
အပူပိုင်းဒေသဖြစ်သော မြင်းခြံမြို့နယ်၌ ပန်းဂေါ်ဖီ(ပန်းမုန်လာ) စိုက်ပျိုးချိန်ကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်စိုက်ပျိုးကြပါတယ်။ အပွင့်အရွယ်ငယ်ပြီး သက်လျှင်မျိုး စိုက်ချိန်မှဆွတ်ခူးချိန်ထိ (၉၀)ရက်ကြာသည်။ သက်ကြီးမျိုး စိုက်ပျိုးချိန်မှ ဆွတ်ခူးချိန်ထိ (၁၂၀)ရက်ကြာသည်။ အပွင့်အရွယ်အစားကြီးမားသည်။ တောင်ပေါ်ဒေသတွင် အစိုက်များသည်။ အရွက်အရွယ်ကြီးပြီး ပန်းပွင့်(Curd)ကို ဖုံးအုပ်ထားလေ့ရှိသည်။ မြေအမျိုးအစား မုန်လာအုပ်စုတွင် ပါဝင်သောအပင်မှန်သမျှ မြေကောင်းကိုကြိုက်ကြသည်။ အကောင်းဆုံးမြေကား သဲဆန် သောနုန်းမြေဖြစ်သည်။
ရာသီဥတု ပန်းဂေါ်ဖီသည် အအေးကြိုက်သော်လည်း အပူဒဏ်ကိုလည်း ခံနိုင်သည်။ အေးပြီးအစိုဓါတ်အမြဲရလျှင် စိုက်နိုင်သည်။ သို့သော် လွယ်လွယ်ကူကူတော့မစိုက်နိုင်ပေ။ ရာသီဥတုခြောက်သွေ့လွန်းလျှင် ပန်းဂေါ်ဖီအပွင့်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့် ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုး အစားထက် ရာသီဥတုကပို၍အရေးကြီးပါသည်။ ပျိုးထောင်ခြင်း(၁၀ပေx ၂.၅ပေ) ဘောင်ကိုမြေစိုင်ခဲ လေးများရအောင်ပြုပြင်ပေးရမည်။ မြေညက်လွန်းလျှင် ရေလောင်းသော အခါမြေကြပ်သွားနိုင်သော ကြောင့် လေဝင်လေထွက် မကောင်း၍ အညှောင့်ပေါက်မှု ညံ့လာသည်။ ပျိုးဘောင်တစ်ဘောင်စာ မျိုးစေ့ အောင်စဝက်ခန့်လိုပါသည်။
ပျိုးဘောင်ပေါ်တွင် ၂လက်မခြား မြောင်းများဆွဲပြီး မျိုးစေ့ကိုညီညာအောင်ချပါ။ အပေါ်မှ မြေဆွေးမှုန့် ပါးပါးအုပ်ပြီး ၎င်းပေါ်မှ စင်းပြီးကောက်ရိုးခြောက်များ ပါးလွှာစွာဖုန်းအုပ်ပြီး ရေရွှဲရွှဲ လောင်းပေးပါ။ ဘောင်ပေါ်တွင် တစ်တောင်အမြင့်မှ သက်ကယ် ကောက်ရိုးမိုးပေးရသည်။ (၃-၄) ရက်ကြာလျှင် အညှောင့်ပေါက်သည်။ ပျိုးသက်(၃၀)ရက်ကျော်လျှင် စိုက်ခင်းသို့ပြောင်း စိုက်နိုင် ပါသည်။ ပျိုးဘောင်ပြုလုပ်ချိန်ကတည်းက စိုက်ခင်းကို ထယ်(၂)စပ်၊ ထွန်(၃)စပ် ဝင်၍ ညက်ညက် ထွန်ထားရမည်။ ပေါင်းမြက်များ ပြောင်စင်အောင်ကောက်ယူပြီး ကြမ်းတုံးရိုက်ထားရမည်။ ထို့နောက် ကြောင်းဆွဲခြင်း၊ မြေဆွခြင်းတို့ကို ပြုလုပ်ထားရမည်။ ပြောင်းရွှေ့မစိုက်မီ ပရိုဂိမ်း ပေါင်းအုပ်ဆေး ပက်ဖျန်း၍ ပေါင်းနှိမ်နင်းနိုင်ပါသည်။ ပျိုးသက်(၃၅-၄၀)ရက်ရလျှင်(သို့)အရွက်(၄-၅) ရွက်ထွက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။ ပင်ကြားတန်းကြားအနေဖြင့် ပင်ကြား(၁.၅-၂)ပေနှင့် တန်းကြား(၂-၂.၅)ပေထား၍ စိုက်ပျိုးပါ။ ပန်းဂေါ်ဖီ၏အမြစ်သည် အာဟာရဓါတ်များစွာ စားသုံး သောမျိုးဖြစ်ပါသည်။ ရေလိုအပ်ချက်အရ (၇-၁၀)ရက်တစ်ကြိမ် ရေသွင်းပေးရန်လိုအပ်ပါသည်။ အပွင့်ကောင်းစွာပွင့်နေချိန်တွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင် ပြောင်းသွား တတ်ပြီး အသားကြမ်း၍ အရသာခါးသက်တတ်ပါသည်။ ထို့ကြောင့်အပွင့်၏ အချင်း(၂-၃) လက်မ အရွယ်ရောက်လျှင် အပြင်ရွက်များကို စည်းပေးရပါသည်။
ရောဂါပိုးမွှားများကျရောက်မှုနှင့် ကာကွယ်နှိမ်နင်းခြင်း ပန်းဂေါ်ဖီတွင် အပင်ငယ်စဉ်ခါးရိ ရောဂါကာကွယ်ရန် ဆေးတစ်မျိုးမျိုး သုံးနိုင်ပါသည်။ ပန်းဂေါ်ဖီ အပျော့ပုပ်နှင့်အမဲပုပ် ရောဂါ အတွက် ပိုးသတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းပေးပါ။ ဆွတ်ခူးခြင်း သက်တမ်းကိုလိုက်၍ ရွှေ့စိုက်ပြီး (၂လ-၂လခွဲ)ကြာလျှင် ပန်းပွင့်စတင် ခုတ်နိုင်ပါသည်။ အချိန်မီမခုတ်ပါက ပန်းပွင့်အရောင်ပြောင်း သွားပြီး ပန်းပွင့်ရှည်ထွက်လာပါကြောင်း လေ့လာသိရှိသမျှ တင်ပြလိုက်ပါတယ်။
DOCA(မန္တလေး)
