
မြန်မာဆေးကျမ်းများအရ မုန်ညင်းဆီသည် စပ်ခါးသောအရသာရှိပြီး ပူသောသတ္တိရှိသည်။ မုန်ညင်းဆီသည် ကလေးငယ်များမှစပြီး လူကြီးများအထိပါ အသုံးဝင်ပြီး ဆေးဖက်ဝင်ပါသည်။ အဆုပ်အအေးမိခြင်း၊ ပန်းနာရင်ကြပ်ခြင်း၊ နှာစေးချောင်းဆိုးခြင်းများဖြစ်ပါက ရင်ဘက်၊ ကျောကုန်း နေရာများကို စိမ့်ဝင်အောင် လိမ်းပေးပြီး နွေးနွေးထွေးထွေးနေပေးပါက ချွဲ၊ သလိပ်များပျော်ပြီး ထွက်ကျစေပါသည်။ ထိပ်ကပ်နာရောဂါများအတွက် နေ့စဉ်ပုံမှန် နှာခေါင်းအတွင်းသို့ မုန်ညင်းဆီ အနည်းငယ်ထည့်ပေးပါက သက်သာပျောက်ကင်းစေပါသည်။ ကလေးငယ်များဗိုက်အောင့်၊ဗိုက်နာ၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်ပါက ဝမ်းဗိုက်ကိုလိမ်းပေးခြင်းဖြင့် သက်သာစေပါသည်။ ဆောင်းရာသီတွင် အအေးဓာတ်လွန်ကဲ၍ နားကိုက်၊ နားနာခြင်းများဖြစ်ပါက မုန်ညင်းဆီအနည်းငယ်ကို နားအတွင်းသို့ ခပ်ပေးပါက ပျောက်ကင်းနိုင်ပါသည်။ မုန်ညင်းဆီ၊ မရိုးရွက်သတ္တုရည်၊ နနွင်းတက်(၃)မျိုးကို ရောစပ်၍ လိမ်းပေးပါက ပွေးနာ၊ ယားနာများကို သက်သာစေပါသည်။ အဆစ်ရောင်သောနေရာများတွင် မုန်ညင်းစေ့ကို ကွမ်းစားဂမုန်းနှင့်သွေးပြီး လိမ်းပေးပါက အဆစ်အမြစ်များအရောင်ကျနိုင်ပါသည်။ ခေါင်းအုံခေါင်းကိုက်ခြင်းများဖြစ်ပါက ဦးခေါင်းတွင်မုန်ညင်းဆီအနည်းငယ်ထည့် လိမ်းပေးပါက သက်သာစေနိုင်ပြီး ဇက်ကြောတက်ခြင်း၊ မျက်ရိုးကိုက်ခြင်းများအတွက် တက်သောနေရာ ကိုက်သော နေရာများတွင်လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။ ထိုသို့ဆေးဖက်ဝင်သော မုန်ညင်း ဆီကို ကလေးငယ်များမှစ၍ လူကြီးများအထိပါ အသုံးပြုနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)
