သဘာဝ၏ရွှေရည်စိမ်လက်ဆောင်ပျားရည်

Powered by Drupal
Wed, 02/25/2026 - 11:22 -- consumer_admin

          လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကတည်းက လူသားများသည် ပျားရည်ကို အစားအစာဖြစ် သော်လည်းကောင်း၊ ဆေးဝါးအဖြစ်သော်လည်းကောင်း တန်ဖိုးထားသုံးစွဲခဲ့ကြပါသည်။ ပျားရည်၏ အခြားအရာတွေနှင့်မတူသော ထူးခြားချက်မှာ လုံးဝပုပ်သိုးမသွားခြင်းပင်ဖြစ်သည်။ ပျားရည်တွင် သဘာဝသကြားဓာတ်အပြင် ခန္ဓာကိုယ်အတွက်လိုအပ်သော အင်ဇိုင်းများ၊ ဗီတာမင်နှင့်သတ္တုဓာတ် များကြွယ်ဝစွာပါဝင်ပြီး သဘာဝပိုးသတ်ဆေးတစ်ခုလည်းဖြစ်ပါသည်။

           ချောင်းဆိုးရောဂါဖြစ်နေလျှင် ညအိပ်ခါနီးပျားရည်တစ်ဇွန်းသောက်သုံးပေးခြင်းဖြင့် ဆေးဆိုင် က ဝယ်ယူသော ချောင်းဆိုးပျောက်ဆေးများထက်ပင် ပိုမိုထိရောက်ကြောင်း သုတေသနများကဆိုပါ သည်။ ပျားရည်ကို ရေနွေးပူပူလေးထဲသို့ သံပရာရည်၊ ချင်းနှင့်နနွင်းတို့ဖြင့်ရောစပ်ပြီး သောက်သုံး ပေးလျှင် ကိုယ်အလေးချိန်လျှော့ကျစေခြင်း၊ အအေးမိ၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်းနှင့် အစာအိမ်နာဖြစ်သူများအတွက် သက်သာပျောက်ကင်းစေနိုင်ပါသည်။

                 ဟင်းချက်ရာတွင်လည်းကောင်း၊ အသားများကင်သည့်အခါတွင်လည်းကောင်း သကြား အစားပျားရည်ကိုအသုံးပြုခြင်းဖြင့် အသားကိုပိုမိုနူးညံ့စေပြီး လှပသောအရောင်အဆင်းနှင့်ထူးခြား သောအနံ့ကိုရရှိစေပါသည်။ အလှအပရေးရာအတွက်လည်း မျက်နှာအသားအရေပေါ်တွင် ပျားရည်၊ ဒိန်ချဉ်နှင့်သံပရာရည်ကိုရော၍ ပေါင်းတင်ပေးခြင်းဖြင့် အသားအရေကြည်လင်ဝင်းပစေနိုင်ပြီး နှုတ်ခမ်းကွဲခြင်း၊ ခြောက်သွေ့ခြင်းများအတွက် ညအိပ်ခါနီး ပျားရည်အနည်းငယ်လိမ်းပေးခြင်းဖြင့် နူးညံ့စိုပြည်စေပါသည်။

             ပျားရည်သည် သဘာဝကပေးသောအရင်းအမြစ်တစ်ခုဖြစ်သော်လည်း လူသားတို့၏နည်း ပညာဖြင့်ပေါင်းစပ်ထိန်းသိမ်းမှသာ အဆင့်မီသောကုန်ချောကိုရရှိနိုင်မည်ဖြစ်သည်။ ပျားရည်သည် စားစရာသက်သက်မဟုတ်ဘဲ လူသားတို့၏ကျန်းမာရေးနှင့်အလှအပအတွက် ဘက်စုံအသုံးဝင်သော သဘာဝ၏နတ်ဆေးရည်ပင်ဖြစ်သောကြောင့် အိမ်တိုင်းမိသားစုတိုင်းဆောင်ထားသင့်ပါသည်။

DOCA(ပဲခူး)