ဒေသထွက် ဆီထွက်သီးနှံတစ်ခုဖြစ်သော မြေပဲ( Peanut )

Powered by Drupal
Tue, 03/17/2026 - 16:17 -- consumer_admin

          မြေပဲဟာ စိုက်ပျိုးရလွယ်ကူပြီး စီးပွားရေးတွက်ခြေကိုက်တဲ့ သီးနှံတစ်ခုဖြစ်ပါတယ်။  မြေပဲသည် ဆီထွက်သီးနှံအခန်းကဏ္ဍတစ်ခုအဖြစ် အရေးပါရုံသာမက စားသုံးသူများနှင့် ပြည်ပသို့တင်ပို့ကုန်အဖြစ်အချက်အခြာကြသော သီးနှံတစ်ခုဖြစ်သည်။ ကယားပြည်နယ်တွင် အထူးသဖြင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုဘက်တွင် မြေပဲကို စိုက်ပျိုးကြသည်။ မြေအောက် တွင် သီးသီးသည့်အပင်မျိုးဖြစ်ပြီး  စိုက်ပျိုးရာတွင် မြေပဲအထွက်ကောင်းရန်အတွက် မြေဆီ လွှာတည်ဆောက်ပုံ မြေအမျိုးအစားနှင့် မျိုးစေ့သည် အလွန်အရေးကြီးသည်။ ကယားပြည် နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (မိုး)မြေပဲ စိုက်ဧက ၅၇၁၉ စိုက်ဧက ရှိပြီး မိုးမြေပဲ စိုက်ဧကသည် ရိတ်သိမ်းပြီးစီးကြောင်း၊ (ဆောင်း) မြေပဲစိုက်ဧက ၂၂၂၇ စိုက်ပျိုးထားရှိပြီး ၅၇၀ ဧက အထွက်နှုန်းမှာ ၂၉၇၅၅ တင်း ရိတ်သိမ်းရသေးကြောင်း သက်ဆိုင်ရာဌာနထံမှ သိရှိရပါသည်။  

 စိုက်ပျိုးရန် သင့်တော်သောအချိန်

            မြေပဲကို စိုက်ပျိုးရန်သင့်တော်သော်အချိန်သည် မေနှင့်ဇွန်လ (မိုးဦး)ကျချိန်တို့ဖြစ် သည်။ (ဆောင်း) မြေပဲကိုတော့ အောက်တိုဘာလ နှင့် နိုဝင်ဘာလအတွင်း အစိုဓာတ်ရှိနေသော အချိန်တွင် စိုက်ပျိုးရန်သင့်တော်သည်။

ရာသီဥတုနှင့်အပူချိန်

အပူချိန်ပျမ်းမှု 25°C- 30°C ကြား၊ စိုစွတ်မှုသည် 50 %  ရာသီဥတုမျိုးဖြစ်သည့်  စိုစွတ်ပူနွေးတဲ့ ရာသီဥတုမျိုးကို ကြိုက်နှစ်သက်ဆုံးဖြစ်သည်။

