
ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကားထုတ်လုပ်မှုသည် ယခင်နှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၅၃ ရာခိုင်နှုန်း တိုးတက်၍ အစီးရေ ၁၁၈,၃၈၆ ထိ ရောက်ရှိခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် (FTI) က ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့တိုးတက်မှုမှာ ပြည်တွင်းရောင်းချမှု မြင့်တက်လာခြင်းနှင့် လျှပ်စစ်ကား (EV) ထုတ်လုပ်မှု တိုးတက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပါသည်။ ဒီဇင်ဘာလတွင်လည်း ကားထုတ်လုပ်မှုသည် ၈.၅၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆက်လက်မြင့်တက် လာခြင်းဖြစ်ကြောင်း သိရပါသည်။ ဇန်နဝါရီလအတွင်း ပြည်တွင်းကားရောင်းချမှုမှာ ယခင်နှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၅၃.၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထိုင်း နိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း အကြီးဆုံး ကားထုတ်လုပ်ရေးစင်တာဖြစ်ပြီး ကမ္ဘာ့ ထိပ်တန်းကားထုတ်လုပ်သူများဖြစ်သည့် Toyota နှင့် Honda ကဲ့သို့သော ကုမ္ပဏီများအတွက်လည်း အရေးပါသော တင်ပို့ရာအခြေစိုက်တစ်ခုဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် တရုတ် လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် BYD (Build Your Dreams) နှင့် Great Wall Motors တို့သည် ပြည်တွင်းရောင်းချမှုနှင့် တင်ပို့ရန်အတွက် ထိုင်းနိုင်ငံတွင် စက်ရုံများတည်ထောင်ထားကြကြောင်း သိရပါသည်။ FTI ၏အဆိုအရ ၂၀၂၅ ခုနှစ်တွင် ကားထုတ်လုပ်မှု ၀.၉ ရာခိုင်နှုန်း လျော့နည်း၍ အစီးရေ ၁.၄၅၅ သန်းသို့ ကျဆင်းခဲ့သော်လည်း ယခုနှစ်အတွက် ၃ ရာခိုင် နှုန်း တိုးတက်ကာ အစီးရေ ၁.၅ သန်းအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)
