
သပွတ်သီးဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ စိုက်ပျိုးစားသုံးနေကြတဲ့ အသီးတစ်မျိုး ဖြစ်ပြီး သပွတ်သီးကို နုတဲ့အချိန်မှာ ချက်ပြုတ်စားသောက်လို့ရပြီး အသီးကရင့်လာတဲ့အချိန်ကျရင် အရောင်ရင့် လာပြီးအမျှင်တွေယှက်နေတဲ့ သပွတ်အူကို ပန်းကန်ဆေး၊ အိုးတိုက်တဲ့ အစအဖြစ် အသုံးပြုကြ ပါတယ်။ သပွတ်သီးဟာ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင်အေအပြင် ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဗီတာ မင် B6၊ ဗီတာမင်စီတို့လည်း ပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ အာဟာရ ဓါတ်တွေနဲ့ အဆီဓါတ်၊ သတ္ထုဓါတ်တွေပါဝင်တဲ့သပွတ်သီးဟာ စွယ်စုံအသုံးဝင်တဲ့ သဘာဝပစ္စည်းဖြစ် ပါတယ်။ အလှအပရေးရာမှာဆို အရောင်ကျစေဖို့နဲ့ အသားအရေအဆိပ်ထုတ်ဖို့ သပွတ်သီးအမှုန့်ကို အလှကုန် ပစ္စည်းတွေမှာသုံးကြပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေး ထိန်ရင်လည်း သပွတ်သီးက အကျိုးပြု ပါတယ်။ ကလေးငယ်ရှိတဲ့မိခင်တွေမှာလည်း နို့ထွက်များစေတယ်လို့ ဆိုပါတယ်။ တခါတရံ ကျရင် သပွတ်သီးအတွင်းသားကို အရေပြားမှာပွတ်ပေးရင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသား အရေ ကို ဝင်းလက်စေတယ်လို့ပြောကြပါတယ်။
သပွတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ သွေးတွင်းသကြားဓါတ်ကို လျော့ကျ စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်ကိုကျဆင်းစေပြီး ခန္ဓာ ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ သပွတ်သီးမှာပါတဲ့ ဗီတာမင် အေကြောင့် မျက်စိမြင်လွှာယိုယွင်းခြင်းကို ကာကွယ်ပေး၍ မျက်စိနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကာကွယ်ပေး နိုင်ပါတယ်။ နှလုံးကျန်းမာရေးအတွက်ကောင်းစေပြီး၊ ဗီတာမင်အေပါဝင်သောကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး နှလုံးရောဂါအန္တရာယ်ကို လျော့နည်းစေပါတယ်။ ဆီးချို ရောဂါကိုကာကွယ်ပေးပြီး မဂ္ဂနိစ်က အစာချေဖျက်ပေးတဲ့အင်ဇိုင်းတွေကို ထုတ်ပေးရာမှာ အရေးပါ သလို အင်ဆူလင်စွန့်ထုတ်မှုကိုမြှင့်တင်ပေးပါတယ်။ သပွတ်သီးတွင် ပါဝင်တဲ့ ပိုတက်စီယမ်က ကြွက်သားကိုပြေလျော့စေပါတယ်။ ပိုတက်စီယမ်ချို့တဲ့ရင် ကြွက်တက်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနဲ့ အကြောဆွဲခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဗီတာမင်စီက အရေပြားကျန်းမာရေး အတွက်ကောင်းပြီး အသားအရေခြောက်သွေ့မှု၊ အရေးအကြောင်းဖြစ်ခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းတို့ကို တားဆီးပေးကြောင်း စသည်ဖြင့် သပွတ်သီးရဲ့ ဆေးဖက်ဝင်ပုံကို လေ့လာသိရှိရသည်။
DOCA(မန္တလေး)
