နှင်းဆီပန်းစနစ်တကျစိုက်ပျိုးပြုစုနည်း

Powered by Drupal
Tue, 02/10/2026 - 10:55 -- consumer_admin

    နှင်းဆီပင်များ စိုက်ပျိုးဖို့အကောင်းဆုံး အချိန်တွေကတော့ မိုးနည်းတဲ့ ဒေသတွေမှာဆိုရင်တော့ မိုးဦးစနဲ့ မိုးများတဲ့ဒေသတွေမှာဆိုရင် ဆောင်းဦးပေါက် ကာလတွေမှာ စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။  စိုက်ပျိုးရာတွင် မြေပြန့်မိုးရာသီအကုန် စက်တင်ဘာလ၊ အောက်တိုဘာလ များ အတွင်း နှင်းဆီစိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ နောက်အကျဆုံးစိုက်ပျိုးပါက နိုဝင်ဘာလ ကုန် အထိစိုက်နိုင်သည်။ နှင်းဆီပန်းပင်စိုက်ပျိုးခြင်းကို ဧပြီလမှ ဇွန်လအတွင်း နှင်းဆီမစိုက်သင့်ပေ။ မိုးများလွန်းသောဒေသများတွင် ဇူလိုင်လ၊ သြဂုတ်လ (မုတ်သုန်ရာသီ) အတွင်း နှင်းဆီစိုက်ပျိုး ခြင်းကိုရှောင်သင့်ပါသည်။ ပူပြင်းသောရာသီတွင် အရိပ်လုပ်ပေး၍         ဂရုစိုက်နိုင်ပါက တစ်နှစ်လုံး နီးပါး စိုက်နိုင်ပါသည်။ 

          မျိုးပင်ကိုစိုက်ပျိုးတော့မယ်ဆိုရင် အရင်ဆုံးမျိုးထုပ်ကိုကြည့်ရပါတယ်။ မျိုးထုပ်မှာ တကယ် လို့ အမြစ်တွေထွက်နေမယ်ဆိုရင် အဲဒီအမြစ်တွေကိုညှပ်ပေးရပါတယ်။ ညှပ်ပေးပြီးတော့မှ ၎င်းမျိုး ထုပ်နဲ့ ကိုက်ညီတဲ့မြေကျင်းကို တူးရပါမယ်။ တူးပြီးတော့ ပလပ်စတစ်အိတ်ကို ဖယ်လိုက်ရပါတယ်။ မျိုးပင်ကိုစိုက်တဲ့အခါမှာ မျိုးပင်ကမြေကြီးထဲမှာ (၄-၅) လက်မလောက် ထားပြီးတော့ စိုက်ပေးရပါ တယ်။ စိုက်ပျိုးတဲ့အခါမှာလည်း အပင်ကို ကြပ်နေအောင် အပင်ရဲ့ ပတ်ပတ်လည်မှာ ရှိတဲ့ မြေကြီး တွေကို ဖိသိပ်ပေးရပါတယ်။ စိုက်ပျိုးပြီးစအပင်တွေကိုတော့ရေကို ဂရုတစိုက် လောင်းပေးရမှာပါ။ အပင်ကြီးတွေအတွက်ဆိုရင်တော့ တစ်ရက်မှာ တစ်ကြိမ်ရေလောင်း ပေးရမှာဖြစ်ပါတယ်။

          နှင်းဆီကတော့ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပေမယ့် အပွင့်နှုန်းကောင်းစေဖို့နဲ့ အပင် ကြီးထွားမှုမြန်စေဖို့ မြေသြဇာကောင်းကောင်းရရှိဖို့လိုအပ်ပါတယ်။ ရေဝပ်တာကို မနှစ်သက်တဲ့ အတွက် ရေစိမ့်ဝင်မှု ကောင်းတဲ့မြေ ဒါမှမဟုတ်ရင် စိုက်ဘောင်တွေနဲ့ စိုက်ပျိုးသင့်ပါတယ်။ စိုက်ဘောင်တွေကိုတော့ မြေကြီးမှ ၆ လက်မအမြင့် ထားပေးရပါမယ်။ စိုက်ဘောင်အရှည် ပေ ၃၀ x အကျယ် ၅ ပေအတွက်ဆိုရင် နွားချေး ၅ တင်းခန့် နှင့်စက်ဖွဲပြာ နှစ်ပြည်ခန့်ကို မြေနဲ့ ရောပေးရပါ မယ်။ အပင်ကိုတော့ တစ်ပင်နဲ့တစ်ပင် သုံးပေခန့် ခွာပြီးတော့ စိုက်ပေးရမှာဖြစ်ပါတယ်။  စိုက်ပျိုး မယ့်ပျိုးပင်တွေကိုလည်း သေချာစစ်ဆေးသင့်ပါတယ်။ မစိုက်ပျိုးမီတစ်ပတ်အလိုလောက်မှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေကို ကြိုတင်ကာကွယ်ပက်ဖျန်းပေးထားရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ အခါမှာလည်း မျိုးထုပ်ရဲ့ အပြင်မှာထွက်နေတဲ့ အမြစ်တွေကို ဖြတ်ပြီးတော့ မြေစိုင်ခဲမပျက် စိုက်ပျိုးခြင်းနဲ့ မြေစိုင်ခဲကိုဖယ်ပြီး အမြစ်ကိုတစ်နာရီခန့်ရေ စိမ်ပြီးမှ စိုက်ပျိုးနိုင်ပါတယ်။

