
ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်စားသုံးသူများ အရည်အသွေးမြင့်မားသောဆီများကို သုံးစွဲနိုင် ရန်အတွက် စားအုန်းဆီကြမ်း(CPO) မှ ဆီချောသို့ပြောင်းလဲထုတ်လုပ်သည့် သန့်စင်စက်ရုံများသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ စားအုန်းဆီကြမ်းတွင် ပါဝင်သော အညစ်အကြေး များနှင့်အစေးဓာတ်များကို ခေတ်မီနည်းပညာများဖြင့်ဖယ်ရှားထုတ်လုပ်သည့် လုပ်ငန်းစဉ်များမှာ စားသုံးသူများ၏ကျန်းမာရေးအတွက် အထူးအရေးကြီးလှပါသည်။ စားအုန်းဆီကြမ်းများကို အဆင့် ဆင့်သန့်စင်ကာ နိုင်ငံတကာစံချိန်စံညွှန်းမီဆီချောများအဖြစ် ထုတ်လုပ်နိုင်ခြင်းသည် ပြည်တွင်းဆီ ဖူလုံရေးအတွက်သာမက စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက်ပါ အရေးပါသော ခြေလှမ်းတစ်ခုဖြစ်လာပါသည်။
စားအုန်းဆီကြမ်းကို စားသုံးဆီအဖြစ်အဆင့်မြှင့်တင်ရာတွင် အဓိကအားဖြင့် အစေးနှင့် အနည်ဖယ်ရှားခြင်းနည်းလမ်းဖြစ်သော လူကိုဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစေးဓာတ် Gums များကို ဖော့စဖောရစ်အက်ဆစ်ကိုအသုံးပြု၍ ဖယ်ရှားခြင်း၊ ဆီကြမ်း၏သဘာဝအနီရောင်ကို ဖယ်ရှားရန် ပြုပြင်ထားသော ရွှံ့စေးမှုန့်များဖြင့်ရောနှောကာ စစ်ထုတ်စက်များဖြင့်ကြည်လင်စေရန်ပြုလုပ်ခြင်း၊ အရေးကြီးဆုံးအဆင့်ဖြစ်သော ဆီကိုလေဟာနယ်အတွင်းအပူချိန်မြင့်မြင့်ပေးကာ ရေနွေးငွေ့ဖြင့် ဖြတ်သန်းစေခြင်းဖြင့်ဆီ၏အနံ့ဆိုးများနှင့်လွတ်လပ်အဆီအက်ဆစ်များကို ဖယ်ရှား ကာ အနံ့ကင်းစင်သောဆီချောကိုရရှိစေပါသည်။
ဆီချောရရှိပြီးနောက် ဟင်းချက်ဆီနှင့်အဆီခဲဟူ၍ခွဲထုတ်ရပြီး အပူချိန်စနစ်တကျထိန်းညှိ ခြင်း၊ အေးခဲစေခြင်း၊ စစ်ထုတ်ခြင်းဖြင့် နေ့စဉ်သုံးစွဲနေသော အေးလျှင်မခဲသောဟင်းချက်ဆီကြည်ကိုရရှိလာခြင်းဖြစ်သည်။ ထုတ်လုပ်ပြီးသောဆီချောများကို ဓာတ်ခွဲခန်းများတွင် စနစ်တကျစစ်ဆေး ရပြီး ဆီ၏ကြည်လင်မှု၊ အနံ့ကင်းစင်မှုနှင့်လွတ်လပ်အဆီအက်ဆစ် ပါဝင်မှုနှုန်းတို့ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီစစ်ဆေးပြီးမှသာ စားသုံးသူများထံသို့ဖြန့်ဖြူးရောင်းချခြင်းဖြစ်သည်။
စားအုန်းဆီကြမ်းမှဆီချောထုတ်လုပ်သည့်နည်းပညာသည် စားသုံးသူများအတွက် သန့်ရှင်း လတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းသောဆီကိုရရှိစေရန် ဖော်ဆောင်ပေးခြင်းဖြစ်ပြီး သဘာဝမှရရှိ သောဆီကြမ်းများကို ခေတ်မီနည်းပညာဖြင့် ပုံဖော်လိုက်သည့်အခါ ကြည်လင်သန့်စင်သည့်ဆီချောများအဖြစ်ပြောင်းလဲလာခဲ့သည်။ပြည်တွင်း၌ခေတ်မီသန့်စင်စက်ရုံများတိုးတက်လာခြင်းသည်ဆီထွက်သီးနှံကဏ္ဍကို အထောက်အကူပြုစေသည့်အပြင် အရည်အသွေးပြည့်မီသော စားသုံးဆီများ ကိုသင့်တင့်သော ဈေးနှုန်းဖြင့်ပြည်သူများသုံးစွဲနိုင်ခြင်း၊ နည်းပညာအခြေခံသော ဆီသန့်စင်မှု လုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာသည်နှင့်အမျှ မြန်မာ့စားသုံဆီကဏ္ဍသည်လည်းပြည်တွင်း ဖူလုံမှုမှသည် နိုင်ငံတကာဈေးကွက်သို့ ခြေလှမ်းနိုင်သည့်အဆင့်ထိ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။
DOCA( ပဲခူး)
