
ချဉ်စော်ကားသီး (Quince)သည် မြန်မာနိုင်ငံ၏တောင်ပေါ်ဒေသများတွင် အဓိက ပေါက်ရောက်သည့် ဆေးဖက်ဝင်သီးနှံဖြစ်ပြီး ပန်းသီး၊ သစ်တော်သီးတို့နှင့် မျိုးရင်းတူညီပါသည်။ ချဉ်စော်ကားသီး မျိုးပွားရာတွင် ကိုင်းဖြတ်စိုက်ပျိုးနည်းကို အဓိကအသုံးပြုပြီး အစေ့မှစိုက်ပါက အသီးများသီးရန် ၅ နှစ်မှ ၁၀နှစ်ကြာပြီး ကိုင်းဖြတ်နည်းက ပို၍မြန်ဆန်ပါသည်။ သဲဆန်သောမြေ၊ နေရောင်ပြည့်ဝပြီး ရေစီးဆင်းမှု ကောင်းသည့်မြေကို နှစ်သက်ပြီး အပင်ကြီးထွားချိန်နှင့် အသီးသီး ချိန်တွင် တစ်ပတ်တစ်ကြိမ် ရေများများလောင်းပေးရပါသည်။ ချဉ်စော်ကားသီးပင်သည် မတ်လ တွင် ပန်းများပွင့်ပြီး အောက်တိုဘာ လ နှင့် နိုဝင်ဘာလများတွင် အသီးများလှိုင်လှိုင်ပေါများပါသည်။ ချဉ်စော်ကားသီးကို အချိုသီးနှင့် အချဉ်သီးဟူ၍ အမျိုးအစား နှစ်မျိုးခွဲခြားနိုင်ပြီး အချိုသီးအရောင်မှာ အစိမ်းရောင်၊ အချဉ်သီးအရောင်မှာ အဝါရောင်ဖြစ်ပါသည်။
ချဉ်စော်ကားအချဉ်သီးသည် အချိုသီးထက် အနံ့ပိုသင်းပြီးပိုချဉ်သောကြောင့် ရှမ်းပြည်နယ် တွင် ဆေးဖက်ဝင်ဝိုင်အဖြစ် ချက်လုပ်ကြပြီး အချဉ်ထုပ်၊ အချဉ်ပေါင်းများအဖြစ်လည်း ပြုလုပ်ကြပါသည်။ ချဉ်စော်ကားသီးကို သကြားနှင့် ယိုထိုး၍လည်းကောင်း၊ ဖျော်ရည်အဖြစ် လည်းကောင်း ပြုလုပ်ပြီး ပြည်တွင်း ဈေးကွက်တွင် ရောင်းချလျက်ရှိပြီး ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ချဉ်စော်ကားသီးသည် စီးပွားဖြစ်သီးနှံဖြစ်ပြီး တန်ဖိုးမြင့်သီးနှံ ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသော အရင်းအမြစ် တစ်ခုဖြစ်ပါသည်။
DOCA(ပဲခူး)
