
သမုန်းဖူး(သမားမုန်းဖူး)ဆိုသည်မှာ သမုန်းပင်၏အရွက်နုအဖူးအပွင့်ဖြစ်သည်။ သမုန်းပင်မှာ နှစ် ရှည်ခံပင်ဖြစ်ပြီး အကိုင်းအခက်များ၌ အဖုအထစ်လေးများ ပါရှိတတ်သည်။ ၎င်းအဖုအထစ် လေးများကို သမုန်းကြီးပေါင်း(သမုန်းဥ) ဟုခေါ်ကြပါသည်။ သမုန်းရွက်သည် ခါးပါသည်။ အရွက်နု အဖူးအပွင့်များကို ရေနွေးဖျောပြီး အတို့အမြှုပ်ဖြင့် လည်းကောင်း၊ သုပ်စား၍ သော်လည်းကောင်း၊ ဟင်းချိုချက်သောက်ခြင်း စသည့်ဖြင့်ပြုလုပ်၍ စားသုံးနိုင်ပါသည်။
သမုန်းဖူးများကို စားသုံးပေးခြင်းအားဖြင့် သလိပ်ကပ်ခြင်း၊ ရင်ပြည့်ရင်ကြပ်၊ အကြောတက်၊ အကြောအောင့်နာကျင်ခြင်း၊ အညောင်းအညာမိပြီး ကိုက်ခဲနေသူများအနေဖြင့် ဟင်းချိုချက်သောက် ခြင်း၊ သုပ်စားခြင်းများဖြင့် သက်သာစေပါသည်။ ကျောက်ကပ်ဝေဒနာရှင်များအနေဖြင့် သမုန်းရွက်နှင့် အရိုးများကို ရေနွေးကြမ်းဖြင့် သောက်သုံးပေးပါက ဝေဒနာသက်သာပြီး ကျောက်ကပ်ကို အား ကောင်းစေပါသည်။ အသည်းရောင်အသားဝါ၊ အသည်းကြီးခြင်း၊ ဘီပိုး၊ စီပိုး အစရှိသည့် အသည်း ရောဂါများအတွက် သမုန်းရွက်ကို သုံးခွက်တစ်ခွက်တင် ကျိုချက်၍ လက်ဖက်ရည် ပန်းကန်လုံးစာနှင့် တစ်နေ့လျှင် သုံးကြိမ် တစ်ပတ်ကြာ သောက်သုံးပေးပါက ဝေဒနာကို သက်သာပျောက်ကင်းစေသည်ဟု ဆိုပါသည်။ မျက်စိနာခြင်း၊ မျက်စိအောင့်ခြင်း အစရှိသည့် မျက်စိနှင့်သက်ဆိုင်သော ဝေဒနာများ အတွက် သမုန်းကြီးပေါင်း(သမုန်းဥ)ကို သွေးပြီး မျက်လုံးတစ်ဝိုက်လိမ်းပေးခြင်းဖြင့် သက်သာစေပါသည်။ သတ္တုဓာတ်များ၊ ဗီတာမင်များနှင့် အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ပြည့်ဝဆီပါဝင်မှု နည်းပါးသည့်အတွက် ကျန်းမာရေးအကျိုးကျေးဇူးကောင်းများစွာကို ရရှိစေနိုင်ပါသည်။
DOCA(မကွေး)
