စံပါယ်ပွင့်သည် ချောင်းဆိုးရောဂါ၊အမောရောဂါ၊ အဆုတ်ရောဂါ၊ လေပူပန်းနာရောဂါ၊ ကလေး သူငယ်နာရောဂါ၊ မီးယပ်သွေးချုပ်ရောဂါများအတွက် ဆေးဖက်ဝင်အပင်ဖြစ်သည်။ မြန်မာပြည်အနှံ့ အပြားတွင် စိုက်ပျိုးကြသည်။ စံပါယ်ကြီး(တောစံပယ်)များသည် ချုံနွယ်ကြီး များအဖြစ် အချို့ဒေသ များတွင် အလိုအလျောက်ပေါက်ရောက်သည်။ အပင်သည် ပဉ္စငါးပါး၊ အရွက်၊ အပွင့်များဆေးဖက်ဝင် အသုံးပြုကြသည်။ ချုံနွယ်ပင်မျိုးဖြစ်သည်။ အရိုင်းပေါက်လျှင် နွယ်တက်တတ်သည်။ အရွက်မှာ ဇွန်ရွက် ထက်အနည်းငယ်ပိုကြီးသည်။ အပွင့်မှာ အဖြူရောင် ရှိ၍ အချို့စံပါယ်မျိုးတွင် ခရမ်းရောင်အနည်း ငယ်နှောသည်။ အပွင့်ကြီး၊အပွင့်သေး စံပါယ်မျိုး ကိုလိုက်၍ ကွဲပြားသည်။ အလွန်မွှေးသည် အပွင့်မှာ ဇွန်ပွင့်ထက်အနည်းငယ်ကြီးသည်။ စံပါယ် ရိုးရိုး၏အရွက်သည် ဝမ်းမီးတောက်စေခြင်း၊ သလိပ်ကိုပျော် စေခြင်း၊ တွန့်ချုံ့စေခြင်း၊ လူကို ဝဖြိုးစေခြင်း၊ စံပါယ်အပွင့်သည် နှလုံး၊ဆီးချို၊ သည်းခြေဖောက်ပြန် သောရောဂါ၊ ကိုယ်သား ကိုယ်ရည် အလွန်ပူသောရောဂါ၊ ရေငတ်ခြင်း၊အရေပြားရောဂါ၊ သွားကိုက် သွားနာ၊ မျက်စိရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ကြောင်းသိရှိရသည်။ မြင်းခြံမြို့၊ အေးမြသီတာ ဈေးတွင် မတ်လဒုတိယပတ်စံပါယ်ကုံး(၂၅)ကုံးလျှင် (၃၅၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။
DOCA(မန္တလေး)
