
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တောင်သူအချို့သည် ရာသီ မရွေး ပန်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ကြပြီး ရာသီအလိုက် ဂန္ဓမာပန်းအမျိုးမျိုးကို စိုက်ပျိုးကြပါသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာနောက်ဆုံးပတ်တွင် ဂန္ဓမာအုပ်စုဝင် စူပါကျောက်စိမ်း နှင့် မြနှင်းပုလဲ မျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ စူပါကျောက်စိမ်းမျိုးသည် အဖြူရောင်အပွင့်တွင် အစိမ်း ရောင် ဝတ်ဆံရှိပြီး မြနှင်းပုလဲသည် အဖြူရောင်အပွင့်တွင် ခရမ်းရောင်သန်းသည့်ဝတ်ဆံရှိပါသည်။
စူပါကျောက်စိမ်း ဂန္ဓမာပန်းကို အောက်တိုဘာလတွင်စတင်စိုက်ပျိုးပြီး ၄ လအကြာ ဇန်နဝါရီလ ကုန် ဖေဖော်ဝါရီလဆန်းတွင် စတင်ခူးရပါသည်။ အပင်သက် ၁၅ ရက်တွင်ထိပ်ဖြတ်၍ အတက် ၃ တက် ဖြာထွက်ပြီး တစ်တက်လျှင် ၃ ပွင့်မှ ၄ပွင့်ထိ ပွင့်နိုင်ပါသည်။ပန်းပွင့်အရွယ်အစားကိုလိုက်၍ ခူးရ ပြီး အပင် ငါးထောင်အတွက် စခူးချိန်မှ အပင်ကုန်ခူးပြီးချိန်ထိ ၁၅ ရက်ခန့်ကြာမြင့်ပါသည်။ စူပါ ကျောက် စိမ်း ဂန္ဓမာပန်း ငါးပင် (အပွင့် ၂၀ခန့်) ပါတစ်စီးကို ၂၀၂၆ ခုနှစ် တွင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ထိရောင်းချရပြီး အပင် ၅၀၀၀ ပန်းတစ်ခင်းလျှင် တစ်ဆယ့်ငါးသိန်းခန့် ဝင်ငွေရရှိနိုင်ပြီး ခုနှစ်သိန်း ကျပ်ခန့် အမြတ်ရရှိနိုင်ပါသည်။
ဟင်္သာတမြို့နယ် ဒေသထွက် စူပါကျောက်စိမ်း ဂန္ဓမာပန်းများကို ရန်ကုန် သီရိမင်္ဂလာဈေး နှင့် ပုသိမ်၊ မြန်အောင်မြို့များသို့တင်ပို့ရောင်းချကြပါသည်။ ဂန္ဓမာအပင် ၅၀၀၀ စိုက်ပျိုး ရန်အတွက် အလျား ပေ ၄၀၊ အနံ ၇၅ ပေခန့် ကျယ်ဝန်းသော မြေကွက် တွင် စိုက်ပျိုးနိုင်ပြီး တစ်ဧက ၏ ၁၄ ပုံ ၁ပုံကျယ်ဝန်းသော မြေကွက်သာ လိုအပ်ပါသည်။ မြေတစ်ဧကတွင် အပင် ၇၀၀၀၀ မှ ၈၀၀၀၀ ကြားထိ စိုက်ပျိုးနိုင်ပါသည်။ မြေအကျယ်နည်းနည်းတွင် အရင်းအနှီးနည်းနည်းဖြင့် ထက်ဝက်ခန့် အကျိုးအမြတ် ရှိပြီး ဈေးကွက်ဝယ်လိုအားရှိသော စူပါကျောက်စိမ်းဂန္ဓမာပန်း စိုက်ပျိုးခြင်းကို လေ့လာတင်ပြအပ်ပါ သည်။
(DOCA ဧရာဝတီ)
