
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း စက်ချုပ်ပညာဖြင့် အသေးစားအထည်ချုပ်လုပ်ငန်းကို မိမိတို့အိမ်၌အလုပ်ရုံသဖွယ် စီမံဆောင်ရွက်လျက် စီးပွားရေးလုပ်ငန်း အထည်ချုပ်လုပ်ငန်းများ ရှိသည်။ ထိုအထည်ချုပ်လုပ်ငန်းများသည် ခေတ်နှင့်အညီ ဒီဇိုင်းများဖန်တီးချုပ်လုပ်၍ ဈေးကွက် အတွင်း နေရာခိုင်မာမှုရရှိထားပြီးဖြစ်သည်။ ၎င်းသည် ဒေသတွင်းစီးပွားရေး အသေးစားလုပ်ငန်း ဖြစ်၍ စိတ်ဝင်တစား ထူထောင်လုပ်ကိုင်သူများလာသည်။ တစ်ဖက်မှာလည်း အမျိုးသမီးများ မိမိတို့အိမ်နေရာဒေသမှာ အသက်မွေးဝမ်းကျောင်းနှင့်ဝင်ငွေရရှိလုပ်ကိုင်နိုင်သောကြောင့် ပိုမို လုပ်ကိုင်လာကြသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ လှိုင်ရပ်ကွက်တို့၌ အထည်ချုပ်လုပ်ငန်း (၉)ခု ရှိသည်။ ၎င်းအလုပ်ရုံများတွင် လုပ်ငန်းလည်ပတ်မှုနှင့် လုပ်သားများ၏ လုပ်အားခငွေရရှိမှုတို့၏ အကျိုးသက်ရောက်ခြင်းမှာ ဒေသတွင်းနေထိုင်ကြသော လူနေမှုနှင့်ဒေသ တွင်း စီးပွားရေးအောင်မြင်မှုတို့ကို ဖော်ဆောင်သည့် အသေးစားလုပ်ငန်းတစ်ခုလည်းဖြစ်သည်။ အဆိုပါ အထည်ချုပ်အသေးစားလုပ်ငန်းသည် ရေရှည်အတွက်လည်း အောင်မြင်မှုရှိသော လုပ်ငန်း ဖြစ်သည်။
ကုန်ကြမ်းပစ္စည်း ဝယ်ယူခြင်း
မော်လမြိုင်မြို့ အထည်ချုပ်အသေးစားလုပ်ငန်း၌ လိုအပ်သည့်ကုန်ကြမ်းပိတ်စကို ယိုးဒယား မဲဆောက်မြို့၊ မြဝတီမြို့နှင့် ရန်ကုန်မြို့ဘက်ခြမ်းမှ ဝင်ရောက်သော ပိတ်သား (စပန့်၊ ကော်တွန်၊ ပါထိုင်း)တို့ကို အသုံးပြုသည်။ ကိုက်အရေအတွက်ဖြင့်လည်းကောင်း၊ ကီလိုဂရမ်ချိန် ဈေးနှုန်းဖြင့်လည်းကောင်း ဝယ်ယူရသည်။ ဈေးနှုန်းအားဖြင့် ကီလိုဂရမ်ချိန် ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသည့် ပိတ်စ(ဗြော) ကီလို ၂၀ပါနှင့် ၅၀ကီလိုပါထိ ပိတ်စအတို/ အရှည် ရောနှော ပါသည့် ပိတ်အထုပ်များကို ကီလိုဈေးဖြင့် တစ်ကီလိုလျှင် ၅၀၀၀ကျပ်ဖြင့် အိတ်သွပ် ဝယ်ရသည်။ ထို့ပြင် ပိတ်သန့် ကိုက်တို( တစ်ကိုက်မှ ၃ကိုက်ပါ) တစ်ကီလိုကို ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ် အတွင်းရှိပြီး၊ ပိတ်သန့် ကိုက်ရှည် ၂၀ပါပိတ်စ တစ်ကီလိုဈေးဖြင့်ု ၁၉၀၀၀ကျပ်မှ ၂၂၀၀၀ ကျပ် အတွင်း ကိုက်ဈေးနှုန်းဖြင့် တစ်ကိုက်ကို ၄၅၀၀မှ ၅၀၀၀ ကျပ်အတွင်း၊ အပွင့်အဆင်၊ ကာတွန်းရုပ်အဆင်များဖြင့် ဈေးနှုန်းကွာခြားမှုရှိသည်။ ကိုက်ဖြတ်ဝယ်ယူလျှင် ဈေးနှုန်းအားဖြင့် ပိတ်စ အဆင် ကာလာစုံ၊ ဒီဇိုင်းစုံ ရွေးချယ်ဝယ်ယူ၍ ရသည်တစ်ကိုက်ကို ၄၅၀၀မှ ၅၀၀၀ကျပ် အတွင်း ပိတ်စအမျိုးအစားပေါ်မူတည်၍ ဈေးနှုန်း ကွာခြားချက်ရှိပါသည်။ ထိုပိတ်စများကို ဝယ်ယူ၍ အထည်ချုပ်လုပ်ငန်း၏ ကုန်ကြမ်းအဖြစ် အသုံးပြုခြင်းဖြစ်ပါသည်။ အခက်အခဲအနေနဲ့ ကုန်ကြမ်း ပစ္စည်းများ ယာဉ်လမ်းကြောင့် ပြတ်လပ်မှုလည်း ကြုံတွေ့ရပါသည်။ ၎င်းအခြေအနေများတွင် ပိတ်စဈေးနှုန်းများ ပြောင်းလဲမှုရှိသည်။ သို့သော် ကုန်ကြမ်းပစ္စည်းများက ဝင်လာ/ရောက်လာ သည်နှင့် အထည်ဖြစ်အောင်ချုပ် လုပ်၍ ဈေးကွက်အတွင်း အထည်ပြတ်လပ်မှုမရှိအောင် ချုပ်လုပ် ရပါသည်။
လုပ်ငန်းလည်ပတ်မှုနှင့် လုပ်သားခရရှိငွေ
အထည်ချုပ်လုပ်ငန်းဦးစီးသူမှ အထည်အမျိုးအစားခွဲ၍သတ်မှတ်ပုံဖော်ပြီး ပိတ်ဖြတ်သူ၊ မီးပူတိုက်သူ၊ အထည်ညှပ်သူ၊ အထည်ချုပ်သူ၊ အထည်ကိုအဆင့်ဆင့်ပြုလုပ်၍ ထုပ်ပိုးပြီး နောက်ဆုံး ကုန်ချောဖြစ်သော ကုန်စည်ကို ရောင်းချသူ၊ ဖောက်သည်တို့အား ဖြန့်ဖြူးရောင်းချ၍ ထိုမှတစ်ဆင့် ရပ်ကွက်ဈေး၊ မြို့နယ်ဈေးအသီးသီးတွင် ဖြန့်ချီရောင်းချသည်။
အထည်ချုပ်လုပ်သားများသည် မနက် ၇နာရီမှ ၅ နာရီအထိ အလုပ်ချိန်ကို သတ်မှတ်၍ လုပ်ကိုင်ကြသည်။ ချုပ်သည့်အထည်ပေါ်မူတည်၍ ချုပ်ထည်အမျိုးအမည်များမှာ အမျိုးသမီးဝတ်အင်္ကျီနှင့်ဘောင်းဘီရှည် (ဝမ်းဆက်)၊ အင်္ကျီနှင့်ဘောင်းဘီတို (ဝမ်းဆက်)၊ ဂါဝန်ရှည်၊ ခေါင်းစွပ် လက်တိုအင်္ကျီ၊ ခေါင်းစွပ်လက်ပြတ်အင်္ကျီ၊ ကလေးကျား/မဝတ် ဝမ်းဆက်စုံ၊ အမျိုးသားဝတ် ဂျိုင်းပြတ်စွပ်ကျယ်၊ အမျိုးသားဝတ် ဘောင်းဘီတို(ပိုးကြိုးပါ)အထည်များ၊ ဘောင်းဘီ သီးသန့် ဆိုဒ်စုံအထည်များချုပ်လုပ်သည်။ ဒီဇိုင်းဆွဲ ပိတ်ညှပ်သူမျးအနေဖြင့် ပိတ်စကို သေချာစနစ်တကျ ထားပြီးမှ ကသလောက်(အင်္ကျီပုံစံ)ကို