ထန်းပင်များ မျိုးမတုံးကြစေဖို့ ဝိုင်းဝန်းထိန်းသိမ်းစို့

Powered by Drupal
Thu, 02/19/2026 - 12:49 -- consumer_admin

              ပူပြင်းခြောက်သွေ့သော နွေရာသီအခါသမယ၏ သာယာလှပတင့်တယ်ဆန်းကျယ်ပုံတို့ကို စာဆိုရှင်များစွာတို့က အမျိုးမျိုးသော ပုံစံတို့ဖြင့် သီကုံးဖွဲ့နွဲ့ရေးသား ခဲ့ကြသည်။ အညာဒေသ၏ ချစ်စရာ၊ လွမ်းမောစရာ၊ ဆွတ်ပျံ့ကြည်နူးဖွယ်ရာများကို ပေးစွမ်းနိုင်သည့် ရသမြောက် သဘာဝအလှတရား များစွာ ရှိပါသည်။ ထိုကဲ့သို့သော အရာများကို အသေးစိတ်လေ့လာကြည့်မည်ဆိုလျှင် အညာဒေသ၏ ပြယုဂ် ဖြစ်သော ထနောင်းပင်၊ရေအိုးစင်၊ ထန်းပင်၊ လွမ်းမောဖွယ်ရာ ကောင်းသော မျက်စိတစ်ဆုံး မြင်နိုင်သည့် လယ်ကွင်းများ၊ တောင်တောင်များနှင့် သဘာဝယဉ်ကျေးမှုဓလေ့ထုံးတမ်းများသည် ရူ့မငြီးသော ပန်းချီကားချပ်များ ဖြစ်ပေသည်။

              “ မြန်မာအစ တကောင်းက ” ဟု ဆိုသကဲ့သို့ မြန်မာတို့၏ အစသည်  အညာဒေသက ဖြစ်သည် ဟု လည်း ဆိုရမည်ဖြစ်သည်။ အညာဟု ဆိုလိုက်လျှင်လည်း မြန်မာနိုင်ငံသားတို့၏ အတွေးအာရုံထဲတွင် လည်း သဘာဝအလှတရားကို အနည်းနှင့်အများဆိုသလို မြင်ယောင်မိစေမှာ အမှန်ပင်ဖြစ်ပေသည်။ သဘာဝမှပေးထားသော အရာများကိုရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် မျိုးတုံးပျောက်ကွယ်မသွားစေရန် ထိန်သိမ်းရခြင်းမှာ လူသားတို့၏ သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်သည့် အတွက် အညာဒေသ၏ ပုံရိပ်ဖြစ်သော ထန်းပင်များမျိုးတုံး ပျောက်ကွယ်မသွားစေရန် ဝိုင်းဝန်း ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။

                 ထန်းပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေး၏ ဇာတိ မျိုးရိုး ဖြစ်ပြီး၊ အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်း ကျွန်းများတွင် ထန်းနှင့် ထန်းအမျိုးတူ အပင်များကို တွေ့ရသည်။ မြန်မာနိုင်ငံအတွင်း၌ မိုးရေချိန် လက်မ ၂၀ မှ ၄၀ အတွင်း ရွာသွန်း၍ ပူပြင်း ခြောက်သွေ့သော ရာသီဥတုမျိုးကို နှစ်သက်သည်။ အဓိကအားဖြင့် မြန်မာနိုင်ငံမြေလတ် ဒေသနှင့် အထက်ပိုင်းရှိ ပူပြင်းခြောက်သွေ့သော ဒေသများတွင် အများဆုံးတွေ့ရသည်။  မြန်မာနိုင်ငံအတွင်း ရေဝပ်ဒေသမှလွဲ၍ နေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။ 

          ထန်းပင်သည် ရုက္ခဗေဒအားဖြင့် ပါလမေစီအီး (သို့) ပါမီ မျိုးရင်း တွင် ပါဝင်သည်။ ထိုမျိုးရင်း၌ အုန်းပင်၊ သင်ပေါင်းပင်၊ ပင်လယ်အုန်းပင်၊ ထန်းပင်၊ ကွမ်းသီးပင်၊ ဓနိပင်၊ ပေပင်၊ စလူပင်၊ ဆတ်သွားဖူးပင် မှ စ၍ အပင်မျိုးပေါင်း ၁၅၀၀ ကျော် မျှ ရှိသည်။  အများအားဖြင့် ထန်းနှင်း ထန်းမျိုးဝင် အပင်များသည် ပင်စည် ရှည်မျောမျော ရှိသည်။ အပင်၏ အမြင့်မှာ ပေ (၁၀၀) ‌သော်လည်းကောင်း၊ ထို့ထက် ကျော်၍ သော်လည်းကောင်း ရှိတက်သည်။အကိုင်းအခက်အလက်များ ဖြာထွက်ခြင်း မရှိဘဲ ၊ အပင်ထိပ်၌သာ အကိုင်းအရွက်များ စု၍ ထွက်တက်သည်။ ထန်းမျိုးသည် အပွင့် ပွင့်၏။ အပွင့်တို့သည် အဖိုပွင့် ၊ အမပွင့် ဟူ ၍ ရှိ၏။ အဖိုပွင့်သည် အမပွင့်ထက် အပွင့်ငယ်ပြီး၊ အရွက်များဖြင့် ဖုံးလျက်ရှိသည်။အမ ပွင့်များမှ ပန်းများပွင့်တက်ပြီး၊ မတ်လနှင့် ဧပြီလများ၌ ထန်းပွင့်များ ပွင့်လေ့ရှိသည်။ ထန်းမျိုးဝင် အပင်တို့၏ အရွက်သည် အဓိကအားဖြင့် ပုံစံ  (၂) မျိုး ရှိသည်။ တစ်မျိုးမှာ ယပ်တောင်ပုံ ဖြစ်၍ ကျန်တစ်မျိုးမှာ ငှက် မွှေးပုံ ဖြစ်သည်။ ထန်းပင်နှင့် ပေပင်တို့၏ အရွက်မှာ ယပ်တောင်ပုံ ဖြစ်၍၊ အုန်းပင်၊ကွမ်းသီးပင်၊ စွန်ပလွန် ပင်များ၏ အရွက်သည် ငှက်မွှေးပုံ ဖြစ်၏။

