်စိမ်ပေးရပါမည်။
ခြောက်သောအခါ ထိုနည်းအတိုင်း သုံးကြိမ်စိမ်ပေးရပါမည်။ ထို့နောက် ထိုအစပေါ်တွင် မိမိရိုက်နှိပ်လိုသည့် အရွက်နှင့် အပွင့်များကို ကြိုက်ရာပုံစံ ခင်းကျင်း၍ အပေါ်မှ ပလတ်စတစ်စ သို့မဟုတ် ချည်စအပါးဖုံးကာ အောက်ခံသစ်သားပြားပေါ်တွင် တူနှင့်ထုရပါမည်။ တူထုရာတွင် အောက်ဘက်ရှိအရွက်များ နေရာမရွေ့စေရန် သတိပြု၍ ထုပေးရပါမည်။ ရိုက်နှိပ်ပြီးပါက အပေါ်ယံအဝတ်ပါးကိုခွာ၍ အောက်မှချည်စကို ခြောက်အောင်ထားပေးရပါမည်။ ထို့နောက် ထိုအစကို ရှာလကာရည်တွင် တစ်နာရီခန့်စိမ်ကာ ဆပ်ပြာအပျော့စားဖြင့် လျှော်ပေးရပါမည်။
Eco print ထည်များသည် သဘာဝအတိုင်း သစ်ရွက်စိမ်းနံ့သင်းပျံ့ကာ နူးညံ့သိမ်မွေ့သောအသွင်ကို ဆောင်ပါသည်။ သို့ရာတွင် စက်ရိုက်ထည်များကဲ့သို့ အကြမ်းမခံသည့်အတွက် ကြိမ်ဖန်များစွာ လျှော်ဖွတ်ခြင်းမပြုရပါ။ လျှော်ဖွတ်ရာတွင်လည်း ဆပ်ပြာမှုန့်မသုံးရပါ။ Eco print ထည်များသည် ကာလကြာသော် အရွက်များအရောင်သည် အပင်ရှိအရွက်များအတိုင်း အရောင်မှိန်လာနိုင်ပါသည်။ သဘာဝကပေးသည့် အလှတရား များဖြင့်ပုံဖော်ရိုက်နှိပ်ထားသဖြင့် သဘာဝကိုချစ်မြတ်နိုးသူတို့အတွက် တန်ဖိုးဖြတ်၍ မရသည့် လက်ဆောင်မွန်လည်း ဖြစ်ပါသည်။
ယနေ့ ခေတ်စားနေသော Eco Print ထုတ်ကုန်များ
ယခင်က Eco Printing သဘာဝထုတ်ကုန် အထည်များမှာ အင်္ကျီနှင့် ပုဆိုးများသာ ထုတ်လုပ် ကြသော်လည်း ယခုအခါ အဝတ်အထည်များအနေဖြင့် ချည်သား(Cotton) နှင့် ပိုးသား (Silk) များပေါ်တွင် ရိုက်နှိပ်ထားသော ရင်ဖုံးအင်္ကျီ၊ တီရှပ်၊ လုံချည်နှင့် ဂါဝန်ရှည်များ၊ မာဖလာများ၊ အိတ်များနှင့် ဦးထုပ်များ၊ စားပွဲခင်းများ၊ ခေါင်းအုံးစွပ်များနှင့် နံရံကပ်အလှဆင်ထားသည့် အထည်ချုပ် များအစရှိဖြင့် ထုတ်လုပ်လာကြပါသည်။
ထုတ်လုပ်ရာဒေသများ
ထုတ်လုပ်ရာဒေသများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မဲဆောက်မြို့၊ အင်းလေးဒေသတို့သည် Eco Printing သဘာဝထုတ်ကုန် အထည်များအဓိကထွက်ရှိရာ ဒေသများ ဖြစ်ကြသည်။
ဈေးနှုန်းဈေးကွက်
Eco Printing ဖြင့်ထုတ်လုပ်၍ ချုပ်လုပ်ထားသော မဝတ်အပေါ်ထပ်တစ်ထည်လျှင် (၄၉၀၀ဝိ/-မှ ၅၅၀၀ဝိ/-) ၊ အစတစ်ကိုက်လျှင် (၂၅၀၀ဝိ/- မှ ၃၀၀၀ဝိ/-)၊ ပုဝါတစ်ထည်လျှင် (၂၈၀၀ဝိ/-မှ ၃၀၀၀ဝိ/-)၊ မဝတ် ရင်ဖုံးတစ်ထည်လျှင် (၄၀၀၀ဝိ/-မှ ၄၅၀၀ဝိ/-)၊ အသင့်ချုပ်ပြီး မဝတ် ဝမ်းဆက်တစ် စုံလျှင် (၁၅၀၀၀ဝိ/ မှ ၁၇၀၀၀ဝိ)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
နိဂုံး
Eco Printing အထည်လုပ်ငန်းသည် သဘာဝမှ ဖန်တီးပေးထားသည့် လက်ဆောင်များဖြစ်သည့် သဘာဝအလှတရားများကို မိမိ၏ အနုပညာဖြင့် ပေါင်းစပ်ပြီး စီးပွားဖြစ်ဖန်တီးလုပ်ကိုင်ထားသည့် လုပ်ငန်းဟာ သဘာဝကပေးတဲ့ လက်ဆောင်တွေကို အနုပညာနဲ့ပေါင်းစပ်ပြီး စီးပွားဖြစ် ဖန်တီးနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သဘာဝကိုချစ်မြတ်နိုးခြင်းသည် မိမိကိုယ်ကို တန်ဖိုးထားခြင်း ဟုဆိုသကဲ့သို့ Eco Printing ထုတ်ကုန်များသည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသထွက် ကုန်များကို အခြေခံထားခြင်းဖြစ်သဖြင့် အနာဂါတ်တွင် Green Economy အစိမ်းရောင်စီးပွားရေး တွင် အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး MSMEs အသေးစားစီးပွားရေး လုပ်ငန်းများတွင် လည်း ပါဝင််နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ဒေသတွင်းအလုပ်အကိုင်များရှားပါးမှုမှ လျော့ချ ပေးနိုင် သည့်အပြင် ပြည်တွင်းထုတ်ကုန်များကိုလည်း ရောက်မည်ဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုး တိုးတက်မှုအတွက်လည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရာရောက်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
DOCA(မကွေး)