ထပ်တူညှပ်ရသည်။ အထည်တစ်ခုလုံးတွင် ပါဝင်မည့် လိုအပ်ပစ္စည်းများကို သေချာစွာပြုလုပ်ပေးရသည်၊ အထည်ချုပ်သည့်လုပ်ငန်းတွင် အထည်ညှပ် သူများသည် ဝင်ငွေအများဆုံးရသူဖြစ်သည်၊ အထည်အရေအတွက်ပေါ်မူတည်၍ ရရှိသဖြင့် တစ်နေ့ကို လုပ်သားခရငွေ ၁၂၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်အထိရရှိသည်။ ၎င်းမှတစ်ဆင့် ချုပ်လုပ် သူထံသို့ ရောက်ရှိပြီး ရိုးရိုးအပ်ချုပ်စက်ဖြင့်သော် လည်းကောင်း၊ မော်တာအပ်ချုပ်စက်ဖြင့် လည်းကောင်း အသုံးပြု၍ အထည်ချုပ်ကြသည်။ ချုပ်ရိုးချုပ်သား ခိုင်ခံ့မှု၊ သပ်ရပ်မှု၊ အပ်ချည်မကျော်စေရန် အထည်ချုပ်ရသည် အထည်အရေ အတွက်ပေါ်မူတည်၍ အထည်ချုပ်သူလုပ်အား ခမှာ တစ်နေ့တာ လုပ်အားခရငွေ ၇၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အတွင်းရရှိသည်။ ထိုမှချုပ်ပြီးသား အထည်ကို မီးပူတိုက်၍ အချောသတ် အိတ်သွပ်ရသည် ၎င်းပြုလုပ်သူ လုပ်အားခ တစ်နေ့တာရငွေ ၆၀၀၀ကျပ်နှင့် ၈၀၀၀ကျပ်အတွင်းရရှိသည်။ လုပ်သားများအနေဖြင့် လုပ်ကိုင်မှုကွဲပြား၍ ရရှိသည့် ဝင်ငွေလည်းကွဲပြားမှုရှိသည်။
အထည်စုံနှင့်ဈေးနှုန်းအခြေအနေ
ချုပ်ထည်အမျိုးအမည်များနှင့်ဈေးနှုန်းအခြေအနေမှာ အမျိုးသမီးဝတ် စပန့်ပိတ်သား အင်္ကျီနှင့်ဘောင်းဘီရှည် (ဝမ်းဆက်) ဆိုဒ်စုံကို ကျပ် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ် ဆိုဒ်စုံ၊ စပန့်ပိတ်သား အင်္ကျီနှင့်ဘောင်းဘီတို (ဝမ်းဆက်)ဆိုဒ်စုံကို ၁၂၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်အတွင်း၊ စပန့်ပိတ်သား ဂါဝန်ရှည် (ဆိုဒ်စုံ)တစ်ထည်ကို ၁၂၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်၊ ခေါင်းစွပ်လက်တို အင်္ကျီ ၅၀၀၀ကျပ်မှ၆၅၀၀၀ကျပ်အတွင်း၊ စပန့်ပိတ်သား ခေါင်းစွပ်လက်ပြတ်အင်္ကျီ(ဆိုဒ်စုံ) ၅၀၀၀ ကျပ်၊ စပန့်ပိတ်သား ကလေးကျား/ မဝတ် ဝမ်းဆက်စုံ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ် စပန့် ပိတ်သား အမျိုးသားဝတ် ဂျိုင်းပြတ်စွပ်ကျယ် ၅၅၀၀ကျပ်၊ အမျိုးသားဝတ် ပါထိုင်း ဘောင်းဘီ တို(ပိုးကြိုးပါ) အထည် ၆၀၀၀ကျပ်မှ ၇၅၀၀ကျပ်အတွင်း ဆိုဒ်ကွာခြားမှုကြောင့် အနည်းငယ် ဈေးနှုန်း ကွာဟမှုရှိ ပြီး လက်လီ/ လက်ကား ဈေးနှုန်းအားဖြင့်လည်း တစ်ထည်နှုန်းပေါ်တွင်လက်ကားဈေးနှုန်း ၅၀၀ ကျပ်နှင့်တစ်ထောင်ကျပ် ဈေးနှုန်းလျော့သည်။
