ယနေ့ခေတ်ကမ္ဘာကြီးသည် အရာရာတွင်တိုးတက်မှုအပေါင်းနှင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိ သည်။ လူသားတို့၏တီထွင်ကြံဆမှုကြောင့် အသစ်သစ်တို့သည်အဆက်မပြတ်ဖြစ်ပေါ်နေလျက်ရှိရာ စီးပွားရေးလုပ်ငန်းများသည်လည်း နည်းပညာအသစ်များဖြင့် တိုးတက်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်၏ အသေးစား၊ အငယ်စားနှင့်အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးသည် အရေးပါလှသည့်အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ နိုင်ငံတော် အစိုးရကအသေးစား၊ အငယ်စားနှင့်အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များချမှတ်ပြီးတွန်းအားပေးထောက်ပံ့ကူညီမှုများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ သကဲ့သို့ MSMEလုပ်ငန်းများသည် မတူညီသည့်အတွေးအခေါ်များ၊ ဆန်းသစ်တီထွင်မှုများနှင့် အတူစျေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေးမြင့်မားအောင် ကြိုးစားဆောင်ရွက်လျက် ရှိပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများကိုပါ ဖန်တီးပေးလျက်ရှိသည်။
MSME ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေး
အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME)လုပ်ငန်းများသည် နိူင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကမောင်းနှင်အားဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေသောကြောင့် MSMEလုပ်ငန်းများနှင့် ထုတ်ကုန်များဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကဏ္ဍဖြစ်သည်။ အဆိုပါကဏ္ဍများမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။ MSMEလုပ်ငန်းများအတွက် အဓိကလိုအပ် ချက်(၄)ခုရှိသည်။ ၎င်းတို့မှာ ကုန်ကြမ်း၊ ရင်းနှီးမြှပ်နှံမှု၊ သွင်းအားစုနှင့်လူသားအရင်း အမြစ်တို့ ဖြစ်သည်။ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများကိုအသုံးပြုပြီး အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME)လုပ်ငန်းများတွင် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ဒေသတွင်း ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးတိုးတက်မှုကို အထောက် အကူပြုစေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်မှ MSME လုပ်ငန်းရှင်များ၏လိုအပ်ချက်များ ဖြစ်သည့် ကုန်ကြမ်းရရှိရေးကိုလည်း ဖြည့်ဆည်းပေးလျက်ရှိရာတွင် MSME ထုတ်ကုန်များဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာများလွှဲပြောင်းပေးခြင်း၊ ကုန်စည်ပြပွဲများဖိတ်ခေါ်ပြသခြင်း၊ ဒေသ တွင်းထုတ်ကုန်ပြပွဲပြိုင်ပွဲများပြုလုပ်၍ ဆုချီးမြှင့်ခြင်း၊ နိုင်ငံတကာကုန်ထုတ်လုပ်မှု ကွင်းဆက် များတွင် ဝင်ရောက်နိုင်အကူအညီပေးခြင်း၊ အရင်းအနှီးလိုအပ်ချက်အတွက် ချေးငွေရရှိရေး ဆောင်ရွက်ပေးခြင်းတို့ကို