သထုံမြို့နယ်အတွင်းရှိ ကျေးရွာမျာတွင်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံ တောင်သူများ ပြောင်းဖူးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျှက်ရှိကြသည်။ ပြောင်းဖူးစိုက်ပျိုးခြင်း သည် စီးပွားဖြစ်ရော တစ်နိုင်တစ်ပိုင်အတွက်ပါ တွက်ချေကိုက်သော စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။ နှုန်းတင်မြေနု၊ သောင်မြေထွန်းမြေတို့တွင် စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းပါသည်။ အပူချိန် (၆၀-၉၅) ဒီဂရီဖာရင်ဟိုက်ရှိသော အခြေအနေတွင် ပြောင်းများဖြစ်ထွန်းနိုင်သည်။ နေ့အပူချိန် (၅၅) ဒီဂရီဖာရင်ဟိုက်အောက်ကျဆင်းသော ရာသီတွင် စိုက်မရပါ။ အပူချိန် (၇၀-၇၅) ဒီဂရီဖာရင်ဟိုက်ရှိသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ ညအပူချိန် (၆၅) ဒီဂရီဖာရင်ဟိုက်အထက်ရှိသော ရာသီကိုပိုမိုကြိုက်နှစ်သက်သည်။ ယင်းအပူချိန်ထက် အေးသောဒေသတွင် မစိုက်သင့်ပါ။
ပြောင်းဖူးကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိကြပါသည်။ ပြောင်းဖူး တစ်ဧကစိုက်ပျိုးကုန်ကျစရိတ်သည် စိုက်ပျိုးမည့် နည်းစနစ်၊ စိုက်ပျိုးပင် အမျိုးအစားနှင့် လုပ်အားခပေါ်မူတည်၍ ဒေသအလိုက် ကွာခြားမှုရှိပါသည်။
ပြောင်းစိုက်မည့်မြေကွက်အား ကြိုတင်ထယ်ရေပြင်ထားရသည်။ ယခင်အသီးအနှံ အကြွင်းအကျန်များနှင့်ပေါင်းမြက်များအား ထယ်စာခဲအောက်မြုပ်စေခြင်းဖြင့် မြေဆွေး ဓာတ်များရစေပြီး ပေါင်းမြက်ပေါက်မှု သက်သာစေပါသည်။ ပြောင်းစိုက်ခါနီး ထယ်ရေး မပြင်မီတွင် သစ်ဆွေး၊ နွားချေးဆွေးများ ထည့်ပြီးမှ မြေပြင်ရပါသည်။ ထယ် (၁-၂) စပ်နှင့် ထွန် (၄) စပ်မြေ အမျိုးအစား အနေအထားအရပြုပြင်ရပါသည်။
ပြောင်းသည် လေဖြင့်ဝတ်မှုန်ကူးသောအပင်ဖြစ်၍ အတန်းများအား လေသွားလမ်း ကြောင်းကို ကန့်လန့်ဖြတ်၍ထားသင့်ပါသည်။ အတန်းကြား (၂၄-၃၀) လက်မ၊ အပင်ကြား (၈-၁၂) လက်မတွင် (၁) ကျင်း(၁) ပင်ချန်ထားပြီးစိုက်ရပါသည်။ မျိုးနှင့်စိုက်ပျိုးသည့်စနစ် ကွဲပြားသည်နှင့်အမျှ အတန်းကြား အပင်ကြားကွာခြားနိုင်ပါသည်။ တစ်ဧက အပင်ရေ (၁၇၀၀၀) မှ (၂၄၀၀၀) ပင် ဝင်အောင်စိုက်သင့်ပါသည်။
ပြောင်းစိုက်ပျိုးရန် ထယ်ရေးမပြင်မီ ပေါက်နေသော ပေါင်းမြက်များအား ပေါင်းသတ် ဆေးတစ်မျိုးမျိုးဖြင့် နှိမ်နင်းရပါသည်။ ပေါင်းသတ်ဆေးအား ပေါင်းပင် အရွက် (၂) ရွက် ထွက်ချိန် နောက်ဆုံးအသုံးပြုပေးရန် ဖြစ်ပါသည်။
