ကန့်ဘလူမြို့နယ်တွင် မြေအောက်ရေတင်စနစ်ဖြင့် ဖရဲသီးစိုက်ပျိုးထုတ်လုပ်မှုနှင့် တွက်ခြေကိုက်မှု

Powered by Drupal
Mon, 03/09/2026 - 14:44 -- consumer_admin

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်ချက်မှာ ရေအရင်းအမြစ်ဖြစ်သည်။ ကန့်ဘလူမြို့နယ်သည် အပူချိန်မြင့်မားပြီး မိုးနည်းဒေသတစ်ခုဖြစ်သော် လည်း မြေအောက်ရေအရင်းအမြစ်ကို အသုံးချနိုင်ခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် အားသာချက် များရှိနေသည်။ အထူးသဖြင့် ဖရဲသီးကို မြေအောက်ရေတင်စနစ်ဖြင့် စနစ်တကျစိုက်ပျိုး ထုတ်လုပ် ခြင်းသည် တောင်သူများအတွက် ဝင်ငွေမြင့်တက်စေသော သီးနှံတစ်မျိုးဖြစ်သည်။

မြေအောက်ရေတင်စနစ်၏ အရေးပါမှု

          ကန့်ဘလူခရိုင်တွင် မိုးရေချိန်မတည်ငြိမ်သည့်အတွက် မိုးရေအပေါ်အခြေခံစိုက်ပျိုးမှုသည် အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် မြေအောက်ရေတွင်းများ တူးဖော်ကာ ဒီဇယ်စက် သို့မဟုတ် ဆိုလာစနစ်များအသုံးပြု၍ ပိုက်လိုင်းစနစ်များ အသုံးပြုကာ ရေဖြန့်ဝေပေးခြင်းသည် ဖရဲသီးအတွက် လိုအပ်သည့် ရေဓာတ်ကို အချိန်မှန် ထောက်ပံ့ပေးနိုင်ပြီး အပင်ကြီးထွားနှုန်းနှင့် အသီးထွက်နှုန်းကို ကောင်းမွန်စေသည်။ ယင်းနည်းစနစ်သည် သီးနှံအရည်အသွေးနှင့် ထွက်ရှိမှုကို တိုးတက်စေသည်။ တောင်သူများအနေဖြင့်  မြေအောက်ရေသုံးစွဲမှုကို တာရှည်ခံစေရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရေစနစ်စီမံခန့်ခွဲမှုတို့ကို အလေးထားဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများကလည်း ဆွေးနွေးပွဲ သို့မဟုတ် အသိပညာပေးခြင်းများ ဆောင်ရွက်သင့်ပေသည်။

စိုက်ပျိုးနည်းစနစ်

          ဖရဲသီးကို သာမန်အားဖြင့် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုး၍ ဖေဖော်ဝါရီလမှ မတ် လအတွင်း ခူးဆွတ်နိုင်သည်။ အချို့သော တောင်သူများသည် ဈေးကွက်လိုအပ်ချက်အပေါ် မူတည် အချိန်ပြောင်းလဲစိုက်ပျိုးလာကြသည်။ မြေမျက်နှာပြင် ညီညွတ်စေရန်နှင့် မြေဆီဓာတ်ကောင်းမွန် အောင်ပြင်ဆင်ပြီး ပလပ်စတစ်မလ်ချာ အသုံးပြုခြင်း၊ အပင်အကွာအဝေး စနစ်တကျထားခြင်း တို့သည် အရေးကြီးသည်။ ထို့ပြင် ပိုးမွှားကာကွယ်ရေးနှင့် အာဟာရဓာတ်ထည့်သွင်းခြင်းကိုလည်း စနစ်တကျ ပြုလုပ်ရသည်။ ဖရဲသီးစိုက်ပျိုးရာတွင် တစ်ဧကလျှင် မြေပြင်စရိတ်၊ မျိုးစေ့၊ သွင်းအားစု၊ လုပ်သားခနှင့် လောင်စာဆီ ကုန်ကျစရိတ်စသည်ဖြင့် ယခုနှစ်ဈေးကွက်အခြေအနေအရ စုစုပေါင်း ကုန်ကျငွေ ခန့်မှန်း ကျပ် ၁၅သိန်းမှ ၂၀ သိန်းထိရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

 

ထွက်ရှိမှုူနှင့် တွက်ချေကိုက်မှု

          စနစ်တကျစိုက်ပျိုးနိုင်ပါက တစ်ဧကလျှင် ဖရဲသီးပိဿာချိန် ၈၀၀၀ မှ ၁၀၀၀၀အထိ ထွက်ရှိ နိုင်သည်။ ဖရဲသီးဈေးနှုန်းသည် ရာသီအလိုက်ကွာခြားပြီး ပျမ်းမျှဈေးနှုန်းဖြင့် တွက်ချက်ပါက ဝင်ငွေ ကျပ် ၃၀ သိန်းမှ ၄၀ သိန်းအထိရရှိနိုင်သည်။ ထိုသို့ဖြစ်ပါက ကုန်ကျစရိတ်ကို လျှော့နည်းစွာစီမံနိုင် ပါကအမြတ်ငွေ ကျပ် ၁၀ သိန်းမှ ၁၅သိန်းထိရရှိနိုင်ပြီး တွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်သည်။ ထို့ပြင် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ တင်ပို့နိုင်သော အရည်အသွေးမြင့်အသီး များထွက်ရှိပါက အကျိုးအမြတ်ပိုမိုရရှိနိုင်သည်။

အခက်အခဲနှင့် စိန်ခေါ်မှုများ

          တောင်သူများအနေဖြင့် ဖရဲသီးစိုက်ပျိုးမှုတွင် အခက်အခဲနှင့် စိန်ခေါ်မှုများလည်း ရှိနေသည်။ ရာသီဥတုပြောင်းလဲမှု၊ လောင်စာဆီဈေးနှုန်းမြင့်တက်မှု၊ ပိုးမွှားနှင့်ရောဂါကူးစက်မှု၊ လမ်းပန်းဆက် သွယ်ရေး အခက်အခဲရှိသောကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်မြင့်တက်မှု စသည့်တို့နှင့် ကြုံတွေ့နေရသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် စုပေါင်းရောင်းချမှုစနစ်၊ စိုက်ပျိုးနည်းပညာ သင်တန်းများနှင့် ဈေးကွက်ချိတ်ဆက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်သည်။

          ကန့်ဘလူမြို့နယ်တွင် မြေအောက်ရေတင်စနစ်ကို အခြေခံ၍ ဖရဲသီးစိုက်ပျိုးထုတ်လုပ်ခြင်း သည် မိုးနည်းဒေသအတွက် သင့်လျော်သည့် စိုက်ပျိုးနည်းလမ်းတစ်ခုဖြစ်ပြီး တောင်သူများအတွက် ဝင်ငွေမြင့်မားစေသော စီးပွားရေးသီးနှံအဖြစ် ရပ်တည်လျက်ရှိသည်။ စနစ်တကျ စီမံခန့်ခွဲနိုင်ပါက ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ရေရှည်ရပ်တည် နိုင်မည်ဖြစ်ကြောင်း ဖရဲစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)