စစ်ကိုင်းမြို့၏ ဒေသထုတ်ကုန် မြန်မာ့ရိုးရာစားစရာ မုန့်ဟင်းခါးခြောက်

Powered by Drupal
Thu, 03/12/2026 - 15:32 -- consumer_admin

                      မြန်မာလူမျိုးများ၏ ‌ဒေသရိုးရာအစားအစာ နံနက်စာအဖြစ်လည်းကောင်း၊ အလှူအတန်း များတွင်လည်းကောင်း မုန့်ဟင်းခါးကို ဟင်ရည်ဖြင့်(သို့မဟုတ်)အသုတ်အဖြစ် စားသုံးကြပါသည်။ မုန့်ဟင်းခါးခြောက်လုပ်ငန်းကို စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ “စတားလိုက်” မုန့်ဟင်းခါးခြောက် လုပ်ငန်းကို၂၀၁၂ခုနှစ်က စတင်ပြီး မတည်ရင်းနှီးငွေကျပ်သိန်း(၁၅၀)ဖြင့် တစ်ပိုင်တစ်နိုင် အိမ်တွင်းစားသောက်ကုန်လုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ရာ ယခုလုပ်သားအင်အား(၁၂)ဦးအား အလုပ် အကိုင်အခွင့်အလမ်းများပေးနိုင်ပါသည်။  လုပ်သားတစ်ဦးလျှင် (၂)သိန်း(၅)သောင်းမှ (၃)သိန်း (၅)သောင်းထိ လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ လုပ်အားခများပေးချေပါသည်။ ဆန်ကုန်ကြမ်းကို ညောင်လေးပင်၊ တောင်ငူမြို့၊ အုတ်တွင်းမြို့များမှ ဝယ်ယူအသုံးပြုသည်။ တစ်လလျှင် ကုန်ကြမ်းဆန် ၂၄ ပြည်အိတ် ၅၀၀ကို အသုံးပြု၍ ကုန်ချောမုန့်ဟင်းခါးခြောက် ၁၅၀၀၀ပိဿာခန့် ထုတ်လုပ်နိုင် သည်။

          ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ ကုန်ချောပြုလုပ်ရန်အတွက် ဆန်၊ ဆလပ်များကို (၂)နာရီခန့် ရေစိမ်ထားရကြောင်း၊ ရေစိမ်ပြီးသောဆန်များကို ဆန်များကို ၂ကြိမ်မှ ၃ကြိမ်အထိရေဆေးရကြောင်း၊ ရေဆေးပြီးဆန်များကို စက်ကြိတ်ပြီး မုန့်နှစ်များကိုနန်းဆွဲပြီး ရေဆေးရကြောင်း၊ ရေဆေးပြီးသား မုန့်ဖတ်များကို တစ်ရက်နေလှန်းရကြောင်း၊ ခြောက်သွေ့လာသော မုန့်ဖတ်ခြောက်များကို ထုတ်ပိုးပြီး သည့်အခါ ဈေးကွက်သို့ပို့ရန် အသင့်ဖြစ်ကြောင်း သိရှိရသည်။ “စတားလိုက်” တံဆိပ်ဖြင့် ဈေးနှုန်း အမျိုးမျိုးနှင့် ထုပ်လုပ်ရောင်းချသည်။ စက်ရုံလက်လီ/ လက်ကားဈေးနှုန်းများမှာ အလေးချိန် အနည်း အများပေါ်မူတည်၍ ၂၅ကျပ်သားတစ်ထုပ်လျှင် ၁၄၀၀ ကျပ်သတ်မှတ်ပြီး အရည်အသွေးမှန်၊ အလေး ချိန်မှန်၊ ဈေးနှုန်းမှန်ဖြင့် ထုတ်လုပ်ရောင်းချသဖြင့် စားသုံးသူပြည်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းများဖြစ်သည်။ “စတားလိုက်” မုန့်ဟင်းခါးခြောက်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် မြန်မာပြည်အနှံ့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)