          ထန်းပင်သည် အညာဒေသနေ ပြည်သူများ၏ စားဝတ်နေရေးအတွက်လည်း ဖူလုံသော အပင်တစ်မျိုးဖြစ်သည်။ ထန်းပင်မှ ထန်းရည်၊ ထန်းသီးနှင့် ၊ အရွက်တို့သည် လူသားတို့အတွက် အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါသည်။ ထန်းရည် ကို ထန်းလျက်နှင့် ထန်းရွက်များကို ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး ၊ ဦးထုပ်များ ပြုလုပ်ကြပြီး ၊ အိမ်မိုးရာ၌လည်း သုံးသည်။ ထန်းရည်သည် ကျန်းမာရေး အတွက်လည်း အသုံးဝင်ပြီး၊ ထန်းရည်တွင် အချိုနှင့်အခါး ဟူ၍ နှစ်မျိုးရှိသည်။ ထန်းရည်ချိုသည် အစာကို ကြေညက်စေပြီး၊ အခါး သည် ဆီးရွှင် စေပါသည်။ ထန်းသီးရင့်မှည့်သည့် အခါ ဝါဝါအနှစ် ချိုချို မွှေးမွှေးကို ဆန်မှုန့် နှစ်ရည် သကြား တို့နှင့် နယ်ပြီး ပေါင်းခံလျက် ထန်းသီးမုန့် အဖြစ်လည်း စားသုံးနိုင်ပါသည်။ ထန်းရွက်ကို ရှေးယခင်ကဇာတာ ဖွဲ့ရာတွင် အသုံးပြုပြီး၊ ထန်းလက်ကို ကုလားထိုင်၊ နှင့် မြန်မာမှု ပန်းပုအနုပညာလက်ရာများဖြင့် သေချာစွာအနုစိတ်ခြယ်သ၍ အရုပ်မျိုးစုံကို ထုလုပ်ရောင်းချ၍  ထန်းနှင့် ပက်သက်သော တန်ဖိုးမြှင့်ထုတ်ကုန်များစွာကိုလည်း ထုတ်လုပ်၍ နိုင်ငံခြားငွေရရှိစေရေး လုပ်ဆောင်လျက် ရှိသည်။

            ထို့ကြောင့် ထန်းပင်သည် တစ်ပင်လုံးအသုံးဝင်သည့် အပင်တစ်မျိုးဖြစ်သည့် အားလျော်စွာ ကျေးလက်နေ ပြည်သူများ၏ စားဝတ်နေရေးအတွက်လည်း ပြေလည်စေပါသည်။ နိုင်ငံတစ်နိုင်ငံ၊ နေရာ ဒေသတစ်ခု၏ ပုံရိပ်များ မျိုးတုံးပျောက်ကွယ်မသွားစေရန်နှင့် ရေရှည်တည်တံ့နေစေရန် ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ နိုင်ငံသားတို့၏ တာဝန်ဖြစ်သည့်နည်းတူ ၊   ထိုနိုင်ငံ ၊ ထိုဒေသ တွင် နေထိုင်သော သူများ၏ မိမိမြေ၊ မိမိရေ ကို မည်မျှ ချစ်ခင်မြတ်နိုးကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင် စေပါသည်။  မည်မျှပင်ခေတ်မီ ထွန်းကားစည်ကားနေစေကာမှု လူသားများသည် သဘာဝတရားနှင့် ထိတွေ့လိုက်လျှင် စိတ်နှလုံး  အေးချမ်းနေစေမှာ အမှန်ပင်ဖြစ်သည်။  သို့ပါ၍ သဘာဝတရားကြီးက ပေးထားသော အညာဒေသ၏ ပြယုဂ် ထန်းပင်၊ ထနောင်းပင်များမျိုးတုံး ပျောက်ကွယ် မသွားစေရန်နှင့် ရေရှည်တည်တံ့စေရန် ဝိုင်းဝန်းထိန်းသိမ်း ကြစေလိုပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

DOCA( ပဲခူး)