မြေပြုပြင်ခြင်းနှင့်မြေအမျိုးအစား

မြေပဲစိုက်ပျိုးရန် အသင့်တော်ဆုံး မြေအမျိုးအစားသည် သဲနုနုန်းမြေမျိုး မြေနုနု၊ မြေနီ၊ မြေညို မြေအမျိုးအစားများတွင် စိုက်ပျိုးရန် သင့်လျော်သည်။ ၎င်းမြေသည်ပွသဖြင့် မြေပဲအပင်အခြေရှိ အစွယ်လေးများသည် မြေကြီးထဲသို့ လွယ်ကူစွာထိုးဖောက်ဝင် ရောက်နိုင်   ပြီး  အတောင့်ကြီးထွားရန်အတွက်  နေရာကျယ်ကျယ်ပြန့်ပြန့်ရရှိစေသည်။  မြေကိုပြုပြင်ရာ   တွင် ပထမဦးစွာ ညက်နေအောင်ထွန်ယက်ပေးရမည်။ ၎င်း ထွန်ယက်ပြီးစီးသော မြေပွပေါ် တွင်ရှိနေသော အမှိုက်သရိုက်များကို လူများဖြင့် လိုက်ကောက်ရှင်းထုတ်ပစ်ရမည်။ မြေကို  မှုန်ညက်အောင် ၃-၄ စပ်လောက် ထွန်ယက်ပေးပြီး မြေခဲများရှိနေပါက ခြေမှုန်းပေးရပါမည်။      မြေကို ညက်နေအောင်ထွန်ယက်ပေးမှသာ မြေပဲအစွယ်များ ကောင်းစွာဆင်း နိုင်မှာဖြစ်ပါ တယ်။ မြေပဲမျိုးစေ့ကိုရိတ်သိမ်းရာတွင်လည်း မြေကပ်ပါလာမှုလည်းနည်းပါးပြီး မြေပဲ အတောင့်များသန့်ရှင်းစင်ကြယ်စွာထွက်ရှိသည်။ ဥများသည်မြေထဲတွင် ကျန်နေခြင်းမရှိဘဲ မြေရွသဖြင့် နုတ်ရိတ်သိမ်းရတာလွယ်ကူစေသည်။ ရေဝပ်တာကိုမကြိုက်သောကြောင့် ရေဝပ် မြေတွင်စိုက်ပျိုးခြင်းက ရှောင်ကြဉ်ရပါမည်။ ရေဝပ်သွားပါက အမြစ်များပုတ်ခြင်း၊ မှိုရောဂါ များစွဲကပ်ခြင်း၊ အစေ့အဆံမအောင်မြင်ခြင်း တို့ဖြစ်တတ်သည်။ ထို့ကြောင့် ရေစီးရေလာ ကောင်းသောနေရာမျိုးဖြစ်သော ကုန်းမြင့်မြေ (သို့မဟုတ်)   မြစ်ချောင်း၊ မြစ်ရိုး တစ် လျှောက်ရှိ ရေခန်းခြောက်ချိန် ကိုင်းကျွန်းမြေစုများတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းသည်။ ၎င်းအပြင်မြေပဲသည် မြေအချဉ်ဓာတ်အသင့်အတင့်ရှိသော မြေအမျိုးအစားနှင့် အငန်ဓာတ် အသင့်အတင့်ပါရှိသော မြေအမျိုးအစားတို့တွင် စိုက်ပျိုးပါကအကောင်းဆုံး အပင်ကြီးထွားမှု နှင့် ဥများကောင်းစွာဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းပါသည်။ မြေပဲကို ငန်လွန်းသောမြေ အမျိုးအစားတွင်စိုက်ပျိုးပါက သံဓာတ်ချို့တဲ့ပြီး အပင်ရွက်များဝါလာတတ်ပါသည်။

ရှောင်ကြဉ်ရမည့်မြေအမျိုးအစား

          မြေကြီးသည် စေးထပ်လွန်းသော ကပ်စေးနေသောမြေမျိုးတွင် စိုက်ပျိုးပါက မြေသား ကျစ်လစ်သဖြင့် မြေပဲအစွယ်အဆူးလေးများသည် မြေကြီးသို့ ထိုးဆင်းရန်ခက်ခဲသည်။ ၎င်း  အပြင်ရိတ်သိမ်းရာတွင်လည်း မြေများကပ်ပါလာပြီး အတောင့်များကျိုးပဲ့ပျက်ဆီးခြင်းဖြစ် တတ်သည်။အချို့အသီးများသည် အညှာထိပ်ကနေပြတ်သွားပြီးဥများမြေထဲတွင် ကျန်ရစ်နေ    ခဲ့သည်များလည်းရှိတတ်သည်။ထို့အပြင်ကျောက်စရစ်များသောမြေသည်အသီးအတောင့်များ  ကျောက်စရစ်ကြောင့် ပုံသဏ္ဍာန်မမှုန်ခြင်း၊ အသီးအရေခွံများပွန်းပဲ့ခြင်းများဖြစ်စေနိုင်သည်။ ထို့ကြောင့် စေးကပ်လွန်းသောမြေနှင့် ကျောက်စရစ်မြေအမျိုးအစားတို့တွွင် စိုက်ပျိုးခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။