ပြောင်းဖူးစိုက်ပျိုးရန် တစ်ဧကတွင် အစေ့ထုပ် (၆) ထုပ်ခန့် လိုအပ်ပါသည်။ အစေ့ ထုပ်(၁) ထုပ်လျှင် ၅၀၀ ဂရမ်ဖြစ်ပြီး အစေ့ ၃၀၀၀ ပါရှိသည်။ ပြောင်းဖူးစေ့ (၁) ထုပ်လျှင် ၇၀၀၀ကျပ် ဖြစ်ပါသည်။ စိုက်ခအနေဖြင့် လူငှားတစ်နေ့ ၂၀၀၀၀ ကျပ်ပေးရပြီး ၂ ရက် စိုက်ရပါသည်။ တစ်ကျင်းလျှင် ၁စေ့ စိုက်ရပါသည်။ တစ်ပင်မှ ၁ဖူးထွက်ပါသည်။ သွင်းအားစုအနေနှင့် မြေဩဇာ (၂)ခါ ကျွေးရပါသည်။ ပင်ငယ်ချိန်နှင့် ပေါင်းလုံးချိန်တို့တွင် ကျွေးရပြီး ကုန်ကျစရိတ်စုစုပေါင်း တစ်ဧကလျှင် သိန်း (၂၀)ခန့်ရှိပြီး အကျိုး အမြတ်အနေဖြင့် တစ်ဧကလျှင် (၂၅) သိန်း ဝန်းကျင်ခန့် အမြတ်အစွန်းရရှိသဖြင့် တောင်သူများအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းကြောင်း သိရပါသည်။
ပြောင်းဖူးမှ ကျန်းမားရေးအကျိုးကျေးဇူးများစွာ ရရှိပါသည်။ ပြောင်းဖူးကို ပြုတ်စား၊ ကင်စား၊ ကြော်စား၊ ထောင်းစား၊ မီးဖုတ်စား၊ လက်ဖက်သုပ်ထဲ ထည့်သုပ်စား၊ မုန့်နှစ်နှင့် အကြွပ်ကြော်စားခြင်းအပြင် ပြောင်းဖူးစေ့လေးတွေကို ခြွေပြီး ဆီ၊ ဆားလေးနှင့် နယ်ကာ သရေစာအနေဖြင့်လည်း အမျိုးမျိုးစားသုံးကြပါသည်။
ပြောင်းဖူးတွင် Protein (အသားဓါတ်) ကြွယ်ဝစွာ ပါဝင်သဖြင့် ကြွက်သားများကို သန်မာစေပြီး နေ့စဉ်ခွန်အား ပြည့်စေပါသည်။ ပြောင်းဖူးတွင် Fibes(အမျှင်ဓာတ်) ကြွယ်ဝစွာ ပါဝင်သဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပါသည်။ ပြောင်းဖူးမှာ အူမကြီး ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်သည့် ဆဲလ်များကို အားဖြည့်ပေးပါသည်။ ပြောင်းဖူး စားခြင်းကြောင့် သွေးအတွင်းက သကြားဓါတ်ကို ထွန်းညှိပေးနိုင်ပါသည်။ ပြောင်းဖူးကို စားခြင်းသည် သွေးတိုးကျစေပါသည်။ ပြောင်းဖူးတွင် သိုင်ယာမင်း(သို့မဟုတ်)ဗီတာမင်-B ပါဝင်သောကြောင့် မှတ်ဉာဏ် စွမ်းအားကိုကောင်းမွန်စေပါသည်၊၊ ထိုဦးနှောက်ဆဲလ်များကို အားကောင်းစေပြီး တွေးခေါ်နိုင်သည့် လုပ်ငန်းဆောင်တာများကို တိုးတက်စေပါသည်။
ထို့ကြောင့် ပြောင်းဖူးမှာ စိုက်ပျိုးသူများအတွက် တွက်ခြေကိုက်ပြီး စားသုံးသူများ အတွက်လည်း အာဟာများစွာကြွယ်ဝသည့်သီးနှံဖြစ်သဖြင့် ပြောင်းဖူးသီးနှံကို ပိုမိုစိုက်ပျိုး သင့်ပါသည်။
DOCA (မွန်)
