“ဆေးဘက်ဝင်မန်ကျည်းသီးမှည့်”

Powered by Drupal
Tue, 02/10/2026 - 11:01 -- consumer_admin

     မန်ကျည်းပင်သည် မုတ်သုန်ရာသီဥတုတွင် ပေါက်ရောက်သောအပင်ဖြစ်ပြီး စိန်ပန်းပင်၊ ပိတောက်ပင်နှင့် ကုက္ကိုပင်တို့နှင့်အတူ လီဂိုမီနိုးစီးမျိုးရင်းတွင်ပါဝင်၍ ရုက္ခဗေဒအမည်မှာ တမ်မ ရင်းဒပ်အင်ဒီကာ (Tarnarindus indica) ဖြစ်သည်။ မန်ကျည်းပင်စတင်ပေါက်ရောက်ရာ ဇာတိ ဒေသမှာ အာဖရိကတိုက်အရှေ့ပိုင်း ပူအိုက်သောတိုင်းပြည်များဖြစ်၍ အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံ တို့သို့ တဆင့်ယူဆောင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသောသစ်ပင် ဖြစ်၍ မြန်မာနိုင်ငံအနှံအပြားစိုက်ပျိုးကြပြီး အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ပျိုးကြသည်။

          မန်ကျည်းပင်မှသီးသော မန်ကျည်းသီးမှည့်များသည် ဟင်းချက်ရာတွင်အလွန်အသုံးဝင်သည်။ ဝမ်းနှုတ်ဆေးဖော်စပ်ရာတွင်လည်း မန်ကျည်းသီးကို ထန်းလျက်၊ ပွေးကိုင်းအပါအဝင် အခြားဆေးများ နှင့်ရောနှောဖော်စပ်ရကြောင်းသိရသည်။ မန်ကျည်းသီးစိမ်းများကို ပုဇွန်နှင့်မျှစ်ကဲ့သို့သော စားစရာ များဖြင့် ရောနှောချက်ပြုတ်၍လည်း စားသောက်ကြပါသည်။

          မြန်မာနိုင်ငံတွင် မန်ကျည်းသီးမှည့်များကို ဖျော်ရည်၊ဟင်းချက်စရာအဖြစ် အမျိုးမျိုးအသုံး ပြုကြပါသည်။ မန်ကျည်းသီးမှည့်များကို ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ ရေစကြို စသည့်ဒေသများတွင် အများဆုံးထွက်ရှိကြောင်းသိရှိရပါသည်။ လက်ရှိဈေးကွက်တွင် မန်ကျည်းမှည့် တစ်ပိဿာလျှင် ( ၁၅၀၀၀ )ကျပ်ဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)