သမုန်းပွင့်(သို့မဟုတ်) သမားမုန်းပွင့်ဈေးနှုန်းနှင့်အကျိုးကျေးဇူး

Powered by Drupal
Fri, 01/23/2026 - 15:22 -- consumer_admin

    သမုန်းပင်သည်မြန်မာနိုင်ငံအထက်ပိုင်းနှင့် အညာဒေသများတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ ပင်စည်သည်လုံးပတ်ကြီးပြီး မီးခိုးရောင်ရင့်ရင့်ရှိပါသည်။ အပူဒဏ်ကိုခံနိုင်ရည် ရှိပြီးကျောက်စရစ်ဆန်သော မြေသားတွင်ပေါက်ရောက်သည်။ အရွက်သည်ငယ်စဉ်မှာ သေးသွယ်ပြီး အပင်ကြီးလာချိန်တွင်ဘဲဉပုံပြောင်းလဲလာပါသည်။ သမုန်းပွင့်သည် အစုလိုက်အပြုံလိုက်ပွင့်တတ်ပြီး အရောင်သည်အစိမ်းနုရောင်ဖြစ်သည်။ အသီးသီးတတ်ပြီးအသီးသည် လုံးဝန်းသောပုံစံရှိပါသည်။ သမုန်းပင်၏အရွက်၊ အမြစ်၊ အပွင့်အားလုံးလိုလိုသည် ဆေးဖက်ဝင်ပါသည်။ သမုန်းပင်၏ အစိတ် အပိုင်းထဲတွင် ခန္ဓာကိုယ်ကိုအကျိုးပြုသော အာဟာရဓာတ်များဖြစ်သည့် ဖလေဗာနွိုက်၊ တန်နင်၊ ဖီနောလ်၊ ဆာဗိုနင်၊ အယ်လ်ကာနွိုက်တို့ပါဝင်သလို သတ္ထုဓာတ်များအနေဖြင့် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ ခရိုလ်မီယမ်၊ ဇင့်ဓာတ်များစွာပါဝင်ပါသည်။ ခါးသက်သက်အရသာရှိသော သမုန်းရွက်နှင့် သမုန်းဖူးကိုစားသုံးပေးခြင်းဖြင့် ချွဲသလိပ်များကို ကြေစေနိုင်ခြင်း၊ ရင်ပြည့်၊ ရင်ကယ်၊ အစာမကြေခြင်းများကိုသက်သာစေခြင်း၊ အညောင်းမိခြင်းကို သက်သာစေခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း၊ ကျောက်ကပ်ကိုကျန်းမာ စေခြင်း၊ မျက်စိကျန်းမာစေခြင်း၊ ချောင်းဆိုးသက်သာစေခြင်း၊ အဖျားသက်သာစေခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာစေခြင်းနှင့်ဖောရောင်ခြင်းများကို သက်သာစေနိုင်ပါသည်။ ပူရှိန်းရှိန်းရှိသည့် သမုန်းဉ၊ အခေါက်နှင့်အမြစ်များသည် ကြွက်သားနာခြင်းကိုသက်သာစေခြင်း၊ ဝက်ခြံသက်သာစေခြင်း၊ မျက်စိနာသက်သာစေခြင်း၊ ခြေဖျားလက်ဖျားအေးခြင်းကိုသက်သာစေ ခြင်း နှင့်ညောင်းကိုက်ခြင်းများကိုသက်သာစေနိုင်ပါသည်။ ထို့ကြောင့် သမုန်းပင်၏အစိတ်အပိုင်း အားလုံး သည် ဆေးဖက်ဝင်သောကြောင့် ရှေးလူကြီးများက သမုန်းပင်ကို သမားတော်မုန်းသောအပင်ဟု တင်စား ခေါ်ဝေါ်လေ့ရှိကြောင်း သိရသည်။ မြင်းခြံမြို့အေးမြသီတာဈေးတွင် သမုန်းပွင့်ပြုတ်ပြီးသား (၁၀) ကျပ် သားလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)