
ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ စပါး၊ ပဲ၊ ပြောင်းသီးနှံများအပြင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန် သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ မြစ်သားမြို့နယ်အတွင်း မိုးကြက်သွန်နီ စိုက်ဧက (၃၄၃၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး မိုးကြက်သွန်နီရိတ်ဧက(၁၅၀၀)ကျော်ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာများ၏ စာရင်းများအရ သိရှိပါသည်။ အများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ သိုတန်၊ ဆင်းကွတ်၊ မယှက်ကျေးရွာများဖြစ်ပါသည်။ စိုက်ပျိုးမှုအနေဖြင့် ကြက်သွန်ကို ပျိုးထောင်ပြီး(၄၅)ရက်သားပျိုးပင်များကို စိုက်ပျိုးရန် အသင့်ပြုလုပ်ထားသော စိုက်ဘောင်များသို့ ရွှေ့ပြောင်းစိုက်ပျိုးရပါသည်။
အများဆုံး စိုက်ပျိုးသော မျိုးများမှာ ရွှေဖလားမျိုး၊ ရွှေဖလား ထိပ်မောက်မျိုးများကို စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီ (၁)ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၅) သိန်းကျော် ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့်(၁)ဧက အထွက်နှုန်း (၂၅၀၀)ပိဿာ ကျော်ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ် မိုးကြက်သွန်နီ စျေးနှုန်းအနေဖြင့် အကြီး၊ အလတ်၊ အသေးအရော (၁)ပိဿာလျှင်(၂၈၀၀-၃၀၀၀) ကျပ် အထိစျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် နှုတ်ပြီး (၅၀)သိန်းကျော် မြတ်ခဲ့ကြောင်း၊ လက်လီကြက်သွန်နီ(မိုး)အကြီး (၁)ပိဿာလျှင် (၄၀၀၀) ကျပ်၊ အလတ် (၁)ပိဿာလျှင်(၃၅၀၀)ကျပ်၊ အသေး (၁)ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ မိုးကြက်သွန်နီရောင်းဝယ်မှုအနေဖြင့် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ မြို့ပေါ်ပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ မိုးကြက်သွန်သည် ဆောင်းကြက်သွန်ထက် အထွက်နှုန်း အနည်းငယ်လျော့ကြောင်း၊ ယခုနှစ် ကြက်သွန်နီ ထွက်ရှိချိန်တွင် စျေးနှုန်းများ ကောင်းမွန်သောကြောင့် တောင်သူများအကျိုးအမြတ် ဖြစ်ထွန်းကြောင်း၊ (၄-၅)ဧက စိုက်ပျိုးထားသော တောင်သူများအနေဖြင့် သိန်းရာချီမြတ်ကြောင်း မိုးကြက်သွန်နီ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)
