
တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်းများ ပေါများသည့် ဒေသဖြစ်သည် နှင့်အညီ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းများ ပြုလုပ်လျက်ရှိသည့် တောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာ၊ မြေ၊ ဥယျာဉ်ခြံများတွင်လည်း စီးပွားဖြစ်စိုက်ပျိုးသီးနှံများအား အများအပြား စိုက်ပျိုးရောင်းချခြင်းဖြင့် အကျိုးအမြတ်များစွာရရှိလျက်ရှိပါသည်။ ဥယျာဉ်ခြံထွက်သီးနှံများအနက်မှ စီးပွားလည်းဖြစ်၊ စိုက်ပျိုးရလည်း လွယ်ကူသည့်သီးနှံမှာ ငှက်ပျောသီးဖြစ်သည်။
ငှက်ပျောပင်များအား စိုက်ပျိုးရာတွင် အဓိကကျသည့် အခြေခံအချက်များအနေဖြင့် မျိုးပင်၊ မြေများအား စနစ်တကျပြုလုပ်တက်ရန် အလွန်အရေးကြီးပါသည်။ စိုက်ပျိုးရာတွင် မြေကိုပြင်ဆင်ပြီး မြေဩဇာထည့်၍ နေရောင် အလုံအလောက်၊ အလွန်ရေဆိုခံမြေများကို ရွေးချယ်တက်ရန်လိုသည်။ ပျိုးပင်များ စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့်တစ်ပင်ကို (ပင်အလိုက်)အနည်းဆုံး (၃ပေမှ -၅ပေ) ထိ ခြား၍ စိုက်ပျိုးရန်လိုအပ်သည်။ ထို့နောက် ရေစနစ်အား မိုးရာသီတွင် အဆင်ပြေသော်လည်း နွေရာသီတွင် ရေလုံလောက်စွာ ထည့်ရန်လည်းလိုအပ်ပါသည်။
ထွက်ရှိချိန်အနေဖြင့် စိုက်ပျိုးပြီး ၈ လမှ ၁၂ လအတွင်း ပထမဆုံးအသီးထွက်ရှိပြီး တစ်ပေါက် လျှင် ပျမ်းမျှ (၁၀လုံးမှ ၁၅ လုံး)နှင့် ကျန်းမာပြီး သက်တမ်းပြည့် ၂ နှစ်ခန့်အထိ စိုက်ပျိုး မည်ဆိုပါက သုံးပေါက်နှင့် ပျမ်းမျှ (၄၀-၅၀လုံးခန့်) ထွက်ရှိကြောင်း သိရှိရပါသည်။ တစ်ဧကထွက်ရှိမှု အနေဖြင့် ငှက်ပျောပင် ၅၀ ထိစိုက်ပျိုးရပြီး အသီးအနေဖြင့် အလုံး( ၆၀၀) ခန့်ထွက်ရှိပါသည်။ လုပ်သားခတွင် အလုပ်သမားတစ်ဦးအတွက် တစ်ရက်လုပ်အားခ ပျမ်းမျှ(၁၂၀၀၀)ခန့်ရရှိပါသည်။ အကျိုးအမြတ်များ အား တွက်ချက်မည်ဆိုပါက လစဉ် ဝင်ငွေကောင်းလျက်ရှိရာ ထားဝယ်မြို့တွင် ရောင်းချနေသော စျေးနှုန်းများအရ တစ်သျှူးငှက်ပျော တစ်ဖီးလျှင် (၁၀၀၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
