
ကချင်ပြည်နယ်၊မိုးညှင်းမြို့သည် ရာသီဥတုကောင်းမွန်ခြင်း၊ မြေဆီမြေလွှာကောင်းမွန်ခြင်းနှင့် ရေလုံလောက်စွာ ရရှိသော ဒေသဖြစ်ပါသည်။ မိုးညှင်းမြို့တွင် စိုက်ပျိုးသော ပန်းဂေါ်ဖီသည် အရည်အသွေးကောင်းမွန်ပြီး ဒေသတွင်းသာမက ပြည်နယ်တွင်းဈေးကွက်များအထိ လူသိများ လာခဲ့ပါသည်။ ပန်းဂေါ်ဖီသည် ရေဝပ်ခြင်းကို မကြိုက်သော်လည်း မြေအစိုဓာတ်ကောင်းစွာ ရှိခြင်းကို ကြိုက်နှစ်သက်သည်။ ပန်းဂေါ်ဖီစိုက်မည့်မြေတွင် တစ်ဧကလျှင် နွားချေး လှည်းဆယ်စီး၊ ဆယ့်ငါးစီးခန့်နှင့် မြေဆွေးများသမအောင် ရောမွှေ၍စိုက်ပျိုးရပါသည်။ တစ်ဧကလျှင် မျိုးစေ့ နို့ဆီဗူး(၁)ဗူး အသုံးပြုရသည်။ မျိုးစေ့မှ ပျိုးပင်ငယ်လေးရရှိရန်(၄၅)ရက် ကြာမြင့်သည်။ ပျိုးပင်ပေါက်လေးများ ထွက်ရှိပြီး(၁၀)ရက်ခန့်ကြာမြင့်လျှင် ဓာတ်မြေဩဇာ ဖြန်းပေးရပါသည်။ ပန်းဂေါ်ဖီများကို ရက်ပေါင်း၉၀မှ၁၃၀အတွင်း ခုတ်ယူနိုင်ပါသည်။
တောင်သူလယ်သမားများသည် အထူးသဖြင့် ဆောင်းရာသီကာလတွင် ပန်းဂေါ်ဖီစိုက်ပျိုးမှု ကို အဓိကထားလုပ်ကိုင်ကြပါသည်။ ထွက်ရှိလာသော ပန်းဂေါ်ဖီများမှာ အရွယ်အစား တင့်တယ်ပြီး အရောင်ဖြူစင်သန့်ရှင်းကာ အရသာချိုမြိန်မှုကြောင့် စားသုံးသူများနှစ်သက်သော သီးနှံတစ်ခု ဖြစ်လာခဲ့ပါသည်။ မိုးညှင်းမြို့ရှိ ပန်းဂေါ်ဖီများကို ဒေသတွင်းဈေးကွက်အပြင် မြစ်ကြီးနား၊ ဖားကန့်သို့တင်ပို့ရောင်းချပါက အကျိုးအမြတ် ပိုမိုခံစားရမည်ဖြစ်ပါသည်။ ပန်းဂေါ်ဖီသေးတစ်ပွင့် လျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိ၊ အလတ်တစ်ပွင့်လျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ၊ အကြီးတစ်ပွင့်လျှင် ၁၂၀၀ကျပ်မှ၁၅၀၀ကျပ်ထိရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ် စုစုပေါင်းသိန်း (၂၀)ခန့် ကုန်ကျပြီး၊တစ်ဧကလျှင်ကျပ်(၃၅)ခန့်ရရှိ၍ အကျိုးအမြတ်အနေဖြင့်(၁၅)သိန်းခန့် ရရှိကြောင်းပန်ဂေါ်ဖီစိုက်ပျိုးရောင်းချသည့်တောင်သူထံမှသိရှိရပါသည်။ လမ်းခရီးပိုမို အဆင်ပြေ ချောမွေ့ပါက ယခုတင်ပို့သည်ထက် ပိုမိုတင်ပို့နိုင်ပြီး အကျိုးအမြတ် ပိုမိုရရှိမည် ဖြစ်ပါသည်။
DOCA(ကချင်)
