ရာသီစာ ဥသျှစ်သီး စားသုံးခြင်းဖြင့် ရရှိနိုင်သောကောင်းကျိုးများ

Powered by Drupal
Thu, 02/26/2026 - 12:10 -- consumer_admin

     ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုး/ထွက်ရှိရာ ယခုအခါ ဥသျှစ်သီးများ ရောင်းချနေကြောင်း တွေ့ရှိရသည်။ ဥသျှစ်ပင်သည် ၎င်း၏ နက်ရှိုင်းသော ရေသောက်မြစ်စနစ်ကြောင့် ရေရှားပါးသော ဒေသများတွင် မြေအောက်ရေကို ရှာဖွေနိုင်စွမ်း ရှိသောကြောင့် အပူပိုင်းဒေသများတွင် အများဆုံး ပေါက်ရောက်ပြီး အမြင့်ပေ ၃၀ မှ ပေ ၄၀ ထိရှိသော သက်တမ်းရှည် အပင်လတ်မျိုးဖြစ်သည်။ အသီး၏ ပုံသဏ္ဍာန်သည် ပြောင်ချောနေသော အခွံမာရှိပြီး အတွင်းပိုင်းတွင် ချိုသောအညိုရောင်အသားများနှင့် အစေ့ဖြူဖြူများပါသော အသီးမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် မေလနှင့် ဇွန်လများတွင် အပွင့်များတွင် ပွင့်လေ့ရှိပြီး အသီးမှည့်ရန်အတွက် ၁၀ လမှ ၁၁ လခန့်အထိ ကြာမြင့်တက်သည်။ အသီးများ အစိမ်းရောင်မှ တစ်ဖြည်းဖြည်း ဝါဖျော့ဖျော့ အရောင်သို့ ပြောင်းလဲလာပါက အသီးရင့်မှည့်ပြီးဟု သတ်မှတ်ကြသည်။ ဥသျှစ်သီးကို ထန်းလျှက် (သို့မဟုတ်) သကြားတို့ဖြင့် ရော၍ ဖျော်သောက်ပါက ချိုသောအရသာနှင့် မွှေးသောအနံ့ရှိသည်။ ဥသျှစ်အသီး သာမက အရွက်များကိုပါ စားသုံးနိုင်သည်။    

          ထို့ပြင် ရာသီစာ ဥသျှစ်သီးကို စားသုံးပေးခြင်းဖြင့်   နှလုံးကျန်းမာစေနိုင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းကို ကျန်းမာစေနိုင်ခြင်း၊ ကိုလတ်စထရောထိန်းညှိပေးခြင်း၊ ဘက်တီးရီးယားများကို တိုက်ဖျတ်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေနိုင်ခြင်း၊ အရေပြားအဖုအပိမ့်များကို သက်သာစေနိုင်ခြင်း၊ ကင်ဆာ ရောဂါလက္ခဏာများကို ကာကွယ်ပေးနိုင်ခြင်း၊ ဗီတာမင်C ချို့တဲ့မှုကို ကာကွယ်ပေးနိုင်ကြောင်း၊ ကျန်းမာရေးအတွက် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်သော ဥသျှစ်သီးကို စားသုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသည်။ ထို့ကြောင့် ဥသျှစ်ပင်သည်  သဘာဝအတိုင်း အလေ့ကျ ပေါက်ရောက်နိုင်စွမ်း မြင့်မားသော်လည်း ၎င်း၏ အသုံးဝင်မှုကြောင့် လူတို့ကလည်း အိမ်ခြံဝန်းများ၊ လမ်းဘေးဝဲ/ယာများနှင့် ဘုရားကျောင်းကန်ဝန်းကျင်များတွင် တကူးတက စိုက်ပျိုးထားတတ်ကြသော အပင်တစ်မျိုး ဖြစ်ပါသည်။

DOCA(ပဲခူး)