အထည်ချုပ်လုပ်ငန်း၏အကျိုးအမြတ်ရရှိမှု
အထည်ချုပ်ရုံများအနေဖြင့် ကိုယ်ပိုင်အထည်ချုပ်ရုံထူထောင်သူ လုပ်ငန်းဆောင်ရွက်မှုနှင့် ကိုယ်တိုင်ထူထောင်သူမဟုတ်ဘဲ အော်တာထည်များကိုသာ သီးသန့်ချုပ်လုပ်သည့် စက်ချုပ်ရုံများ ဖြင့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ကြသည်။ ၎င်းမှ ကိုယ်ပိုင်အထည်ချုပ်ရုံထူထောင်သူ တစ်ခု တွင် လုပ်သား(၇)ဦးနှင့် သော်လည်းကောင်း လုပ်ကိုင်သူရှိသလို၊ လုပ်သား(၇)ဦးမှ (၂၀)ဦးဖြင့် လုပ်ငန်းကိုလုပ်ကိုင်သည်များရှိသည်။ ယခုဆိုလုပ်ငန်းအတွက် ရင်းနှီးငွေ၊ လုပ်သားခပေး ရငွေတွေကို စီမံလာနိုင်ကြောင်း၊ အထည်ရောင်းရငွေနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု တစ်ခု လုံး၏ (ပိတ်စဖိုး၊ လုပ်သားခ၊ သယ်ယူပို့ဆောင်ခ၊ လိုအပ်သောပစ္စည်းများ ဝယ်ယူခြင်း) အသုံးစရိတ် တစ်လတွက်ချက်မှုများအပေါ် ပြန်လည်ရရှိသည့် အကျိုးအမြတ်မှာ တစ်လလျှင် ငွေကျပ် ၅၀၀၀၀၀ကျပ်မှ ၉၀၀၀၀၀ကျပ် အတွင်း ရရှိကြောင်းနှင့် အထည်ချုပ် ရောင်းချမှုအရေ အတွက်အပေါ်မူတည်၍ ဝင်ငွေကွာခြားမှုရှိပါကြောင်း သိရပါသည်။ ထို့အပြင် အော်တာထည် များကိုသာ သီးသန့်ချုပ်လုပ်သည့် စက်ချုပ်ရုံများအနေဖြင့် ပိတ်စဖိုးရင်းနှီးရန်မလိုဘဲ၊ လုပ်ငန်းရှင် မှ ပိတ်စပေးကာချုပ်ရသောကြောင့် အထည်အရေအတွက်ပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်ကာ ချုပ်ခကို ရရှိပြီး ထိုမှတစ်ဆင့် လုပ်သားခများကို ပေးချေရသည်။
ဈေးကွက်ဖြန့်ချိဆောင်ရွက်မှု