နိုင်ငံတော်ကပံ့ပိုးကူညီပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ပြည်တွင်း၌ရှိသည့်စီးပွားရေးလုပ်ငန်းများ၏ ၉၀ရာခိုင်နှုန်းသည်အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများအများဆုံး ပါဝင်နေသည်။ MSMEလုပ်ငန်းစု များသည်ပုဂ္ဂလိကစီးပွားရေးကဏ္ဍ၏ကျောထောက်နောက်ခံဖြစ်သကဲ့သို့တီထွင်ဆန်းသစ်မှုများ၏ အဓိကအရင်းအမြစ်များအဖြစ်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ ဆင်းရဲမှုလျှော့ချရေးနှင့်စွန့်ဦးတီထွင်လုပ်ငန်းစုများ၏ အစပြုရာနေရာအဖြစ်လည်းကောင်း၊ MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတွင်းငွေကြေးလည်ပတ်စီးဆင်းမှုကို စဥ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတစ်ရပ်ဖြစ်သည့် ပြည်တွင်းအသားတင် ထုတ်လုပ်မှု တိုးတက်စေရန်ကိုလည်းကောင်း အထောက်အကူပြုနိုင်သည်။ ပြည်ထောင်စုအဆင့် ကုန်စည်ပြပွဲ၊ ပြိုင်ပွဲ၂၀၂၆ခုနှစ် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အစိုးရမှ ပြည်ထောင်စုအဆင့်ထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်ကိုနေပြည်တော်၌ဖေဖော်ဝါရီလ ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ၇ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြုပြခန်း ၁၅ခန်းပါဝင်ပြသထားပြီး ဝန်ကြီးဌာနပြခန်းများ၊ စီးပွားရေးချိတ်ဆက်မှုနည်းပညာပြခန်းများ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများစသည်ဖြင့်ပြခန်းစုစုပေါင်း၁၂၆ခန်းခန့်ပါဝင်ပြသထားသည်။MSMEထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်၌ MSMEထုတ်ကုန် များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများကို ပြခန်းအလိုက် အမျိုးအစားစုံလင်စွာပါဝင်ပြသထားသည်။ ထို့ပြင်စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ ဆိုင်ခန်းများ လည်း ပါဝင်မည်ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပြပွဲတွင်ငါးခြောက်၊ ပုစွန်ခြောက်အပါအဝင်ရေထွက်ကုန်ပစ္စည်းများကို အခြေခံ၍ထုတ်လုပ် ထားသည့်တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အသေးစား၊ အလတ်စားလုပ်ငန်းများမှ ထုတ်လုပ်သည့် ရေထွက်ကုန်ပစ္စည်များကို အမျိုးအစားစုံလင်စွာပါဝင်ခင်းကျင်းပြသထားသည်။ ထိုသို့ပြသရာတွင် ရေထွက်ကုန်ပစ္စည်းပြုပြင်ထုတ်လုပ်မှုအတွက် အရေးပါသည့် (GHP,GMP,SSOP)ကဲ့သို့သန့်ရှင်း ရေးနှင့် ဘေးကင်းစေရေးအတွက် ထုတ်လုပ်သူများအနေဖြင့် သိရှိရမည့်အချက်များ၊ ထုတ်လုပ်ခွင့် လိုင်စင်များနှင့်ပတ်သတ်သည့်လုပ်ငန်းစဥ်များကိုလည်း ပြပွဲလာရောက်သူများလေ့လာနိုင်ရန် ထည့်သွင်းပြသထားသည်။ နိုင်ငံတော်မှ အဆိုပါပြပွဲခင်းကျင်းပြသရသည့် ရည်ရွယ်ချက်မှာ ပြည်ထောင်စုအဆင့်MSMEထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်ကို