တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသထွက် သဘာဝအုန်းသီးစိမ်း

Powered by Drupal
Fri, 03/06/2026 - 13:22 -- consumer_admin

          တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်း၊ တောင်ကုန်း၊ တောင်စွယ်၊ တောင်တန်း များနှင့် သဘာဝသစ်တောအများအပြားတည်ရှိရာ တိုင်း‌ဒေသကြီးဖြစ်သည့်အတွက် သဘာဝအရင်း အမြစ်များပြာစွာထွက်ရှိပြီး ဒေသထွက်ကုန်များလည်း အမျိုးအစားစုံလင်စွာထွက်ရှိပါသည်။ ၎င်းထွက်ကုန်များအနက်မှ စိုက်ပျိုးရေးထွက်ကုန်တစ်မျိုးဖြစ်သည့် အုန်းသီးစိမ်းများလည်း တစ်မျိုး အပါအဝင်ဖြစ်ပါသည်။ အထူးသဖြင့် ထားဝယ်‌ဒေသတွင်လည်း အထူးသင့်တော်သည့် စီးပွား‌ရေးလုပ် ငန်းတစ်မျိုးဖြစ်ပါသည်။

          အုန်းပင်များစိုက်ပျိုးရန် မျိုးများအား ရွေးချယ်မည်ဆိုပါက ကျန်းမာသန်စွမ်းသည့် အုန်းသီးရင့် ကို မျိုးအဖြစ်ရွေးချယ်ရန်လိုအပ်သလို ရေမြင့်အားကောင်းပြီး သီးထွက်ကောင်းသည့် မျိုးများအား ရွေး ချယ်စိုက်ပျိုးရန်လိုအပ်ပါသည်။ စိုက်ပျိုးရာတွင်လည်း အဆိုပါအုန်းပင်မျိုးများအား  နေရောင်အလုံ အလောက်ရပြီး သဲမြေ(သို့) ရေစိမ့်ဝင်မှုအားကောင်းသည့် မြေများအား ရွေးချယ်ရပြီး ရေမခိုမကပ် အောင် အထူးသတိပြုရန်လိုအပ်ပါသည်။ စိုက်ပျိုးရာတွင်လည်း တစ်ပင်နှင့်တစ်ပင်ကို အနည်းဆုံး၂၀-၂၅ ပေခန့် ခွာစိုက်ရပြီး ကျင်းများအား အနည်းဆုံး ၂ ပေ - ၃ ပေခန့် နက်အောင်တူးရပြီး သစ်မြေ ဆွေးများ၊ ဓါတ်မြေဩဇာများအား ထည့်သွင်းစိုက်ပျိုးပေးရသည်။ ထို့နောက် စိုက်ပျိုးပြီး အပင်သက် တမ်း (၃နှစ်မှ ၅နှစ်) အတွင်း အသီးစတင်စွတ်ခူးနိုင်သလို တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ အသီးများ လှိုင်လှိုင်ထွက်ရှိကြောင်းသိရှိရပါသည်။ ထွက်ရှိလာသည့် အုန်းသီးစိမ်းများအား ဒေသ ပေါက်စျေးများအတိုင်း အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှတစ်ဆင့် အခြားတိုင်း/ ပြည်နယ်မြို့ကြီး များသို့ တစ်နိုင်တစ်ပိုင်ပို့ဆောင် ရောင်းချလျက်ရှိပါသည်။

          ရင်းနှီးမြှုပ်နှံမှု(အကြမ်းဖျင်း)အနေဖြင့် မြေပြင်ဆင်ခနှင့် တူး‌ဖော်ခများ၊ မြေဩဇာ၊ မြေဆွေး စရိတ်၊ ပျိုးပင်ဝယ်ယူမှု၊ အလုပ်သမားခများအတွက် တစ်ရက် ပျှမ်းမျှ (၁၀၀၀၀-၁၅၀၀၀) ခန့် ရရှိပြီး အကျိုးအမြတ်များအနေဖြင့် တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။ စီးပွားရေးအကျိုး အမြတ် များအနေဖြင့် အဆိုပါလုပ်ငန်းတစ်ခုတည်းမှ အုန်းသီးအသား၊ အုန်းရည်၊ အုန်းဆီ စသည့်ထုတ်ကုန် များစွာထုတ်လုပ်နိုင်သဖြင့် စီးပွားဖြစ်စိုက်ပျိုးသူများအနေဖြင့် စနစ်တကျ စီမံစိုက်ပျိုးထုတ်လုပ်မည် ဆိုပါက များစွာအကျိုးအမြတ်များရရှိမည်ဖြစ်ပါသည်။ လက်ရှိထားဝယ်မြို့တွင် ရောင်းချနေသော စျေးနှုန်းများအရ အုန်းသီးစိမ်း တစ်လုံးလျှင် ကျပ်(၃၅၀၀) ခန့်ရှိကြောင်း သိရှိပါသည်။

DOCA(တနင်္သာရီ)