ငါးဂျောင်းငါး၏ အာဟာရ နှင့် အသုံးဝင်ပုံ

Powered by Drupal
Thu, 03/19/2026 - 15:55 -- consumer_admin

                 ငါးဂျောင်းငါးမျိုးဟာ နှုတ်ခမ်းမွှေးပါတဲ့ ကက်ဖစ်ရှ်  (ငါးခူ၊ ငါးကျည်း၊ ငါးတန်) ငါးအမျိုးနွယ် ဝင်ငါးတစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူကြိုက်များတဲ့ ငါးတစ်မျိုးလည်း ဖြစ်ပါတယ်။ ငါးဂျောင်းငါး ဟာ အာဟာရဓာတ်ကောင်းစွာပါဝင်ပြီး ပရိုတိန်းဓာတ်နှင့် အခြားဗီတာမင်၊ သတ္တု ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ အထူးသဖြင့် အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေမှာ အိုမီဂါ-၃နဲ့တခြား အာဟာရ ဓာတ်တွေ ပိုမိုကြွယ်ဝပါတယ်။ ငါးအမျိုးမျိုးတွင် ဗီတာမင်ဒီ နဲ့ ဘီတူး များစွာပါဝင်ပါတယ်။ သံဓာတ်၊ ဇင့်၊ အိုင်အိုဒင်း၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်စတဲ့ သတ္တုဓာတ် တွေလည်းကြွယ်ဝ ပါတယ်။

            ငါးများမှာပါဝင်တဲ့ အဆီဓာတ်ဟာ နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ ငါးဂျောင်း အပါအဝင် ငါးများကို ပုံမှန်စားသုံးနေသူတွေဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ တခြားနှလုံး ရောဂါမျိုးတွေ ဖြစ်နိုင်ခြေ နည်းပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာတတ်ပါတယ်။ အယ်လ်ဇိုင်းမားလို ရောဂါမျိုးတွေဟာ ဦးနှောက် နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ဒုက္ခပေးတတ်ပါတယ်။ ငါးစားသုံးမှုများသူတွေမှာ ဦးနှောက်တစ်ရှူးများ ပျက်စီးခြင်းကို လျော့ကျစေနိုင်ပါတယ်။ ငါးဂျောင်းအပါအဝင် ငါးများများ စားသုံးခြင်းအားဖြင့် ဦးနှောက်လုပ်ငန်း ဆောင်တာတွေ ကျဆင်းလာနိုင်ခြေကို ကာကွယ်ပေး ပါတယ်။ စိတ်ဓာတ် ကျနေချိန်မှာ ငါးဂျောင်းအပါအဝင် ငါးများကို ပိုမိုစားသုံးသင့် ပါတယ်။ အထူးသဖြင့် အဆီဓာတ် ကြွယ်ဝတဲ့ ငါးတွေမှာ အိုမီဂါ-၃ ကြွယ်ဝတာမို့ စိတ်ကျခြင်းပြဿနာကို သက်သာစေပါလိမ့်မယ်။ ငါးဂျောင်းအပါအဝင် ငါးများကိုစားခြင်းဟာ စိတ်ကြွစိတ်ကျ အခြေအနေမှာလည်း အထောက်အကူ ပြုပါတယ်။ ငါးဂျောင်းအပါအဝင် ငါးအမျိုးမျိုးနှင့် အဆီဓာတ်များတဲ့ ငါးတွေမှာ ဗီတာမင် D ကြွယ်ဝစွာ ပါဝင်ကြောင်း ငါးဂျောင်းငါးဟာ အာဟာရဓာတ် ကောင်းစွာပါဝင်တဲ့ စားသောက်ဖွယ်ရာဖြစ်ကြောင်း  ရေးသားလိုက်ပါတယ်။

DOCA(မန္တလေး)