နိုင်ငံတော်အနေဖြင့် လယ်ယာသုံးစိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပသွင်းကုန်အစားထိုး၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်၍ အကောင် အထည်ဖေါ်ဆောင်ရွက်လျက်ရှိပါသည်။ အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအတွင်းရှိ MSMEs လုပ်ငန်းရှင်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းမပျောက် မတည်ရင်းနှီးငွေများကို လုပ်ငန်းအမျိုးအစားလိုက် နှစ်စဉ် ထုတ်ချေးပေး လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက်ရရှိရေးတို့အတွက် လုပ်ငန်းရှင်များ၏ လုပ်ငန်း လှည့်ပတ် ရင်းနှီးငွေများလိုအပ်သော စက်ကိရိယာနှင့်နည်းပညာများရရှိနိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒေသတွင်း MSMEs ပြပွဲ၊ ပြိုင်ပွဲများနှင့် နိုင်ငံ အဆင့် MSMEs ပြပွဲပြိုင်ပွဲများတွင် လုပ်ငန်းရှင်များပါဝင်ပြသနိုင်ရေး စည်းရုံးဆောင်ရွက်ခြင်းများနှင့် လိုအပ်သည်ကိုညှိနှိုင်းဆောင်ရွက်ပေးခြင်းများ လုပ်ငန်းထုတ်လုပ်သည့် နေရာများသို့ သွားရောက် ကွင်းဆင်းလေ့လာခြင်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ် တာဝန်ခံသည် တောင်သူအကျိုးပြုလယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်ရောင်းချနေသည့် A One Enginnering Group Company Co;Ltd ၏ ဆေးဖျန်းစက်ထုတ်လုပ်နေမှု အခြေအနေအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ လုပ်ငန်းရှင်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်း မပျောက် မတည်ရင်းနှီးငွေများကို ဌာန၏ အကူအညီဖြင့် (၂၀၂၃) ခုနှစ်တွင် ရယူနိုင်ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ လုပ်ငန်းရှင်အနေဖြင့် တောင်သူအကျိုးပြု စပါး/ပဲ/နှမ်း ခြွေလှေ့စက်များကို စတင်ထုတ်လုပ်ရောင်းချခဲ့ကြောင်းသိရပါသည်။ စက်ပစ္စည်းများ ထုတ်လုပ် ရာတွင် ကိုယ်ပိုင်နည်းပညာကိုသာ အဓိကဦးစားပေးအသုံးပြု၍ ဆွဲစရာမလိုပဲ လယ်ကွင်းထဲ အရောက် ကိုယ်တိုင်မောင်းနိုင်သော ထိုင်မောင်းခြွေလှေ့စက်များကို အောင်မြင်စွာ ထုတ်လုပ်နိုင် နေပြီဖြစ်ကြောင်းလည်း သိရပါသည်။
လုပ်ငန်းရှင်အနေဖြင့် နည်းပညာပိုင်းကို အစဉ်တစ်စိုက် စမ်းသပ်စွာ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပြီး ယခုဆိုရင် ဆေးဖျန်းစက်များကိုပါ ထုတ်လုပ်နေကြောင်း၊ ဆေးဖျန်းစက် ထုတ်လုပ်ရာတွင် ကိုယ်ပိုင်နည်းပညာကို အခြေခံ၍ ယိုးဒယားဆင်ကိုင်းနှင့် တွဲဖက်အသုံးပြု နိုင်သည့် ပေ ၄၀ အကျယ် လီတာ ၅၀၀ ဆေးဖျန်းစက်ဖြစ်ပြီး ကိုယ်ထည်အကျယ်မှာ (၅)ပေ၊ 7.5 HP ဓါတ်ဆီအင်ဂျင်နှင့် ဆေးဖျန်းစက်ကို စလင်ဒါ(၃)လုံးထိုး ပရက်ရှာပန့် တပ်ဆင်ပေးထားကြောင်း သိရပါသည်။ ဆေးဖျန်းရာတွင် လိုသလိုချိန်ညှိလို့ရသလို သီးနှံပင်လေလွင့်ပျက်စီးမှုအနည်းဆုံးဖြစ် အောင် ဘီးဗျက်အကျယ်ကို ၂ / ၁ လက်မသာရှိသည့် ရော်ဘာဘီးများတပ်ဆင်ပေးထားပြီး တစ်ဧကလျှင် ၅ မိနစ်မှ ၁၀ မိနစ်အတွင်းပက်ဖျန်းနိုင်ပြီး တစ်စီးလျှင် ၄-၅ စာဖျန်းပက်နိုင်ကြောင်း သိရပါသည်။ ဆေးဖျန်းစက်ကို အသုံးပြုမည်ဆိုပါကတစ်ရက်လျှင် ဧက ၃၀-၄၀ အထိ ဖျန်းနိုင်မှာ ဖြစ်သလို စက်တစ်စီးလျှင် စက်မောင်းသူအပါ (၃)ဦးသာလိုအပ်မှာဖြစ်သည့်အတွက် အချိန်ကုန် သက်သာပြီး လုပ်သားအင်အားပါ လျော့ချနိုင်မှာဖြစ်ပါတယ်။ ဆေးဖျန်းစက်ဖြင့် ပက်ဖျန်းမည် ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး သီးနှံပင်များအတွက် အာနိသင်ပိုမိုထိရောက်စွာရရှိနိုင်မှာဖြစ် ပါတယ်။ လုပ်ငန်းရှင်အနေဖြင့် ရပ်ဝေးရပ်နီးမှအော်ဒါလက်ခံပြီး ထုတ်လုပ်ရောင်းချနေကြောင်း သိရ ပါသည်။ စက်တန်ဖိုးမှာ ဆင်ကိုင်းမပါ အထိုင်ဈေး (၅၂)သိန်းဖြစ်ပြီး ဆင်ကိုင်းပါလျှင် (၁၃၀)သိန်း ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