နှင်းဆီပန်းပွင့် ရောင်းတန်းဝင်ဖို့အတွက်ကတော့ ကိုင်းရှင်းတဲ့နေရာမှာ အရေးကြီးပါတယ်။ ကိုင်းရှင်းတာက နှင်းဆီပန်းပင် ရှင်သန်ရပ်တည်ဖို့နဲ့ ပန်းပွင့်လှလှဖြစ်ဖို့အတွက်အလွန်ကို အရေးကြီး တဲ့အချက်ဖြစ်ပါတယ်။ နှင်းဆီပန်းပင် ကိုင်းရှင်းတဲ့အခါ အပင်မှာအတက်တွေ ထွက်နိုင်တဲ့ နေရာရဲ့အောက်က နှစ်ကိုင်းလောက်ကို ချန်ထားပြီးတော့ ညှပ်ရမှာဖြစ်ပါတယ်။ သို့မှသာ ထွက်လာ တဲ့အတက်တွေက သန်မာပြီး ရောင်းတန်းဝင်တဲ့ အပင်တွေဖြစ်လာမှာပါ။ ကိုင်းသင်ပြီး တစ်လခွဲခန့် ကြာတဲ့အချိန်မှာတော့ ပန်းတွေစတင် ဖူးပွင့်လာပါမယ်။ ပန်းခူးခြင်းနဲ့ ကိုင်းသင်ခြင်းကို နောက်ပိုင်း မှာ အတူတူ လုပ်ဆောင်လာရမှာပဲ ဖြစ်ပါတယ်။ ပန်းခူးတဲ့အခါမှာ ပန်းပွင့်ရဲ့ အောက်မှာရှိတဲ့အတက် လေးငါးဆစ်ပါအောင် ခူးပေးရမှာဖြစ်ပါတယ်။ ထိုအခါမှသာ သန်စွမ်းတဲ့ကိုင်းတွေ ထွက်ပြီးတော့ ဖူးပွင့်မှာဖြစ်ပါတယ်။

              နှင်းဆီပင်ကို တစ်နှစ်မှာတစ်ကြိမ်ခန့် အစာကြီးကျွေးရပါတယ်။ ထိုအချိန်တွင် အာဟာရ ဓာတ် စုံလင်စွာပါဝင်ပြီး အသင့်တင့်သောမြေဆီလွှာ အစိုဓာတ်မှာပင်ပျော်ဝင်နိုင်သော မြေဩဇာကို ထည့်သွင်းပေးရပါမည်။ နှင်းဆီပန်းတွေကို ကိုင်းထိုးပြီးတော့ စိုက်ပျိုးလေ့ရှိပြီး ကိုင်းတွေကို (၄-၆) လက်မ အရှည်ခန့်ကိုဖြတ်ပြီး ပျိုးအိတ်ထဲမှာထည့်ပြီး စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။ မိုးရာသီမှာ တော့ မြေထုပ်စည်းပြီးတော့လည်း မျိုးပွားနိုင်ပါတယ်။ နှင်းဆီပန်းကတော့ နေ့စဉ်ဝင်ငွေရနေတဲ့ပန်း ဖြစ်ပြီးတော့ သုံးနှစ်အထိပန်းတွေကို ခူးဆွတ်နိုင်ပါတယ်။ နှင်းဆီစိုက်ပျိုးရေးတွင် ရေပေးခြင်းသည် အရေးကြီးသည့်အချက် တစ်ချက်ဖြစ်ပါသည်။ ရေပေးမှုမမှန်ကန်ပါကအပင်ဖြစ်ထွန်းမှု နည်းစေ သည်။ နှင်းဆီပင်မှာ ကိုင်းဖျားခြောက်မှိုရောဂါ၊ ကြီးပေါင်းရောဂါ၊ ဖာဥမှိုရောဂါနဲ့ နှင်းဆီ ကွက်ပျောက်မှိုရောဂါတို့ ကျရောက်တတ်ကျရောက်တက်၍ အထူးဂရုစိုက်သင့်ကြောင်း စိုက်ပျိုးနည်းစနစ်မှန်ကန်ပြီး အပင်ပြုစုယုယမှုကောင်းမွန်ပါက စီးပွားဖြစ်ထွန်းကြောင်း သိရှိရသည်။

DOCA(မန္တလေး)