ထိုပစ္စည်းများသည် မော်လမြိုင်မြို့ မြိုင်ရတနာ(၂)ထပ်ဈေး၊ အောက်ဈေး၊ မြိုင်ရတနာလေး ထပ်ဈေး(အပေါ်ဈေး) ဒေါင်းမင်းရပ်ဈေး၊ သီရိမင်္ဂလာဈေး၊ ဈေးကြိုဈေး၊ မြိုင်သာယာဈေး၊ သီရိမြိုင်ဈေး၊ ရွေမြိုင်သီရိဈေး၊ အေးသာယာဈေးနှင့် ကရင်ပြည်နယ် ဘားအံမြို့ မြို့မဈေး၊ သီရိဈေး၊ အခွန်လွတ်ဈေး၊ လှိုင်းဘွဲ့မြို့၊ ကမမောင်းမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကော့ကရိတ်မြို့၊ ကမာ မောင်းမြို့နယ် အသီးသီးသို့ ဖြန့်ဖြူး ရောင်းချကြသည်။ ထို့အပြင် အခြားမြို့နယ် များသို့လည်း တင်ပို့ကြသည်။
အထည်ချုပ်နှင့်ဒေသတွင်းစီးပွားရေးအောင်မြင်မှု
ယခင်က စက်ချုပ်ပညာရပ်ကို ဝါသနာပါသူများ၊ အိမ်ထောင်ရှင် အမျိုးသမီးများ တစ်ဖက် တစ်လမ်းမှ အိမ်တွင်းကုန်ကျစရိတ် သက်သာစေလိုကြောင်း လေ့လာဆည်းပူးကြသည့် အတတ်ပညာရပ်တစ်ခုဖြစ်ပါသည်။ ယနေ့ခေတ်တွင် စက်ချုပ်ပညာဖြင့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင် လာသူ ပိုမိုများလာမှုတွေ့ရှိရပါသည်။ ထိုကဲ့သို့ အမျိုးသမီးများအနေဖြင့် မိမိတို့အိမ်တွင် မိသားစုနှင့်အတူတကွ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားစေရေး၊ မိသားစုစားဝတ်နေရေးဖူလုံရေးတို့ အတွက်ရရှိရန် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော အထည်ချုပ်လုပ်ငန်းကိုဦးစီး၍ အသေးစား စီးပွားရေးလုပ်ငန်းများကို တွယ်ကျယ်စွာလုပ်ကိုင်ခြင်းဖြစ်ပါသည်။ စက်ချုပ်ပညာသည် လူ့တို့အတွက် အလှအပဆင်မြန်းခြင်း၊ ခေတ်နှင့်အညီ ဖန်တီဆန်းသစ်ခြင်း၊ မြန်မာအမျိုးသမီများ ဘဝ၏ အသက်မွေးဝမ်းကျောင်းအတွက်လွန်စွာကောင်းမွန်ခြင်း အတတ်ပညာရပ်တစ်ခုဖြစ်သည်။
ယခင်နှစ်နှင့်နှုန်းယှဉ်ပါက အထည်ချုပ်ရုံ တိုးတက်လာမှုလည်း တွေ့ရှိရသည်။ ဈေးကွက်အတွင်း ရောင်းချသည့် အထည်ဈေးနှုန်း သက်သာသော၊ ခိုင်ခံ့သော၊ သပ်ရပ်စွာ ဝတ်ဆင်နိုင်သော အထည်ဖြစ်သည်။ ထို့ကြော့ ဒေသစီးပွားရေးဖွံ့ဖြိုးမှု တစ်ခုဖြစ်သည်နှင့်အညီ ဒေသတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေများရရှိနေသည့် တိုးတက်လာသည့် အထည်ချုပ် လုပ်ငန်းနှင့် အသေးစားအထည်ချုပ်လုပ်ငန်းဖွံဖြိုးတိုးတက်မှုမှ ဒေသတွင်းစီးပွားရေးအောင်မြင်ခြင်းတွင် မွန်ပြည်နယ် ပြည်တွင်းအထည်ချုပ်လုပ်ငန်းတိုးတက်မှုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
DOCA(မွန်)
