
ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ စပါး ၊ ပဲ ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်ဖြူသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်အတွင်း ကြက်သွန်ဖြူ စိုက်ဧက (၁၂၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရသိရှိပါသည်။ ယခုအခါ ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မတ်လအတွင်း စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ပေါင်လောင်၊ ပြည်တော်သာ၊ အရှေ့သာဂရ၊ ရဲဘော်လေးရွာ များ ဖြစ်ပါသည်။ စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ဖြူကို အတက်ကလေးများ နွှာပြီး စိုက်ပျိုးရ ကြောင်း၊ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ဗမာမျိုးများကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ ကြက်သွန်ဖြူ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း သိန်း (၂၅)ကျော်ခန့်ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၈၀၀-၁၀၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် ကြက်သွန်ဖြူ စျေးနှုန်းအနေဖြင့် (၁)ပိဿာ လျှင်(၅၀၀၀-၆၀၀၀)ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၂၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ လက်လီ ကြက်သွန်ဖြူ (၁)ပိဿာ ပေါက်ဈေးအနေဖြင့် (၆၀၀၀-၇၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကြက်သွန်ဖြူ ရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံ များသို့လည်း တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ကြက်သွန်ဖြူ ထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင် မည်ဖြစ်ကြောင်း ကြက်သွန်ဖြူ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)
