ပခုက္ကူချည်ထည်ဝါဒ စောင်

Powered by Drupal
Wed, 01/14/2026 - 14:33 -- consumer_admin

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် လက်မှုပညာဖြစ်သော ယက္ကန်းလုပ်ငန်း ဖြင့် အသက်မွေးကြကြောင်း၊ ယက္ကန်း လုပ်ငန်းများထဲတွင်  ပခုက္ကူချည်ထည် ဝါဒစောင်သည် လူ ကြိုက်များသော စောင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ဝါဒ ချည်ထည်စောင်ကို အမှတ်(၁၄)၊ အမှတ်(၁၅) ရပ်ကွက်များနှင့် ပခုက္ကူမြို့နယ် အနီးနားရှိ ကျေးရွာများတွင် အများဆုံးရက်လုပ်ခဲ့ ကြသည်။ ယခုအခါတွင် ဝါဒစောင်ရက် လုပ်မှုမှာအလွန်နည်းလာကြောင်းတွေ့ရှိရပါသည်။

          ပခုက္ကူ ဝါဒစောင် ရက်ခတ်သည့် အတတ်သည်လည်း ဝါဒစောင် ရက်လုပ်သော အတတ်ပညာ တစ်ရပ်ဖြစ်ပြီး ပခုက္ကူ တစ်မြို့တည်းသာရက်လုပ်၍ ပခုက္ကူဝါဒစောင်ဟု ခေါ်ကြ သည်။ ဝါဒစောင်မှာ အသားနှစ်ထပ်ခတ်ရသည့်အတွက် နှစ်ထပ်စောင်ဟုလည်း ခေါ်ကြသည်။ ဝါဒစောင်မှာ ရိုးရာ ရက်ကန်းပညာနှင့် ခေတ်မီရက်ကန်းပညာနှင့် ပေါင်းစပ်ကာ ထူးခြားစွာတီထွင်ကြံဆရာမှ ပေါ်ထွက် လာသော ချည်စောင် အမျိုးအစားလည်းဖြစ်ပါသည်။

          ပခုက္ကူဝါဒစောင်ဖြစ်ပေါ်လာရခြင်းအကြောင်းအရင်းမှာ (၁၈၂၇)ခုနှစ်တွင် ဂျွန်ခရောဖွတ် သည် အင်းဝနေပြည်တော်သို့  သံတမန်အဖြစ်ဆောင်ရွက်ရန် ဧရာဝတီမြစ်အတိုင်းဖြတ်သွားစဉ်  မှတ်တမ်းတင်ထားခဲ့ရာမှ ပခုက္ကူ ဒေသထွက်ချည်ထည်၊ ပိုးထည် အမြောက်အများဖြစ်ပြီး  အတွင်း ဘက်ကျောထောက် နောက်ခံရွာများမှ ထုတ်ကုန်အဖြစ် ရက်လုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ ပခုက္ကူ ဝါဒစောင်ကို စတင်တီထွင်ခဲ့သူမှာ ဝင်းမြန်မာရက်ကန်းရုံပိုင်ရှင် ဦးဝင်း ဖြစ်သည်။ ဦးဝင်းသည် အဆင်ဒီဇိုင်းလှ၍ ဆေးရောင်ခိုင်ခန့်သည့်  အသားနှစ်ထပ်စောင်ကို (၁၉၃၈)ခုနှစ်တွင် စတင်ရက်လုပ် ခဲ့သည်။ မြန်မာ့ရက်ကန်းစင် တွင် နှပ်(၈)လွှား၊ ဝါး(၈)လုံး တပ်ဆင်ထားသည့် အပြင် လွန်းပြောင်းကို ပါ တီထွင်ခဲ့ပါသည်။ လွန်းပြောင်းမပေါ်မီက တစ်နေ့လျှင် စောင်တစ်ထည်သာပြီး၍ လွန်ပြောင်း တီထွင် အပြီးတွင် တစ်နေ့လျှင် စောင် (၄)ထည် ရက်လုပ်နိုင်ခဲ့ပါသည်။

          ဦးဝင်းသည် နှစ်ထပ်စောင် ရက်လုပ်အပြီးတွင် စောင်အမည်ကို မပေးရသေးဖြစ်နေပြီး နန်းတော်ရှေ့ဆရာတင်၏ သူဌေးဝါဒသီချင်းထွက်ပေါ်လာခဲ့ရာမှ သူဌေးဝါဒသီချင်းကို သဘောကျ၍ စောင်အမည်ကို သူဌေးဝါဒဟုအမည်ပေးရာမှ ကာလကြာလာသည်နှင့်အမျှ ဝါဒစောင် ဟုခေါ်လာ ကြပြီး ပခုက္ကူတွင်ရက်လုပ်သောကြောင့် ပခုက္ကူဝါဒစောင်ဟုခေါ်တွင်လာကြသည်။

ဝါဒစောင်၏ ထူးခြားချက်မှာ  အဆင်ဒီဇိုင်းလှ၍ အရောင်အသွေးမပျက်ဆေးရောင်ခိုင်ခန့်၍ ကြာရှည်ခံသည့် စောင်အမျိုးအစားလည်းဖြစ်ပါသည်။ ယခင်က ဝါဒစောင်ရက်လုပ်ရာတွင် တိုင်ချည် ကို (၂/၂၀)ချည်ကိုတိုင်၍ ဖောက်ချည်ကို မြန်မာ့ဝါကြီးလက်ငင်ချည်ကိုအသုံးပြုခဲ့ပြီး ခေတ်မီတိုး တက်လာသည်နှင့် အမျှ ဖောက်ချည်ကို (၇)ချည်)၊(၁၀)ချည်နှင့် သွေးမွှေးများကို ဖောက်ချည်အ ဖြစ်အသုံးပြုလာကြောင်း ရက်ကန်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

          ဝါဒစောင်ကိုရက်လုပ်ရာတွင် အဆင်ဒီဇိုင်းအကွက်တိုင်းတွင်အထက်တစ်လွှာနှင့် အောက်တစ် လွှာဖြင့် အသားနှစ်ထပ်ပါရှိပြီး အထက်လွှာနှင့် အောက်လွှာအရောင်မှာ မတူဘဲ တစ်ရောင် စီဖြစ်ပြီး ကွဲပြားနေကြောင်းတွေ့ရှိရပါသည်။ ဝါဒစောင်ရက်လုပ်ရာတွင် နှပ်(၈)လွှားနှင့် ဝါးလုံး(၈)လုံးဖြစ်ပြီး လွန်းကို အရောင်မျိုးစုံဖြင့် ခတ်ရကြောင်းသိရှိရပါသည်။

          ပခုက္ကူဝါဒစောင်ဈေးနှုန်အနေဖြင့် တစ်ထည်လျှင် ကျပ် (၆၅၀၀၀)ဖြစ်ပြီး မြန်မာပြည်အနှံ့ အပြားသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း ရက်ကန်းလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)