ကန့်ဘလူမြို့နယ်၏ ကုလားပဲစိုက်ပျိုးမှုနှင့် တောင်သူအကျိုးအမြတ် ရရှိမှုအခြေအနေ

Powered by Drupal
Sat, 03/07/2026 - 10:26 -- consumer_admin

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံ များကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲသည် ဆောင်ရာသီသီးနှံအဖြစ် မိုးစပါးရိတ်သိမ်းပြီးနောက် စိုက်ပျိုးလျက်ရှိရာ ဒေသခံ တောင်သူများအတွက် ဝင်ငွေတိုးစေသည့် အဓိကသီးနှံတစ်မျိုးဖြစ်လာသည်။

စိုက်ပျိုးမှုအခြေအနေ

         ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း စိုက်ပျိုးမှုအနေဖြင့် ကုလားပဲစိုက်ဧက ၆၀၀၀ ကျော်စိုက်ပျိုးကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများ အရသိရသည်။ ကုလားပဲသည်ရေလိုအပ်ချက်နည်းပြီး ခြောက်သွေ့သောဒေသများတွင်လည်း စိုက် ပျိုးနိုင်သည့် သီးနှံဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များကို အသုံးပြုခြင်း၊ သက်သာသော ဓာတ်မြေဩဇာအသုံးပြုနည်းများနှင့် ပိုးမွှားကာကွယ်ရေးနည်းစနစ်များ တိုးတက်လာခြင်းကြောင့် ထုတ်လုပ်မှုပိုင်းတွင် သီးနှံအထွက်နှုန်းပိုမိုကောင်းမွန်စေကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ရိတ်သိမ်းမှုနှင့် ထွက်ရှိမှု

           ကန့်ဘလူမြို့နယ်အတွင်း၌ ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းလျှက်ရှိရာ စိုက်ပျိုးသူများအနေဖြင့် စနစ်တကျ မြေပြုပြင်မှု၊ သက်တမ်းတို မျိုးစေ့များ အသုံးပြုမှုနှင့် အချိန်မှန်စိုက်ပျိုးနိုင်မှုတို့ကြောင့် တစ်ဧက ၁၂-၁၃တင်းထွက်ရှိကြောင်း၊ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် အထွက်နှုန်းတည်ငြိမ်မှုရှိပြီး ဈေးကွက်တင်ပို့နိုင်သည့် အရည်အသွေးကောင်းသော သီးနှံဖြစ်လာသည်။

ဈေးကွက်နှင့် တောင်သူအကျိုးအမြတ်

          ၂၀၂၆ ခုနှစ်တွင် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဈေးကွက်လိုအပ်ချက်များ ဆက်လက်ရှိနေ သဖြင့် ကုလားပဲဈေးနှုန်းများ တည်ငြိမ်မှုရှိကြောင်း သိရသည်။ အချို့ကာလများတွင်  ဈေးနှုန်းမြင့် တက်မှုများကြောင့် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိခဲ့သည်။ သို့သော် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ကုန်ကျစရိတ်တိုးလာခြင်းတို့ကြောင့် တောင်သူအကျိုးအမြတ်အပေါ် သက်ရောက်မှုရှိခဲ့သည်။

          ကုလားပဲစိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ လုပ်အားခ၊ မြေပြုပြင်ခြင်းနှင့် ပိုးမွှား ကာကွယ်ရေးစရိတ်များအပါအဝင် တစ်ဧကလျှင် ကျပ် ၅၀၀၀၀၀ခန့်ကုန်ကျကြောင်း၊အထွက်နှုန်းသင့်တင့်ကောင်းမွန်သည့်အတွက်တောင်သူများအနေဖြင့်ထိုက်သင့်သည့်အကျိုးအမြတ်ရရှိခဲ့ ကြောင်း သိရသည်။

အနာဂတ်အလားအလာ

    ကန့်ဘလူခရိုင်၏ ကုလားပဲစိုက်ပျိုးရေးသည် ဒေသစီးပွားရေးအတွက် အရေးပါသော အခန်း ကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ ဈေးကွက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာခြင်း၊ သိုလှောင်ရေးနစ်စနစ် တိုးတက်လာခြင်းနှင့် နည်းပညာအသုံးချမှုမြှင့်တင်နိုင်ပါက တောင်သူဝင်ငွေ တိုးတက်လာနိုင်မည် ဖြစ်သည်။ ထို့အပြင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူပေါင်းကာ ဈေးကွက် သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ပါက တောင်သူများ ဈေးကွက်အခြေအနေကို သေချာနားလည်ကာ အမြတ်အစွန်း ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ကန့်ဘလူမြို့နယ်၏ ကုလားပဲစိုက်ပျိုးမှုသည် စိုက်ဧက၊ ထွက်ရှိမှုနှင့် အကျိုးအမြတ်အနေဖြင့် တည်ငြိမ်တိုးတက်လျက်ရှိပြီး ဒေသခံတောင်သူများ၏ လူနေမှုဘဝတိုးတက်စေရန် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။   

DOCA(စစ်ကိုင်း)