ထုတ်ကုန်ပြသခြင်းအတွက် သာမက MSMEလုပ်ငန်းရှင်များနှင့် စိုက်ပျိုးတောင်သူများ၏ လုပ်ငန်းတိုးတက်ရေးအတွက် လက်တွေ့အကူအညီပေးသည့် ပလက်ဖောင်းတစ်ခုအဖြစ်ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအခြေအနေများဖြစ်သည့် ပြည်ပတင်ပို့မှု၊ တင်သွင်းမှု မျှတမှုများသည် နိုင်ငံ၏စီးပွားရေးအပေါ်များစွာမူတည်သည်။ တင်ပို့မှု၊ တင်သွင်းမှုကွာဟချက် သို့မဟုတ် သွင်းကုန်သည်ပို့ကုန်ထက်များပြားနေပါက တိုင်းပြည်စီးပွားရေးတွင် Trade deficit အနုတ်လက္ခဏာကိုသာ မြင်ရမည်ဖြစ်သည်။ မြေပေါ်ရေအောက်သစ်တောသယံဇာတများ ပေါကြွယ် ဝသော မြန်မာနိုင်ငံတွင်ခေတ်အဆက်ဆက်ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှုပမာဏ များပြား လျက်ရှိသည်။ သို့သော် အရေးကြီးကိစ္စရပ်များစွာနှင့်အတူ ပြုပြင်ပြောင်းလဲမှုများဖြင့် တည်ဆောက် နေသော အခြေအနေများတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဥ်များ၊ စီးပွားရေးနှင့် ပတ်သတ်သည့် ဆက်စပ်စီးပွားရေးမူဝါဒများချမှတ်ပြီး အရှိန်အဟုန်ဖြင့်ကြိုးပမ်း ဆောာင်ရွက် လျက်ရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုဘဝအများစု၏၉၉ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စားနှင်အလတ်စား စီးပွားရေးလုပ်ငန်းအများစုအပေါ်တွင် ရပ်တည်နေ ရပြီး၎င်းသည် နိုင်ငံစီးပွားရေးယန္တရားတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဥ်တွင် ပြည်သူများ၏လူမှုစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ထားပြီး ပြည်သူဗဟိုပြုဖွံ့ဖြိုးရေး လုပ်ငန်းများဖြင့် စားရေရိက္ခာဖူလုံရန်နှင့် တိုင်းပြည်သာယာဝပြောရေးကို ကြိုးပမ်းဆောင်ရွက် မည့်လုပ်ငန်းစဥ်များပါရှိသည်။ MSME ဖွံ့ဖြိုးရေးရည်ရွယ်ချက်များသည် ရေရှည်အာမခံချက်ရှိရန်နှင့် ကျွဲကူးရေပါဆိုသလို အလုပ်အကိုင်အခွင့်အလမ်းများစွာနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဖော်ဆောင်ပေးနိုင်မည့် လုပ်ငန်းစဥ်များဖြစ်သည်။ ထို့ကြောင့် တိုင်းရင်း သားများပိုင်စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်အမြောက်အများကို ခေတ်မီနည်း စနစ်များဖြင့်ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းစဥ်များကို လေ့လာကြည့်ပါက ပြည်သူတစ်ရပ်လုံးစီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြကျေးလက်ကွာဟမှုလျော့ ပါးကာဆင်းရဲမှုပပျောက်ရေးအတွက် MSME လုပ်ငန်းများအပေါ်များစွာအခြေပြုထားကြောင်း တွေ့ရှိရမည်ဖြစ်သည်။ စျေးကွက်ခိုင်မာမှုစနစ်ကို ကိုယ်စားပြုခြင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် သုံးစွဲသူပြည်သူများကို ဗဟိုပြုသောလုပ်ငန်းများဖြစ်သည်။ လုပ်ငန်းများကောင်းမွန်စွာလည်ပတ်နိုင်ရေးသုံးစွဲသူနှင့် ထိတွေ့ဆက်ဆံခြင်းသည် စျေးကွက်အတွင်း ရှိ ကုန်စည်အရည်အသွေးကိုစုံစမ်းခြင်းလည်းဖြစ်သည်။ ပြိုင်ဘက်ကောင်းများနှင့် တွေ့ဆုံခြင်း လည်းဖြစ်သည်။ အလားတူပင် မိမိ၏လုပ်ငန်း၊ ကုန်အမှတ်တံဆိပ်ကိုတောက်ပလာအောင် လုပ်ဆောင်ခြင်းနှင့်လည်းတူညီသည်။ အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းဆိုင်ရာ စျေးကွက်ရှာဖွေ သည့်လုပ်ငန်းများသည် မိမိကုန်ပစ္စည်းကို အာမခံခြင်းဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းသည် တိုးတက်ပြောင်းလဲလျက်ရှိသည့် ခေတ်ကိုဆွဲဆောင်ခြင်းသာဖြစ်သည်။ ဥပမာအားဖြင့် ဆန်၊ ဆီ၊ ဆားအစလူသုံးကုန်ပစ္စည်းများကို ဖုန်းဖြင့်ဆက်သွယ်မှာယူနိုင်ပြီး အိမ်တိုင်ရာရောက်ပို့ဆောင် ပေးသည့်ဝန်ဆောင်မှုလုပ်ငန်းများပေါ်ပေါက်လာခြင်းဖြစ်သည်။ ဝယ်ယူသည့်ပစ္စည်းအပေါ် တာဝန်ခံ မှု၊ တာဝန်ယူမှုဖြင့်အာမခံဆောင်ရွက်ပေးခြင်းသည် စျေးကွက်ခိုင်မာမှုစနစ်ကို ကိုယ်စားပြု လာခြင်းဖြစ်သည်။ထို့ကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း အစီစဥ် များတွင် စတင်လုပ်ကိုင်မည့်သူများကို လမ်းဖွင့်ကြိုဆိုကြရမည်ဖြစ်သည်။ ချေးငွေနှင့် အကူအညီ ရရှိရေးလမ်းပြကူညီကြရပါမည်။ အတွေ့အကြုံရင့်ကျက်သော လုပ်ငန်းတိုင်းတွင် မဟာဗျူဟာ၊ နည်းဗျူဟာလုပ်ငန်းအစီစဥ်များရှိသကဲ့သို့ မတူညီသောလုပ်ငန်းစဥ်၊ မတူညီသော လုပ်ငန်းနယ်ပယ် များတွင် လုပ်ငန်းတစ်ခုရေရှည်တည်တံ့ရေး ရှုထောင့်ပေါင်းစုံမှ စဥ်းစားဆောင်ရွက်ရလေ့ရှိသည်။ လုပ်ငန်းနှင့်ရင်းနှီးမြှပ်နှံခြင်းသည် အကျိုးအမြတ်ကိုဖန်တီးပေးစွမ်းနိုင်သည်။ လုပ်ငန်း တစ်ခုသည် စျေးကွက်နှင့်ဝန်းကျင်ကောင်းပေါ်တွင်တည်မှီနေခြင်းကြောင့် ခိုင်မာသောစျေးကွက်ကိုဖော်ဆောင် ကြရမည်ဖြစ်သည်။
လက်ရှိနိုင်ငံတော်မှချမှတ်ထားသည့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသောဆောင်ပုဒ်သည် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ပြည်တွင်းထုတ်ကုန်များကိုတန်ဖိုးမြှင့်တင်ရန်နှင့်ပြည်ပမှီခိုမှုလျှော့ချရန် အသိပေးနေခြင်းဖြစ်ပြီး ဆောင်ပုဒ်အတိုင်းလုပ်ဆောင်သွားမည်ဆိုပါက နိုင်ငံတစ်နိုင်ငံလုံး၏စီးပွားရေးမှာလည်း တိုးတက် လာမည်မှာအမှန်ပင်ဖြစ်ပါသည်။ အနှစ်ချုပ်အနေဖြင့် MSMEလုပ်ငန်းများပိုမိုအားကောင်း လာပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်သည်။ အလုပ်အကိုင်အခွင့်အလမ်း များမှတစ်ဆင့် စီးပွားရေးသမားတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။ တစ်နိုင်တစ်ပိုင်အိမ်တွင်း ထုတ်လုပ်ငန်းများနှင့်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလူပ်ငန်းများမှ တစ်ဆင့် ပြည်တွင်းသာမက ပြည်ပ၌ပင်အသုံးချနိုင်သည့် အရည်အသွေးမြင့်ထုတ်ကုန်များကို ထုတ်လုပ်လျက် နိုင်ငံတော်၏ အကျိုးစီးပွား၊ လူမှုစီးပွားရေးဘဝတိုးတက်ရေးကို ဖြည့်စွမ်းနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးကူညီ ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)
