
မြန်မာနိုင်ငံတွင် ပဲပုတ်သီးနှံကိုမုန့်မျိုးစုံ၊ စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ရန်နှင့် ပဲပုတ်ဆီ ထုတ်လုပ်၍ ဟင်းချက်ရာတွင် အသုံးပြုရန်အတွက် စိုက်ပျိုးကြပါသည်။ မိုးညှင်းခရိုင်တွင် ယခင်က ဆောင်းပဲပုတ်သာ စိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် မျိုးအဖြစ်အသုံးပြုရန်အတွက် မိုးပဲပုတ် ကို စိုက်ပျိုးလာကြပါသည်။
စိုက်ပျိုးချိန်
မိုးပဲပုတ်ကို ယာခင်းများတွင် ဆောင်းပဲပုတ်စိုက်ရာတွင် မျိုးအဖြစ် အသုံးပြုရန်နှင့် ပိုလျှံသည်များကို စားသောက်ကုန်လုပ်ငန်းများသို့ ရောင်းချပြီး မန္တလေးဈေးကွက်သို့လည်း တင်ပို့ ရောင်းချကြသည်။ မိုးပဲပုတ်ကို ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စိုက်ပျိုးကြပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြပါသည်။ မိုးညှင်းခရိုင်အတွင်း ဧက ၂၅၃၁ ရိတ်သိမ်းပြီးကြောင်း သိရှိရပါသည်။
မြေပြင်ဆင်ခြင်း
ပဲပုတ်စိုက်ပျိုးရန်အတွက် ထည်(၁)စပ်၊ ထွန်(၂)စပ်ဝင်ပြီးနောက် တစ်တန်းနှင့်တစ်တန်း ၂ပေ ခွာ၍ စိုက်မြောင်းများဖော်ပြီး တစ်ပင်နှင့်တစ်ပင် ၁ပေခွာ၍ စိုက်ပျိုးကြပါသည်။ ၁ဧကလျှင် မျိုးစေ့(၁)တင်းနှုန်း အသုံးပြုပြီး ပဲမြစ်ဖူးဇီဝမြေဩဇာလူးနယ်ပြီး စိုက်ပျိုးကြပါသည်။ မိုးညှင်းခရိုင်အတွင်း ရေဆင်း(၆) ၊ရေဆင်း(၁၁)၊ရေဆင်း(၁၅)မျိုးများ စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပဲပုတ်ပင်များ အပင်ပေါက်ပြီး ရက်(၃၀)ကြာသောအခါ သွင်းအားစုများ ထည့်သွင်း ပေးရပြီး ရက်(၆၀)သားတွင် ပန်းပွင့်ပြီးရက် ၉၀/၁၀၀ရှိသောအခါ အစေ့များ ရင့်မှည့် လာသည်။
ရိတ်သိမ်းခြင်း
ပဲပုတ်သီးတောင့်များ အညိုရောင်သန်းလာသောအခါ ရင့်မှည့်ပြီဖြစ်၍ ရိတ်သိမ်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ပဲသီးတောင့်များ ရင့်မှည့်လွန်သောအခါ ကွဲအက်လွှင့်စင်တက်ပြီး မရင့်မှီ ရိတ်သိမ်းပါကလည်း အစေ့များ အစိမ်းရောင်ဖြစ်တတ်သောကြောင့် ရင့်သည်နှင့် ရိတ်သိမ်း ရပါသည်။ ရိတ်သိမ်းပြီးနောက် အနေတော်စီး၍ အမြစ်များအား မိုးပေါ်ထောင်ကာ နေလှန်းရပြီး ခြောက်သောအခါ ခြွေလှေ့စက်ဖြင့် ခြွေလှေ့သန့်စင်ရပါသည်။ ပဲပုတ်တစ်ဧကလျှင် အထွက်နှုန်း ၁၄တင်းကျော် ထွက်ရှိကြောင်း သိရှိရပါသည်။
စားသုံးခြင်းနှင့် အသုံးပြုပုံ
ပဲပုတ်စေ့ကို ဆီကြိတ်၍ စားသုံးဆီအဖြစ် စားသုံးနိုင်သော်လည်း ဒေသတွင်းစားသုံးမှု နည်းပါးနေကြောင်း သိရှိရပါသည်။ ပဲပုတ်ကို အမှုန့်ပြုလုပ်၍ မုန့်မျိုးစုံ ပြုလုပ်ရာတွင် အသုံး ပြုခြင်း၊ ပဲနို့ရည်၊ အသားတု၊ ပဲပုတ်ခြောက်၊ တို့ဟူး၊ ဆီတို့ဟူး၊ ပဲပုတ်စေ့လှော် စသည့် စားသောက်ကုန် အမျိုးမျိုးအဖြစ် ပြုလုပ်ရာတွင်လည်းအသုံးပြုနိုင်ပါသည်။ ပဲပုတ်ဆီကို စားသုံးဆီအဖြစ်သာမက ပိုးသတ်ဆေး၊ဆပ်ပြာ၊ အိတ်သုတ်ဆေး၊ ပုံနှိပ်မှင်နှင့် ဆေးဝါးထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ပဲပုတ်ဆီကြိတ်ဖတ်ကို တိရစ္ဆာန်အစားအစာအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
ဈေးနှုန်းနှင့် ကုန်စည်စီးဆင်းမှု
မိုးညှင်းခရိုင်အတွင်းမှ စိုက်ပျိုးထွက်ရှိသော မိုးပဲပုတ်များကို စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆောင်းပဲပုတ်ကို စိုက်ပျိုးသည့် တောင်သူများမှ ဝယ်ယူကြပြီး ပိုလျှံသည်များကို မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချရန်အတွက် ကုန်သည်များမှ ဝယ်ယူကြကြောင်း သိရှိရပါသည်။ ယခင်နှစ် မိုးပဲပုတ်ထွက်ရှိချိန်တွင် တစ်တင်းလျှင် ၇၀၀၀၀ဈေးရှိခဲ့ပြီးယခုနှစ်တွင် ပဲပုတ်စေ့ တစ်တင်းလျှက် ၈၀၀၀၀ဈေးရှိကြောင်း သိရှိရပါသည်။ ပဲပုတ်စေ့သည် အသားဓာတ်၃၀% မှ ၄၆% ထိပါဝင်သော သီးနှံဖြစ်ပြီး စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သဖြင့် ဒေသတွင်း များများထုတ်လုပ်ရောင်းချနိုင်ပါက တောင်သူများအတွက် အမြတ်ပိုမို ရရှိနိုင်သော သီးနှံဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ပြည်တွင်းရှိ နေရာဒေသမရွေး တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံခြားဈေးကွက်အထိပါ တင်ပို့ရောင်းချနိုင်ပါက ဈေးနှုန်းပိုမို ရရှိကာ တောင်သူများ အကျိုးအမြတ် ပိုမိုရရှိနိုင်ပါသည်။
DOCA(ကချင်)