စိုက်ပျိုးခြင်း၊ မြေဩဇာကျွေးခြင်းနှင့် အပင်ပြုစုအခန်းကဏ္ဍ

မြန်မာနိုင်ငံတွင် ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးဟူရ၍ နှစ်မျိုးရှိသည်။ မိမိဒေသနှင့်ကိုက်ညီ သော အထွက်နှုန်း ကောင်းသော မျိုးများကိုစိုက်ပျိုးရမည်။ ပင်ထောင်မျိုးကိုတန်းခြား ၁၂ လက်မ၊ တစ်ပင်နှင့်တစ်ပင် ၄ လက်မကြား စိုက်ပျိုးရမည်။ စိုက်ပျိုးရာတွင် အစိုဓာတ်ရှိချိန် တွင် ထွန်ယက်မြေမှုန့်ထားသော မြေထဲသို့ မျိုးစေ့ကို ၁.၅ လက်မှ ၂ လက်မခန့် ထိုးစိုက်ရ မည်။ သက်တမ်းမှာ  စတင်စိုက်ပျိုး ချိန်မှ ရက်ပေါင်း (၉၅ မှ ၁၀၅)ရက်ထိ၊ ပင်ပြန့်မျိုးသည် အပင်ပြန်သည့်အတွက် တန်းကြား ၁၈ လက်မ၊ ပင်ကြား ၆ လက်မခန့်ခွာ စိုက်ပျိုး ရမည် ဖြစ်ပြီး သက်တမ်းရှည်မျိုးဖြစ်၍ (၁၂၀-၁၄၅ )ရက်  ဝန်းကျင်မှ ရိတ်သိမ်းရသည်။ မြေပဲဆံ တစ်ဧကလျှင်မျိုး ၃ တင်း ခန့်လို အပ်ပါသည်။  အပင်စတင်ကြီးထွားဖို့ သဘာဝမြေဩဇာ နွားချေးများလိုအပ်သည်။ မြေဩဇာတီဆူပါ၊ ယူရီးယား၊ ပိုတက်ရှပ်တို့ကို အချိုးကျထည့်သွင်း ပေးရမည်။ အပင်ပေါက်ပြီး ၁၅ ၊ ၄၅ ဝန်းကျင်ရက်အတွင်း ပေါင်းသင်စင်ကြယ်အောင်ရှင်းရ မည်။ မြေပဲအဆွယ်ဆင်းချိန်တွင် မြေဆွပေးခြင်း၊ ဘောင်တင်ခြင်းများပြုလုပ်ဆောင်ရွက်ရ မည်ဖြစ်သည်။ ပိုးမွှားအန္တရာယ်မှလည်း ကာကွယ်ရန် ပိုးသတ်ဆေးများဖျန်းပက်ပေးရသည်။  ရွက်လိတ်ပိုး၊ ငမြှောင်တောင်ပိုး၊ မြေအောက်မြစ်နီပိုးတို့ရန်မှ အထူးကာကွယ်ရန်လိုအပ် သည်။

ရိတ်သိမ်းခြင်းနှင့်အခြောက်လှမ်းခြင်း

မြေပဲပင်၏ အပွင့်များညှိုးလာပြီး အရွက်များဝါလာခြင်း၊ အတောင့်အရေးခွံ့ ထူလာ ခြင်း၊ မြေပဲတောင့်၏အတွင်းနံရံ အမည်းရောင်အကွက်များဖြစ်ပေါ်လာခြင်းသည် ရင့်မှည့် သောလက္ခဏာဖြစ်သည်။ မြေကြီး အစိုဓာတ် အနည်းငယ်ရှိစဉ်တဲ့အချိန်တွင် အပင်နုတ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။နှုတ်ပြီးလျှင်နေလှန်းပြီးအစိုဓာတ် ၈-၉ %ခန့် အထိလျှော့ချပါ။    သို့မှသာ သိုလှောင်ရာတွင် မှိုမတက်ဘဲ Aflatoxin အဆောက်အတောက်မှ ကင်းဝေးမည်ဖြစ် သည်။  နုတ်ယူပြီး ယာခင်းထဲတွင် နေပူ  ၂ -၃ ရက်လောက် အထက်အောက်လှန် လှန်းပေး ခြင်းက   အသီးများချွေရာတွင် လွယ်ကူစွာချွေယူနိုင်သည်။ ‌အတောင့်များကို ခြောက်အောင် လှန်းပြီးသိမ်းဆည်းခြင်းများ ၊ အတောင့်များကိုအခွံ့ခွာ၍ ဆီစက်များနှင့်  ဈေးကွက်ထဲသို့ ရောင်းချခြင်းများပြုလုပ်ကြသည်။

ဈေးကွက်ဈေးနှုန်းအခြေအနေ

ဆီထွက်သီးနှံတွင်ပါဝင်သော မြေပဲကို ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ ဆို၊ဖရူဆိုဒေသတို့တွင် စိုက်ပျိုးလျက်ရှိသည်။ မြေပဲစိုက်တောင်သူများသည် ခူးချွေနေလှန်း ထားသော မြေပဲကိုအတောင့်အတိုင်း ဆီစက်များသို့ ရောင်းချခြင်းများ ၊ စားသုံးရန်အတွက် ကြိတ်ခွဲခြင်းများပြုလုပ်ကြပါသည်။ ကြိတ်ခွဲခြင်းမှုထွက်ရှိလာသော ဆီကို လူတို့စားသုံးကြြပီး  မြေပဲဖတ်များကို တိရိစ္ဆာန်စာအဖြစ် ကျွဲ၊ နွား၊ ဝက်အစာဖြင့်ပြန်လည်အသုံးပြုခြင်း၊ ရောင်းချ ခြင်းများပြုလုပ်ကြသည်။ ဆီစက်တွင် ပဲဆီ  တစ်ပိဿာ လျှင်ကျပ် (၁၇၀၀၀၊၂၀၀၀၀) ဖြင့် ရောင်းချလျက်ရှိပါသည်။ ထို့အပြင် မြေပဲကို  အခွံ့ခွာ၍ မြေပဲဆံအဖြစ် ၁ ဘူး ကျပ် ၁၂၀၀၊ ၁၅၀၀ ၊ တစ်ပိဿာလျှင်ကျပ် ၉၅၀၀၊ ၁၀၀၀၀  ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကယား)