ကော်ဖီနှင့် လက်ဖက်ရည်ဆိုင်လုပ်ငန်းဈေးကွက် တန်ဖိုး ၁.၃ ဘီလီယံဒေါ်လာကျော်ရှိလာသည့် ဗီယက်နမ်

Powered by Drupal

        စင်္ကာပူအခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Momentum Works ၏ အဆိုအရ ဗီယက်နမ်နိုင်ငံရှိ ကော်ဖီနှင့် လက်ဖက်ရည်ဆိုင်ဈေးကွက်ကွင်းဆက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံကျော်ရှိပြီး အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများ၏နောက်တွင် တတိယအကြီးဆုံးအဖြစ် ရပ်တည်နေကြောင်း သိရပါသည်။ “Southeast Asia Coffee and Tea Chains 2026” အစီရင်ခံစာအရ ဗီယက်နမ်၏ ကော်ဖီဈေးကွက်ကွင်းဆက်တန်ဖိုးသည် ၂၀၂၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၇၂၅ သန်းသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ မလေးရှားနောက်တွင် ဒုတိယအမြန်ဆုံး တိုးတက်မှုဖြစ်ကြောင်း သိရပါသည်။ လက်ဖက်ရည်ဈေးကွက်ကွင်းဆက်တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၆၁၇ သန်းရှိလာပြီး ၂၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ထိုင်းနိုင်ငံနောက်တွင် ရပ်တည်နေကြောင်း သိရပါသည်။ ဗီယက်နမ်တွင် Milano Coffee သည် နိုင်ငံတစ်ဝန်း ဆိုင်ခွဲ ၂,၅၀၀ ခန့်ဖြင့် အကြီးဆုံးကော်ဖီဆိုင် ကွင်းဆက်အဖြစ် ရပ်တည်နေပြီး Highlands Coffee သည် ဆိုင်ခွဲ ၉၈၅ ခုခန့်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း သိရပါသည်။ Highlands Coffee ၏ ၂၀၂၅ ခုနှစ် ဝင်ငွေ တိုးတက်မှုမှာ ၁၆ ရာခိုင်နှုန်းခန့်ရှိခဲ့ကြောင်း သိရပါသည်။ အခြား အဓိက ကော်ဖီအမှတ်တံဆိပ်များတွင် Phuc Long၊ Starbucks နှင့် Katinat တို့ ပါဝင်ကြောင်း သိရပါသည်။ လက်ဖက်ရည် ကဏ္ဍတွင် ToCoToCo သည် ဆိုင်ခွဲ ၁,၀၀၀ နီးပါးဖြင့် ဦးဆောင်နေပြီး Hong Tra Ngo Gia သည် ဆိုင်ခွဲ ၅၀၀ ခန့်ဖြင့် ဒုတိယနေရာမှ ရပ်တည်နေကြောင်း သိရပါသည်။ ထို့အပြင် Gong Cha၊ Koi ThéThe Alley နှင့် Tiger Sugar တို့သည် ဆိုင်ခွဲ ၅၀ မှ ၇၀ အကြား အသီးသီးဖြင့် လည်ပတ်လျက်ရှိကြောင်း သိရပါသည်။ ဒေသအတွင်း တတိယအကြီးဆုံးဈေးကွက်ဖြစ်သော်လည်း ဗီယက်နမ်တွင် ဆိုင်ခွဲ ၁,၀၀၀ ကျော်ရှိသည့် အမှတ်တံဆိပ်မှာ Milano Coffee တစ်ခုတည်းသာရှိပြီး အရှေ့တောင်အာရှတစ်ဝန်းတွင် ထိုသို့သော အမှတ်တံဆိပ် ၁၁ ခု ရှိနေသည်ဟု Momentum Works က ပြောကြားခဲ့ပါသည်။ ထို့အပြင် အရှေ့တောင်အာရှ ကော်ဖီနှင့် လက်ဖက်ရည်ဈေးကွက်ကွင်းဆက်တန်ဖိုးသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးရှိခဲ့ကြောင်း သိရပါသည်။ အနာဂတ်တွင် ပြိုင်ဆိုင်မှုသည် ဆိုင်ခွဲတိုးချဲ့မှုထက် လည်ပတ်မှုထိရောက်မှု၊ ဒစ်ဂျစ်တယ်အခြေခံစနစ်များနှင့် ထောက်ပံ့ရေးကွင်းဆက် ကောင်းမွန်ရေးတို့အပေါ် အခြေခံလာမည်ဟု ခန့်မှန်းရကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)