စစ်ကိုင်းမြို့နယ်၏ ‌ဒေသထွက်ကုန် နွားနို့ယိုလုပ်ငန်း

Powered by Drupal
Tue, 03/03/2026 - 11:41 -- consumer_admin

               စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် နွားနို့ယိုလုပ်ငန်းလုပ်ငန်းရှင်(၁၅)ဦးမှာ တစ်ပိုတစ်နိုင်လုပ်ကိုင်သူများဖြစ်ကြောင်း၊ နွားနို့ယိုလုပ်ငန်းကို (၁၉၈၉)ခုနှစ်က စတင်လုပ်ကိုင်ခဲ့ကြောင်း၊ ကုန်ကြမ်းဖြစ်သော နွားနို့ကို ရွာသစ်ကြီးကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာအနီးရှိကျေးရွာများမှ  နွားနို့ (၁)ပိဿာလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူကျိုချက်လုပ်ကိုင်ကြောင်း၊ (၁)ဒယ်လျှင် (၉)ပိဿာနှုန်းဖြင့် ကျိုချက်ပြီး လုပ်သားတစ်ဦးလျှင် (၃)ဒယ်နှုန်းဖြင့် ကျိုချက်၍ အချိန်အားဖြင့် (၂)နာရီ ကြာမြင့်ကြောင်း၊ နွားနို့(၁)ပိဿာလျှင် သကြား(၂၀)ကျပ်သားနှုန်းဖြင့် ဆားအနည်းငယ်အား အရည်ဖျော်၍ ထည့်ရကြောင်း၊ အရည်မကျန်အောင်ကျိုပြီး နွားနို့ယို(၃ချိုး ၁ချိုး)ထွက်ရှိကြောင်း၊ လင်ဗန်းတွင်ထည့်၍ အအေးခံထားပါက နွားနို့ယိုများရရှိကြောင်း သိရှိရပါသည်။

          ရွာသစ်ကြီးကျေးရွာမှနွားနို့ယိုလုပ်ငန်းကို အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင် ကြပြီး နွားနို့ယိုထုတ်လုပ်သောလုပ်ငန်းရှင်များအနေဖြင့် အများစုမှာ နွားနို့ယိုလက်လီ/ လက်ကား အရောင်းအဝယ်ဖြစ်ကြောင်း၊ နွားနို့ယို (၂၅)ကျပ်သားလျှင် ( ၆၀၀၀မှ ၇၀၀၀)ကျပ် နှုန်းဖြင့် ရောင်းချကြောင်း၊ နွားနို့ယိုများကို ၁၀ကျပ်သား၊ ၂၀ကျပ်သား၊ အသီးသီးလေလုံအောင် ပလပ်စတစ် အိတ်ထုပ်ပိုးပြီး ရောင်စုံစက္ကူဗူးများဖြင့် ငွေကျပ် ၂၅၀၀/-မှ ၃၀၀၀/-ဈေးအသီးသီးဖြင့် ရောင်းချကြောင်း၊ ရောင်းဝယ်ဖောက်ကားမှုအ‌နေဖြင့် မိမိဒေသတွင်းမှ‌ဖောက်သည်ဝယ်ယူခြင်း၊ မန္တလေးသို့တင်ပို့ရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။ နွားနို့ယိုလုပ်ငန်းကိုအိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့်လည်းကောင်း၊ လုပ်ငန်းဖြစ်ထွန်းသည်နှင့်အမျှ ဒေသတွင်းပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိလာခြင်းနှင့် နွားနို့ယိုလုပ်ငန်းရှင်များ၏ အကျိုးစီးပွားများလည်း ဖြစ်ထွန်း လာမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။   

DOCA(စစ်ကိုင်း)