ဆေးဖက်ဝင် ဒန့်သလွန်ပင်အကြောင်း

Powered by Drupal
Tue, 02/10/2026 - 15:35 -- consumer_admin

ဒန့်သလွန်ပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်ရောက်လေ့ရှိပြီး အမြင့်ပေ ၁၀ မီတာခန့်ရှိသော အပင်လတ်အပင်မျိုးဖြစ်ပြီး အပင်၏ကိုင်းများက ကျွတ်ဆတ်ပါသည်။ ၁ မီတာ မှ ၂ မီတာအတွင်းဖြတ်၍ မိုးရာသီတွင်ကိုင်းဖြတ်မျိုးပွားစိုက်ပျိုး၍လွယ်ကူပြီး စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာတွင် အသီးစတင်သီးနိုင်ပါသည်။ တစ်ပင်လုံးခြုံငုံကြည့်မည်ဆိုပါက အမြစ်၊ ပင်စည်၊ အရွက်၊ အပွင့်၊ အသီးများအားလုံးသည် အသုံးဝင်ပါသည်။

အမြစ် ၊ အပွင့်နှင့်အခေါက်

        အမြစ်ခေါက်ထူ၍ အမြစ်ဖြာသည်။ အမြစ်ကိုကြိတ်ခြေ၍ အရည်ကိုသောက်သုံးပေးခြင်းဖြင့် အသံဝင်ခြင်း၊ လည်ချောင်းနာခြင်း၊ အစာမကြေဝမ်းဖောဝမ်းရောင်၊ ဝမ်းတွင်းသက်တန့်ရောဂါနှင့် ပန်းနာရောဂါများကို သက်သာစေနိုင်သည်ဟု လေ့လာသိရှိရပါသည်။ တန်ခူး၊ ကဆုန်လများတွင် အနံ့ရှိသော အဖြူရောင်အပွင့်လေးများပွင့်လေ့ရှိသည်။ အခေါက်ထူကာချောပြီး အဖြူစက် ကလေးများရှိပြီး အတွင်းသားဖြူသည်။

အရွက်

         ရွက်မြွှာများသေးငယ်၍ ဘဲဥပုံရှိပြီး အရွက်အရင်းအနည်းငယ်သွယ်သည်။ အရွက်များသည် ထိပ်ဝိုင်း၍ မျက်နှာချင်းဆိုင်ထွက်၍ ထိပ်ရွက်တစ်ရွက်ပါကာ ရွက်ပြားနူးညံ့ချောမွေ့ပြီး အနားညီ သောပုံစံမျိုးရှိသည်။ အရွက်ကို ဟင်းခါးရည်လိုတစ်မျိုး၊ ကြော်လို့တစ်ဖုံ ရှေးယခင်ကတည်းက စားသုံးလာကြသည်။ ဒန့်သလွန်ရွက်သည် နို့တိုက်မိခင်များကို အထောက်အကူပေးသော အရွက် တစ်မျိုးဖြစ်သည့်အပြင် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်များကိုပြေစေခြင်း၊ သွေးသန့်စေနိုင်၍ သွေးတိုးရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်ဟု လေ့လာသိရှိရသည်။

 

အသီး

        ရှည်လျား၍အစိမ်းရင့်ရောင်ရှိပြီး အမြောင်းပါသောအသီးမျိုးဖြစ်သည်။ အသီးအတွင်းတွင် အစေ့များတန်းစီလျက် ၅-၇ စေ့ခန့်ပါဝင်ပြီး အတွင်းသားထူ၍အစေ့၌အတောင်ပါသည်။ တန်ခူး၊ ကဆုန်၊ နယုန်လများတွင် စတင်သီးလေ့ရှိသည်။ အသီးကို အသား/ငါးတစ်မျိုးမျိုးဖြင့် ရောနှော ချက်စားမည်ဆိုပါက အလွန်အရသာရှိသောဟင်းလျာတစ်မျိုးဖြစ်သည်။ ကလေးများကို ဟင်းအဖြစ် ချက်ကျွေးပါကလည်း ခန္ဓာကိုယ်အတွင်း သန်ကောင်၊ တုတ်ကောင်များ ကင်းရှင်းစေနိုင်သည်ဟု လေ့လာသိရှိရသည်။

     အပင်တစ်ပင်လုံးအသုံးဝင်သော ဒန့်သလွန်ပင်မှာ အသီး၊ အရွက်၊ အပွင့်များသည် အရသာ ရှိသောကြောင့် အမျိုးမျိုးချက်ပြုတ်စားသောက်ခြင်းဖြင့် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ် ကြောင်းတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)