ထုတ်လုပ်ကုန်စည်ဈေးကွက်ဝင်ဖို့ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစို့

Powered by Drupal
Mon, 01/19/2026 - 12:58 -- consumer_admin

 

          ကုန်အညွှန်းအမှတ်အသား ဆိုသည်မှာမြင်လျှင် တွေ့လျှင် သိရှိစေရန်၊ နားလည်စေရန် အသုံးပြု တတ်စေရန် စသည်တို့အတွက် ဖော်ညွှန်းထားခြင်းဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် လစဉ် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များနှင့် ဈေးကွက်မရောက်မီ ထုတ်လုပ်နေသောကုန်စည်များကို ဈေးကွက်စစ်ဆေးခြင်းများ၊ စားသုံးသူကာ ကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းများ  ဆောင်ရွက်လျက်ရှိရာ ယခုအခါစားသုံးသူများသည် အသိ ပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနေပြီဖြစ်ပါ၍ ကုန်စည်နှင့် ဝန်ဆောင်မှုများ ကိုအသုံးပြု ရာတွင် လုပ်ငန်းရှင်ထံမှ မှန်ကန်သော သတင်းအချက်အလက် အထွေထွေဗဟုသုတများကို လေ့လာပြီး မှသာဝယ်ယူ၊ရယူ သုံးစွဲမှုများ၊ များပြားနေပြီဖြစ်သည့်အတွက် လုပ်ငန်းရှင်များ ဘက်မှ မိမိထုတ်လုပ် လိုက်သော ကုန်စည်၊ ရောင်းချဖြန့်ဖြူးနေသော ကုန်စည်၊ ဝန်ဆောင်မှုများသည် မှန်ကန်ရိုးရှင်းမှုရှိသော  စားသုံးသူများလိုအပ်ချက်နှင့် စိတ်ကျေနပ်မှုရှိစေသော မှန်ကန်သောသတင်း အချက်အလက်များကို မျှဝေပေးခြင်းဖြင့် မိမိ၏ကုန်စည်များကို စားသုံးသူ၊ ဝယ်ယူသူနှင့် အသုံးပြုသူများ စိတ်ချယုံကြည်မှုနှင့်ဘေးကင်းလုံခြုံမှုရှိစေရန် ဆောင်ရွက်သင့်ပေသည်။ ကုန်စည်တစ်ခု၏ မှန်ကန်သော သတင်းအချက် အလက်ဆိုသည်မှာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိရပါမည်။ ကုန်အညွှန်းအမှတ်အသား ဆိုသည်မှာ ကုန်စည်(သို့)ကုန်စည်ထုတ်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့် ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက်(သို့)အမှတ်အသားကိုဆိုလိုပါသည်။ လုပ်ငန်းရှင်သည် အစားအသောက်၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုးတို့မှ ကုန်စည်တစ်ခုကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ပြုလုပ်ဆောင်ရွက်ရာတွင် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော စာလုံးအရွယ်အစား ဖြစ်ရပါမည်။ ကုန်စည်အမျိုးအစားနှင့် အရွယ်အစားပေါ် အခြေခံ၍ဖော်ပြရန်လိုအပ်သည့် အချက်အလက်များကို စားသုံးသူထံသို့ လက်လီရောင်းချမည့် ကုန်စည်၏ထုတ်ပိုးပစ္စည်းပေါ်တွင် ဖော်ပြရပါမည်။ ကုန်ပစ္စည်း အပေါ်တွင် အချက် လက်များဖော်ပြရန် မဖြစ်နိုင်ပါက ကုန်စည်အမျိုးအစားနှင့်စပ်လျဉ်းသည့် လက်ကမ်း စာစောင်သို့မဟုတ် အညွှန်းတို့ဖြင့် ဖော်ပြပြီးကုန်စည်နှင့်အတူ စားသုံးသူသို့တပါတည်း ပေးအပ်ရပါမည်။ ပြည်ပမှတင်သွင်း ဖြန့်ဖြူးသည့် ကုန်စည်များဖြစ်ပါက ဈေးကွက်သို့ဖြန့်ဖြူးရောင်းချခြင်းမပြုမီ ကုန်စည် များတွင်အညွှန်း အမှတ်အသားများသို့ ထပ်ပိုးထပ်ကပ်ခြင်းများ သို့မဟုတ် ထုပ်ပိုးပစ္စည်းအသစ်များ အသုံးပြု၍ ဆောင်ရွက်ခြင်းများ ပြုလုပ်ရပါမည်။ သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ကွပ်ကဲသည့် ကုန်စည် များအတွက် ယင်းဌာနများ၏ ညွှန်ကြားချက်အတိုင်းလိုက်နာရန်လည်း လိုအပ်ပါသည်။

          ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေတွက်နှင့်အသားတင်ပမဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ အသုံးဝင်ပုံ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ထုတ်လုပ်မှုအမှတ်စဉ် ပြည်တွင်းသို့ တင်သွင်းလာသော ကုန်စည်ဖြစ်ပါက တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့် လုပ်ငန်း အမည်နှင့် လိပ်စာ၊ ပြည်ပမှကုန်စည်များ တင်သွင်းပြီးပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည် တွင်ပါဝင် သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများပမာဏ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထား သော အချက်အလက်များကိုလည်း ဖော်ပြပေးရန် လိုအပ်ပေသည်။၎င်းကုန် အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြပေးရန်လည်း လိုအပ် ပေသည်။  ထိုသို့ပြုလုပ်ခြင်းအားဖြင့် မိမိတို့ထုတ်လုပ်လိုက်သော ကုန်စည် များသည် စားသုံးသူ ဝယ်ယူ အသုံးပြုသူများ၏ စိတ်ချယုံကြည်မှုတို့ကိုရရှိစေပြီး ဈေးကွက်အတွင်း တွင်ကျယ်စွာ ဆောင်ရွက်နိုင်မည် ဖြစ်သကဲ့သို့ တာဝန်ယူတာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးဖြစ်စေရန် ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်သင့်ပေသည်။ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါကစားသုံးသူ သတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေး စင်တာများဖွင့်လှစ် ထားရှိပြီး ဆောင်ရွက်ပေးသကဲ့သို့ စားသုံးသူနှင့် လုပ်ငန်း ရှင်များအား ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသောကုန်စည်များကို ဖြန့်ဖြူးရောင်းချရာတွင် အထက်ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်သကဲ့သို့ လိုအပ်ပါက Consumer Call Center No.1535 သို့ခေါ်ဆို၍မိမိသိလိုသည့် အကြောင်းအရာများကို မေးမြန်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

DOCA(မကွေး)